လူနေအိမ်များနှင့် နီးကပ်လွန်းသဖြင့် ကြည့်မြင်တိုင်ငါးစျေးအား နေရာပြောင်းရွှေ့ရန် စီစဉ်လျက်ရှိကြောင်း မြို့တော်ဝန် ပြောကြား

လူနေအိမ်များနှင့် နီးကပ်လွန်းသဖြင့် ကြည့်မြင်တိုင်ငါးစျေးအား နေရာပြောင်းရွှေ့ရန် စီစဉ်လျက်ရှိကြောင်း မြို့တော်ဝန် ပြောကြား
Published 10 December 2019
ပြည့်ဖြိုးအောင်

ကြည့်မြင်တိုင်ငါးစျေးအား လူနေအိမ်များနှင့် နီးကပ်လွန်သဖြင့် နေရာပြောင်းရွှေ့ရန် စီစဉ်လျက်ရှိကြောင်း ဒီဇင်ဘာ ၉ ရက်က မြို့တော်ခန်းမတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

လက်ရှိ ကြည့်မြင်တိုင်ငါးစျေးအား လူနေအိမ်နှင့် နီးကပ်ခြင်း၊ ငါးအနံ့အသက်များကြောင့် ရွှေပိတောက်စျေးဘက်သို့ ရွှေ့ပြောင်းရန် စီစဉ်ထားသော်လည်း ဆိပ်ကမ်းနေရာ အခက်အခဲရှိနိုင်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

“ ပြောင်းဖို့သင့်သလားဆိုရင် ပြောင်းဖို့ သင့်တယ်။ မြို့တော်ဝန် တစ်ယောက်အနေနဲ့ ပြောရင်တော့ ပြောင်းဖို့သင့်တယ်။ သို့သော်လည်း ရွှေပိတောက်ဘက်ကျတော့ နည်းနည်းလေး ကျဉ်းသွားတယ်။ အမှန်တော့ ငါးဒိုင်ဆိုတာ လှေနဲ့ဘာနဲ့ ကပ်နိုင်တဲ့ ဆိပ်ခံ ဗောတံတားရှိရင် ကောင်းတဲ့အတွက်ကြောင့် နေရာကတော့ ရှာနေတယ်။ အောက်ဘက်အပိုင်းကို ရှာနေတယ်။ တစ်နည်းအားဖြင့် မြစ်ဝဘက်ကို ရှာနေတယ်” ဟု မြို့တော်ဝန်က ပြောကြားသည်။

စျေးပြောင်းရွှေ့ရန် သဘောတူသည့် သူများရှိသလို သဘောမတူသူများလည်း ရှိကြောင်း၊ ရွှေပိတောက်စျေးဘက်နှင့် မြစ်ဝဘက်ကို တစ်ဖက်ဖက်ကို ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း မြို့တော်ဝန်က ပြောကြားသည်။ “ မြစ်ဝဘက်ကို ဘာလို့စဉ်းစားလဲဆိုရင် ပင်လယ်ဘက်ကလာတဲ့ငါးနဲ့ ဒီဖက်က ပြည်တွင်းကငါးနဲ့ ဒိုင်ရလို့ရှိရင် ဟိုဘက်သွားရောင်းစရာ မလိုတော့ဘဲနဲ့ ဒီမှာတင် ရောင်းရလို့တဲ့အတွက် အဲဒါကတော့အစီအစဉ်တော့ ရှိတယ်” ဟု မြို့တော်ဝန်က ပြောကြားသည်။

လက်ရှိ ကြည့်မြင်တိုင်ငါးစျေးသည် ရန်ကုန်မြို့ရှိ ရေထွက်ပစ္စည်းများတင်ပို့ ရောင်းချရာနေရာကြီးတစ်ခုဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချသည့် ငါးစျေးကြီးတစ်ခုလည်း ဖြစ်သည်။

 

 

Most Read

Most Recent