ICJ တွင် တရားစွဲဆိုခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်သွားရောက်မှုကို ထောက်ခံကြိုဆိုကြောင်း ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် သဘောထားထုတ်ပြန်

ICJ တွင် တရားစွဲဆိုခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်သွားရောက်မှုကို ထောက်ခံကြိုဆိုကြောင်း ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် သဘောထားထုတ်ပြန်
Published 11 December 2019
နေမျိုးဝင်း

(ICJ) တွင် တရားစွဲဆိုခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်သွားရောက် ဆောင်ရွက်သည့်ကိစ္စကို ဟိန္ဒူဘာသာဝင်များကိုယ်စား ထောက်ခံကြိုဆိုကြောင်း သဘောထားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုခြင်းအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် နိုင်ငံတော်ကိုယ်စားပြု ဦးဆောင်ကာ စနစ်တကျ ပြင်ဆင်ဆောင်ရွက်နေမှုအပေါ် နိုင်ငံတစ်ဝန်းလုံးရှိ လူထုလူတန်းစားအသီးသီး၊ ကိုးကွယ်ရာဘာသာ အသီးသီးက ထောက်ခံမှုများ ပြသလျက်ရှိသည်ကို တွေ့မြင်ရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မြန်မာနိုင်ငံအား တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ အမှုရင်ဆိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အပြည်ပြည်ဆိုင်ရာတရားရုံးရှိရာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့သို့ ဒီဇင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး ဒီဇင်ဘာ ၉ ရက် တွင် နယ်သာလန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။

လက်ရှိတွင် အမှုကို ဒီဇင်ဘာ ၁၀ ၊ ဒီဇင်ဘာ ၁၁ ရက်နှင့် ဒီဇင်ဘာ ၁၂ ရက်တို့တွင် ကြားနာနေသည်။

ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်ဖြစ်သဖြင့် တရားရင်ဆိုင်ရခြင်းဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent