လန်ဒန်ဒါဘီမှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တဲ့ အာဆင်နယ်

လန်ဒန်ဒါဘီမှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တဲ့ အာဆင်နယ်
Photos: Daily Mail
Photos: Daily Mail
Published 10 December 2019

ဝက်စ်ဟမ်း ၁-၃ အာဆင်နယ်

ပထမဆုံးကိုင်တွယ်တဲ့ပွဲ၊ ပထမဆုံးအိမ်ကွင်းပွဲတွေမှာ တာထွက်မလှခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ယာယီနည်းပြ ယွန်းဘတ်အနေနဲ့ ပထမဆုံး လန်ဒန်ဒါဘီမှာတော့ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ယွန်းဘတ်က ဒီပွဲမှာလည်း ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး တောင်ပံတိုက်စစ်ကစားသမား ပေပေအနေနဲ့ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

နှစ်သင်းစလုံး ရလဒ်တွေ ဆိုးရွားနေကြပေမယ့် ဝက်စ်ဟမ်းက အိမ်ကွင်းမှာ စိတ်ဓာတ်အပြည့်၊ ခွန်အားအပြည့်နဲ့  ကစားသွားခဲ့ပြီး ပထမပိုင်းမှာ အာဆင်နယ်အသင်း ဂိုးပေါက် တည့် အခွင့်အရေးတောင် မရခဲ့ပါဘူး။ မိနစ်(၃၀)ဝန်းကျင်မှာ အိုဇေးလ် ခေါင်းတိုက်ခွင့်ရတော့လည်း ဂိုးပေါ်ထောင်သွားခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ ဘောလုံးရတာနဲ့ အာဆင်နယ်အသင်းကို ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပြီး (၃၈)မိနစ်မှာတော့ အော့ဘွန်နာက ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာလည်း အာဆင်နယ်ရဲ့ကစားပုံ လျော့တိလျော့ရဲဖြစ်နေခဲ့ပေမယ့် မိနစ်(၆၀)မှာ မာတင်နယ်လီ ချေပဂိုးသွင်းယူခဲ့ပြီးနောက်မှာတော့ အာဆင်နယ်အသင်း ကစားပုံအချိတ်အဆက်မိလာခဲ့ပါတယ်။ အာဆင်နယ်အတွက် ဒုတိယဂိုးကို (၆၆)မိနစ်မှာ ပေပေကလှလှပပသွင်းယူခဲ့တာဖြစ်ပြီး တတိယအနိုင်ဂိုးကိုတော့ ပေပေရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် အူဘာမီယန်းက (၆၉)မိနစ်မှာ မြေမကျကန်သွင်းယူခဲ့ပါတယ်။

ပေပေကတော့ အခုရာသီ ပရီးမီးယားလိဂ်အဝေးဂိုးကို စတင်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးက သူ့အတွက်အာဆင်နယ်ကစားသမားဘဝ ပြိုင်ပွဲစုံ(၄)ဂိုးမြောက်ဂိုးလည်း ဖြစ်ပါတယ်။