AA အဖွဲ့အား အခွန်ငွေပေးပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းနေပြီး ပိုင်ဆိုင်မှုများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်အထိ အရေးယူနိုင်ကြောင်း ဥပဒေကျွမ်းကျင်သူအချို့ ပြောကြား

AA အဖွဲ့အား အခွန်ငွေပေးပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းနေပြီး ပိုင်ဆိုင်မှုများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်အထိ အရေးယူနိုင်ကြောင်း ဥပဒေကျွမ်းကျင်သူအချို့ ပြောကြား
Published 11 December 2019

AA အဖွဲ့အားအခွန်ငွေပေးပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်ငြိစွန်းနေပြီး ပိုင်ဆိုင်မှုများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်အထိ အရေးယူနိုင်ကြောင်း ဥပဒေကျွမ်းကျင်သူအချို့က ပြောကြားသည်။

AA အဖွဲ့ လှုပ်ရှားရာဒေသများတွင် စီမံကိန်းနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများကို ၂၀၂၀ ပြည့်နှစ်မှစ၍ အခွန်ခေါင်းစဉ်ဖြင့် ငွေကြေးစတင်ကောက်ခံတော့မည်ဖြစ်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနသို့ ပြောကြားသည်။

ကောက်ခံမည့် စီးပွားရေးလုပ်ငန်းများမှာ ရေလုပ်ငန်းများ၊ လက်လုပ်လက်စား မဟုတ်သည့် စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း၊ မည်သည့်အချိန်တွင် ကောက်ခံမည်ဆိုသည်ကို အတိအကျ မပြောလိုသေးကြောင်း၊ လက်ရှိတွင် AA လှုပ်ရှားရာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းရှိ စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများအားလုံးကို စိစစ်နေပြီး မည်သည့်လုပ်ငန်းက မည်သည့်ပမာဏ ပေးဆောင်ရမည်ဆိုသည်ကို တွက်ချက်နေသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။

AA ဘက်မှ အခွန်ဟုဆိုကာတောင်းဆိုမည့် ငွေကြေးကိုမပေးဆောင်ပါက တရားမဝင်အဖြစ် သတ်မှတ်ကာ မပေးသည့် ကုမ္ပဏီ၊ လုပ်ငန်းများကိုဖျက်သိမ်းပစ်မည်ဖြစ်ကြောင်း၊ ထို့ပြင်၂၀၂၀ ခုနှစ်တွင် အခွန်ဟူသည့် ခေါင်းစဉ်ဖြင့် ငွေကြေးကောက်ခံမည့်ထဲတွင် အစိုးရဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းကောက်ခံရန်လည်း စဉ်းစားနေသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။

ဆက်လက်၍ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ ကျွန်တော်တို့ ULA ကို အခွန်ဆောင်ရမယ်။ မဆောင်လို့ မရဘူး။ မဆောင်ရင် ပေးလုပ်မှာမဟုတ်ဘူး။ ဒါအရှင်းဆုံး ပြောတာ။ ကျွန်တော်တို့ Arakan Government ကိုတော့ မထူထောင်သေးဘူး။ ဒါပေမဲ့ ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့ကိုတော့ ကျွန်တော်တို့ ထူထောင်တော့မယ်”  ဟု ပြောကြားခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြထားသည်။

အခွန်ဆိုသည့်အရာကို အစိုးရတစ်ရပ်ကသာ ကောက်ခံနိုင်ပြီး AA ကဲ့သို့ အဖွဲ့အစည်းမျိုးက ကောက်ခံခွင့်မရှိကြောင်း၊ ယင်းသို့ ကောက်ခံပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းနေပြီး အခွန်ပေးဆောင်သူများမှာလည်း ယင်းဥပဒေနှင့် ငြိစွန်းကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောကြားသည်။

“ သူတို့အနေနဲ့ (AA) အဲဒီလိုလည်း မထုတ်ပြန်သင့်ဘူး။ ထုတ်ပြန်လိုက်ရင်လည်း တရားမဝင်ဘူး။ အခွန်ကောက်ခံခွင့်ဆိုတာ နိုင်ငံတစ်နိုင်ငံမှာဥပဒေအရ တကယ်တည်ရှိနေတဲ့ အစိုးရကပဲ ကောက်ခံခွင့်ရှိတာ။ ဒါကဥပဒေနဲ့ မညီညွတ်ဘူး။ မညီညွတ်တဲ့ဟာကို သွားပြီးတော့များ အကောက်ခွန်ပေးမယ်ဆိုရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းနိုင်တယ်။ အစိုးရကလည်း အရေးယူနိုင်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောကြားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအား ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဇွန် ၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီးအခန်း ၁၉ ခန်း ပါဝင်သည်။

“ အဲဒါတွေကအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေထဲမှာလည်း ပြဋ္ဌာန်းထားပြီးသားတွေ” ဟု ဦးခင်မောင်မြင့်က ပြောကြားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၏ အခန်း ၁၂ တွင် ပြဋ္ဌာန်းချက်အရ မည်သူမဆို အကြမ်းဖက်မှုတစ်ခုခု ကျူးလွန်ရာတွင် ဖြစ်စေ၊ ကျူးလွန်ရန်ဖြစ်စေ ယင်းပြစ်မှု ဖြစ်မြောက်အောင် ပံ့ပိုးဆောင်ရွက်ရန် သို့မဟုတ် ဆောင်ရွက်နိုင်စေရန်အလို့ငှာ ပြုလုပ်လျှင် အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုဆိုင်ရာပြစ်မှုကို ကျူးလွန်ရာရောက်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် တရားဝင်သောနည်းလမ်းဖြင့် ဖြစ်စေ၊ တရားမဝင်သော နည်းလမ်းဖြင့် ဖြစ်စေ၊ ယင်းနည်းလမ်း နှစ်မျိုးလုံးဖြင့် ဖြစ်စေ ရရှိသည့် ရန်ပုံငွေအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အကြမ်းဖက်သမားတစ်ဦးဦး သို့မဟုတ် အကြမ်းဖက်အုပ်စုတစ်ခုခုကအသုံးပြုရန် ရည်ရွယ်၍သော်လည်းကောင်း၊ အသုံးပြုမည်ဟု သိရှိလျက်နှင့်သော်လည်း ကောင်းဥပဒေနှင့်မညီဘဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် တမင်ကောက်ခံခြင်းသို့မဟုတ် လက်ခံခြင်း သို့မဟုတ် ထောက်ပံ့ခြင်းသို့မဟုတ်ပေးပို့ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းစသည်တို့ကို ကျူးလွန်ပါကအနည်းဆုံးထောင်ဒဏ် သုံးနှစ်မှ အများဆုံးထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ခံရနိုင်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် အဆိုပါဥပဒေ၏ အခန်း ၁၄ ပုဒ်မ ၅၆ အရ တရားရုံးသည် အကြမ်းဖက်မှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုဖြင့် ပြစ်ဒဏ်ချမှတ်လျှင် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားသော ငွေကြေးနှင့်ပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းသို့မဟုတ် သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲခြင်းပြုသည့် အမိန့်ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

 

Most Read

Most Recent