အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ တတိယမြောက်နေ့အဖြစ် စစ်ဆေးကြားနာမှုတွင် ဂမ်ဘီယာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လူမျိုးတုံး သတ်ဖြတ်မှုနှင့်ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သည်ဟု ဝေဖန်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ တတိယမြောက်နေ့အဖြစ် စစ်ဆေးကြားနာမှုတွင် ဂမ်ဘီယာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လူမျိုးတုံး သတ်ဖြတ်မှုနှင့်ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သည်ဟု ဝေဖန်
ဒီဇင်ဘာ ၁၂ ရက်က ICJ ၌ စစ်ဆေးကြားနာမှု ပထမပိုင်း ပြီးဆုံးချိန်တွင် တရားရုံးမှ ထွက်လာသည့်  ဒေါ်အောင်ဆန်းစုကြည်အား တွေ့မြင်ရစဉ်  (Photo: AFP)
ဒီဇင်ဘာ ၁၂ ရက်က ICJ ၌ စစ်ဆေးကြားနာမှု ပထမပိုင်း ပြီးဆုံးချိန်တွင် တရားရုံးမှ ထွက်လာသည့်  ဒေါ်အောင်ဆန်းစုကြည်အား တွေ့မြင်ရစဉ်  (Photo: AFP)
Published 12 December 2019
Ref: AFP

ဒုတိယမြောက်နေ့၌ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံး၌ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်သည်ဟူသော စွဲချက်များကို ခုခံချေပခဲ့ပြီးနောက် တတိယမြောက်နေ့ ဖြစ်သည့် ဒီဇင်ဘာ ၁၂ ရက်တွင် ဂမ်ဘီယာနိုင်ငံ က ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်တို့၏ အတိဒုက္ခများနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

အာဖရိကနိုင်ငံငယ်ကလေးဖြစ်သော ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေများက မြန်မာနိုင်ငံ၏ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးသည် သောင်းကျန်းသူများကို ပစ်မှတ်ထားသည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတစ်ရပ် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အခိုင်အမာ ပြောကြားမှုများသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ မုဒိမ်းကျင့်မှုများနှင့် အတင်းအကျပ် မောင်းထုတ်မှုများ ကျူးလွန်ခဲ့သည်ဟူသော ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲနေမှုများကို လျစ်လျူရှုခဲ့သည်ဟု ပြောကြားခဲ့သည်။

“ခင်ဗျားရဲ့ တိတ်ဆိတ်မှုက ခင်ဗျားရဲ့ စကားလုံးတွေထက် အများကြီးတာသွားပါတယ်”ဟု ဂမ်ဘီယာ၏ ရှေ့နေ ဖိလစ်ပီဆန့် က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ (ယခုအမှုတွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် တရားဝင် ဆောင်ရွက်နေသော) ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းလျက် ပြောကြားခဲ့သည်။

“မုဒိမ်းမှုဆိုတဲ့ စကားလုံးကို မြန်မာကိုယ်စားလှယ်ရဲ့ နှုတ်ဖျားကနေ တစ်ခါမှ မထွက်ပါဘူး” ဟု ဂမ်ဘီယာရှေ့နေက တရားရုံးတွင် မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ကာ ပန်းပန်ထားလျက် အိန္ဒြေရစွာ ထိုင်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းလျက် ပြောကြားခဲ့သည်။

မွတ်စလင်အများစု နေထိုင်သော ဂမ်ဘီယာနိုင်ငံက ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော မြန်မာနိုင်ငံကို သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ကုလသမဂ္ဂ၏ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲခဲ့ပြီး ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်များကို အရေးပေါ်ကာကွယ်မှုများ ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သည်ဟိတ်မြို့ရှိ တရားရုံးသို့ ရဲဝံ့စွာ လာရောက်ခဲ့ပြီးနောက် ဘင်္ဂါလီ မွတ်စလင် ၇၄၀,၀၀၀ ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ထွက်ပြေးစေခဲ့သည့် စစ်ဆင်ရေး၏ နောက်ကွယ၌် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကြံရွယ်ချက်မရှိကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ပြည်တွင်းပဋိပက္ခနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ်လတွင်  ဘင်္ဂါလီ သောင်းကျန်းသူများက တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် မြန်မာတပ်မတော်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ဂမ်ဘီယာနိုင်ငံ၏ နောက်ထပ် ရှေ့နေတစ်ဦးဖြစ်သော ပေါလ်ရစ်ချ်လာက  သတ်ဖြတ်မှုများ၌ ကလေးငယ်များအား သေသည်အထိ ရိုက်နှက်ခြင်းနှင့် မိခင်များ၏ လက်ထဲမှ ဆွဲယူကာ မြစ်ထဲသို့ ပစ်ချခြင်းတို့ ပါဝင်ခဲ့ကြောင်းပြောကြားခဲ့ပြီး ၎င်းတို့ထဲမှ လူပေါင်းမည်မျှသည် အကြမ်းဖက်သမားများ ဖြစ်သနည်းဟု မေးခွန်းထုတ်ခဲ့သည်။

“လက်နက်ကိုင် ပဋိပက္ခဟာ လူမျိုးတုံး သတ်ဖြတ်မှုအတွက် ဆင်ခြေတစ်ရပ် ဘယ်တော့မှ မဖြစ်နိုင်ဘူး” ဟုလည်း ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်ဟူသည့် ၂၀၁၈ ခုနှစ် ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်သော ကောက်ချက်ချမှုများကို ငြင်းဆိုရန်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပျက်ကွက်ခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေက ပြောကြားခဲ့သည်။

“အထိရောက်ဆုံး အချက်ကတော့ မြန်မာနိုင်ငံဟာ ငြင်းဆိုခဲ့ခြင်း မရှိတာပါပဲ” ဟု ရစ်ချ်လာက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို ကိုယ်စားပြုလျက် ဒေါ်အောင်ဆန်းစုကြည်က အပိတ်မှတ်ချက်များ ကို ဒီဇင်ဘာ ၁၂ ရက် ညပိုင်း၌ ပြောကြားမည် ဖြစ်သည်။

ဘင်္ဂါလီမွတ်စလင်များအပေါ် အရေးပေါ်ကာကွယ်မှု နည်းလမ်းများ ထုတ်ပြန်ပေးရန် ရှိ မရှိ တရားရုံးက ဆုံးဖြတ်ရန်အတွက် လများချီလျက် အချိန်ယူရမည်ဖြစ်ပြီး ယခုအမှု တစ်ခုလုံးနှင့်ပတ်သက်၍ ICJ က နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ရန်အတွက်မူ နှစ်များချီလျက် အချိန်ယူရဦးမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent