နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နိုင်ငံတော်သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ပြီး နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နိုင်ငံတော်သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ပြီး နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နိုင်ငံတော်သမ္မတအိမ်တော်တွင် ဆွေးနွေးစဉ် (ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နိုင်ငံတော်သမ္မတအိမ်တော်တွင် ဆွေးနွေးစဉ် (ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး)
Published 8 December 2019
မင်းနိုင်စိုး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှုတွင် နိုင်ငံတကာမျက်နှာစာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆို လျှောက်ထားမှုအပေါ် တုံ့ပြန်ဖြေရှင်းရန် နယ်သာလန်နိုင်ငံသို့ ထွက်ခွာခြင်းမပြုမီ တစ်ရက်အလိုတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံခဲ့ခြင်းလည်းဖြစ်ပြီး အဆိုပါ တွေ့ဆုံပွဲကို ညနေ ၅ နာရီ ၁၀ မိနစ်တွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တက်ရောက်ခဲ့သည်။

အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်မည့် သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရေးနှင့် ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံမှု ထူထောင်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ အမြန်ဆုံး အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ စီမံကိန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ယဉ်ကျေးမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

နှစ်နိုင်ငံ ဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးဟန်ဇော်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ဦးအောင်ထူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံဘက်မှ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent