ပြည်တွင်း မတ်ပဲစျေးနှုန်း ကျပ် ၁၃ သိန်းအထိ ရှိခဲ့သော်လည်း လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ မတ်ပဲစျေးနှုန်း ကျဆင်းနေသည့်အပြင် ဝယ်ယူမှုလျော့ကျလာသဖြင့် ကျပ် ၉၇၀,၀၀၀ ကျော်သာရှိဟု ဆို

ပြည်တွင်း မတ်ပဲစျေးနှုန်း ကျပ် ၁၃ သိန်းအထိ ရှိခဲ့သော်လည်း လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ မတ်ပဲစျေးနှုန်း ကျဆင်းနေသည့်အပြင် ဝယ်ယူမှုလျော့ကျလာသဖြင့် ကျပ် ၉၇၀,၀၀၀ ကျော်သာရှိဟု ဆို
ပြည်တွင်း ပဲစိုက်တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မဖေငြိမ်း)
ပြည်တွင်း ပဲစိုက်တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မဖေငြိမ်း)
Published 10 December 2019
ဇေယျာငြိမ်း

ပြည်တွင်း၌ မတ်ပဲစျေးနှုန်း ကျပ် ၁၃ သိန်းအထိ ရှိခဲ့သော်လည်း လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ မတ်ပဲစျေးနှုန်း ကျဆင်းနေသည့်အပြင် ဝယ်ယူမှုလျော့ကျလာသဖြင့် ကျပ်  ၉၇၀,၀၀၀ ကျော်သာရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

“ လက်ရှိစျေးကွက်အနေအထားကတော့ မတ်ပဲစျေးကတော့ နည်းနည်းလေး ပြန်ကျတယ်။ လက်ရှိမှာ ၉၇၅၀၀၀ လောက် ပြန်ဖြစ်တယ်။ အမြင့်ဆုံး ၁၃ သိန်းကျော်လောက် တက်ပြီးမှ အိန္ဒိယဘက်မှာလည်း ပဲစျေး အထိုက်အလျောက် ပြန်ကျတဲ့အခါမှာ တောက်လျှောက်ပြန်ဆင်းလာတဲ့သဘော။ ဒီရက်ပိုင်းမှာ စျေးကပြန်တော့တက်လာတယ် ပြန်တက်လာတယ်ဆိုပေမယ့် အိန္ဒိယဘက်က ဆိပ်ကမ်းမှာ လွယ်လင့်တကူထုတ်မပေးတဲ့ ပြသနာတွေပေါ့နော်။ ဒါကြောင့်လဲ လက်ရှိမှာ အဝယ်ကပြန်ရပ်သွားပြီ။ အဝယ်ရပ်တဲ့အတွက်ကြောင့် ပြည်တွင်းမှာလည်း ပဲစျေး အထိုက်အလျှောက်ပြန်ကျတဲ့ သဘောပေါ့။ မတ်ပဲက ပြည်တွင်းမှာ ၉၇၅၀၀၀ လောက်ပဲ ရှိတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

လာမည့် မတ်လနှင့် ဧပြီလများတွင် ပြည်တွင်း၌ မတ်ပဲအသစ်များ ပေါ်မည်ဖြစ်သည်။ ယခုဒီဇင်ဘာလမှ ဇန်နဝါရီလအထိ နှစ်လအတွင်း ပြည်တွင်းရှိလက်ကျန်မတ်ပဲ အဟောင်းများကို များများတင်ပို့ထားနိုင်ရန် လိုအပ်ကြောင်း သိရသည်။

“ မတ်ပဲရဲ့သဘောကတော့ မတ်လနဲ့ ဧပြီလမှ တကယ်လှိုင်မှာပါ။ ကာလအားဖြင့် ကြည့်ရင်တော့ သုံးလလောက်လိုသေးတယ် လိုပေမယ့် ဘာပဲပြောပြော လက်ရှိဒီဇင်ဘာ၊ ဇန်နဝါရီမှာ လက်ကျန်ပဲကို တောက်လျှောက်တင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ အခုက အိန္ဒိယကုန်သည်တွေက မဝယ်တာတော့ မဟုတ်ဘူး ဝယ်တယ်။ အိန္ဒိယဆိပ်ကမ်းဘက်မှာက သူတို့ အကောက်ခွန်နဲ့ ပြဿနာတက်နေတာလေးတွေ ကြားရတယ်။ ဟိုဘက်မှာ ပစ္စည်းချလို့မရလို့ ပစ္စည်းတင်တာ ပြုတာလေးတွေ နှောင့်နှေးတာလေးတွေတော့ အဝယ်ထပ်ပြီးမရှိတာတို့ အဲဒါမျိုးလေးတွေတော့ ရှိတယ်။ ပဲသစ်မပေါ်ခင်မှာ ပဲအဟောင်းလေးတွေကို အထိုက်အလျောက် ဝယ်သွားမယ်၊ တင်သွားမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့” ဟု ဦးမင်းကိုဦးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့် ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအနက် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိက တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ယခင်နှစ်ကာတူထက် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၃၀,၀၀၀ ခန့် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၅ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ရှစ်သောင်းကျော် တင်ပို့ထားပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၅၆ သန်းကျော် ရရှိထားသည်။

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင်မှ ထုတ်ပြန်ချက်များအရ ၂၀၁၉ ခုနှစ်  ဒီဇင်ဘာ ၉  ရက်တွင် ပြည်တွင်းမတ်ပဲ စျေး FAQ တစ်တန်လျှင် ကျပ် ၉၉၂၀၀ နှင့်  SQ တစ်တန်လျှင် ကျပ် ၁,၀၅၇,၀၀၀ စျေးဖြင့် အရောင်းအဝယ်ရှိသည်။

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များတွင် နိုင်ငံခြားငွေအများဆုံး ရှာဖွေပေးလျက်ရှိသည့် ပဲမျိုးစုံတိုးချဲ့တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောငး်ဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထပ်မံသွားရောက်ခဲ့ပြီး ပဲမျိုးစုံအား နှစ်နိုင်ငံ G to G လက်မှတ်ရေးထိုးတင်ပို့နိုင်ရေး ထပ်မံညှိနှိုင်းခဲ့ကြပြီး G to G မတိုင်မှ အချက်သုံးချက် တောင်းဆိုခဲ့ကြောင်း၊ ပထမအချက်အနေဖြင့် ယခုနှစ်အတွက် တင်သွင်းခွင့်ခွဲတမ်း ထုတ်ပြန်ချက်အား မတ်လကုန်၌ ထုတ်ပြန်ပေးရန်၊ ဒုတိယအချက်အနေဖြင့် မတ်ပဲကို ခွဲတမ်းပို၍ သတ်မှတ်ပေးရန်နှင့် တတိယအချက်အနေဖြင့် ခွဲတမ်းကို သုံးလသာမဟုတ်ဘဲ တစ်နှစ် ပတ်လုံး တင်သွင်းခွင့်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

Most Read

Most Recent