ကြေးဆုရယူနိုင်ရန် ကြိုးစားမည်ဟု မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ် ဆို

ကြေးဆုရယူနိုင်ရန် ကြိုးစားမည်ဟု မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ် ဆို
Published 10 December 2019

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်က ဆီးဂိမ်းစ် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သော်လည်း ကြေးတံဆိပ်ရယူနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပိုပေါ့ဗ်က ''ဆီမီးဖိုင်နယ်ပွဲမှာ ကျွန်တော့်ကစားသမားတွေ ရာနူန်းပြည့် ကြိုးစားသွားတာ သံသယမရှိပါဘူး။ ပိုကောင်းတဲ့အသင်းက အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားတာဖြစ်ပါတယ်။ ဗိုလ်လုပွဲ တက်ရောက်ခွင့်နဲ့လွဲချော်ခဲ့ပေမယ့် ကြေးတံဆိပ်ရရှိအောင် ကြိုးစားသွားမှာပါ။ ကမ္ဘောဒီးယားကို အုပ်စုအဆင့်မှာ အနိုင်ရခဲ့ပေမယ့်  ပေါ့ဆလို့ မရပါဘူး။ သေချာပြင်ဆင်ပြီး ယှဉ်ပြိုင်ကစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။

မြန်မာအသင်းသည် ကမ္ဘောဒီးယားအသင်းနှင့် တွေ့ဆုံသည့် အုပ်စုနောက်ဆုံးပွဲ တွင် (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲသက်တမ်းတစ်လျှောက် တတိယနေရာလုပွဲ ၇ ကြိမ်ကစားခဲ့ရပြီး (၂)ပွဲနိုင်၊ (၄)ပွဲရှုံးကာ ၁၉၇၅ ပြိုင်ပွဲတွင်မူ အချိန်ပိုပြီးသည်အထိ သရေကျနေသောကြောင့် ပူးတွဲတတိယ ပေးအပ်ခဲ့သည်။

သက်တမ်းအလိုက်ပြောင်းလဲခဲ့သည့် ၂၀၀၁ ပြိုင်ပွဲကတည်းကမူ (၄)ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပြီး (၂)ပွဲနိုင်၊ (၂)ပွဲရှုံးနိမ့်ခဲ့သည်။