အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ကြားနာမှုအတွင်း ဂမ်ဘီယာနိုင်ငံရှေ့နေက စွပ်စွဲထားမှုကို UEHRD ငြင်းဆို

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ကြားနာမှုအတွင်း ဂမ်ဘီယာနိုင်ငံရှေ့နေက စွပ်စွဲထားမှုကို UEHRD ငြင်းဆို
Published 11 December 2019

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ကြားနာမှုအတွင်း ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေက ‘ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ ’ (UEHRD) အပေါ် စွပ်စွဲထားမှုကို ယင်းအဖွဲ့က ဒီဇင်ဘာ ၁၁ ရက်တွင် ၎င်းတို့၏ ဝက်ဘ်ဆိုက်မှနေ၍ ပြန်လည်ငြင်းဆိုထားကြောင်း သိရသည်။

UEHRD ၏ ထုတ်ပြန်ချက်၌ “ ကျွန်ုပ်တို့၊ ‘ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ ’ (UEHRD) က မြေနေရာ သိမ်းယူသည့်ကိစ္စနှင့် ပတ်သက်၍ သည်ဟိတ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် စွပ်စွဲခဲ့မှုများကို တိကျပြတ်သားစွာ ငြင်းဆိုလိုက်သည်။ ယင်းကဲ့သို့ လုပ်ရပ်မျိုးကို UEHRD က မည်သည့် အခါကမျှ ပြုလုပ်ခဲ့ဖူးခြင်း မရှိပေ။ ပြန်လည်ကြိုဆိုလက်ခံရေးနှင့် ယာယီနားနေရန် ဌာနများ ဆောက်လုပ်ရန်အတွက် အသုံးပြုသည့် မြေများကို ရခိုင်အစိုးရအဖွဲ့က ထောက်ပံ့ခဲ့ခြင်းဖြစ်သည်” ဟု ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၀ ရက်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ပြုလုပ်သော ICJ တရားခွင်တွင် ဂမ်ဘီယာရှေ့နေက UEHRD အား “ လူမျိုးတုံးသတ်ဖြတ်မှု၏ အစိတ်အပိုင်းတစ်ရပ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များ နေထိုင်ခဲ့သည့် နေရာများကို သိမ်းယူရှင်းလင်းရာ၌ UEHRD က ဦးဆောင်ပါဝင်နေကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်တွင် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံမှ ခုခံချေပရေးအဖွဲ့ကို ဦးဆောင်လာသူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေခြင်းအား ရပ်စဲရမည်ဟု ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုမှုနှင့် ရင်ဆိုင်ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သည်ဟိတ်မြို့ရှိ တရားရုံး၌ ပြသသည့် သတ်ဖြတ်မှုများနှင့် မုဒိမ်းမှုများအကြောင်း အထောက်အထားများ တင်ပြမှုကို ထိုင်ကြည့်ခဲ့ရသည်။

ICJ သည် ၁၉၉၅ ခုနှစ် ဘော့စနီးယားနိုင်ငံ ဆရီဘရင်နီကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၌သာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ဖူးသည်။

မြန်မာနိုင်ငံသည် သည်ဟိတ်မြို့ရှိ အခြားတရားရုံးတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICJ) နှင့် အာဂျင်တီးနားနိုင်ငံ တရားရုံးတို့၌လည်း ဘင်္ဂါလီမွတ်စလင်များနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ တရားစွဲဆိုမှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။

 

Most Read

Most Recent