မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင် အများစုသည် အထည်ချုပ်လုပ်ငန်းဖြစ်ပြီး နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ အဆင်ပြေနိုင်ရန် တိုင်းဒေသကြီး အစိုးရက ကူညီပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင် အများစုသည် အထည်ချုပ်လုပ်ငန်းဖြစ်ပြီး နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ အဆင်ပြေနိုင်ရန် တိုင်းဒေသကြီး အစိုးရက ကူညီပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
 မြန်မာနိုင်ငံ နိုင်ငံတကာ အထည်အလိပ်နှင့် စက်မှုပစ္စည်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ်
မြန်မာနိုင်ငံ နိုင်ငံတကာ အထည်အလိပ်နှင့် စက်မှုပစ္စည်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ်
Published 7 December 2019
ဆန်းထူးအောင်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင် အများစုသည် အထည်ချုပ်လုပ်ငန်းဖြစ်ပြီး နိုင်ငံတကာမှ လာရောက်ရင်း နှီးမြှုပ်နှံမည့်သူများကို အဆင်ပြေနိုင်ရန် တိုင်းဒေသကြီး အစိုးရက ကူညီပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဒီဇင်ဘာ ၆ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အထည်အလိပ် သွင်းကုန်၊ ထုတ်ကုန်နှင့် ကူးသန်းရောင်းဝယ်ရေး ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ နိုင်ငံတကာ အထည်အလိပ်နှင့် စက်မှုပစ္စည်းပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်တဲ့ ကဏ္ဍနယ်ပယ်မှာ အထည်ချုပ်ကဏ္ဍဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာ ရှိပါတယ်။ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံနေတဲ့ လုပ်ငန်းရှင်ထဲမှာ အများစုဟာ အထည်ချုပ်လုပ်ငန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ပတ်ကိုတစ်ကြိမ် ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ကော်မတီကနေ ခွင့်ပြုမိန့် ထုတ်ပေးနေတဲ့ထဲမှာ တစ်ဝက်ကျော်လောက်ဟာ အထည်ချုပ်လုပ်ငန်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ အထည်ချုပ် လုပ်ငန်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ အခြေခံပြည်သူလူထုကို အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးနိုင်သလို မြန်မာနိုင်ငံရဲ့ နိုင်ငံခြားတင်ပို့နိုင်မှုကိုလည်း တိုးမြှင့်စေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အထည်ချုပ်ကဏ္ဍနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကို အဆင်ပြေ ချောမွေ့နိုင်ဖို့အတွက် တိုင်းဒေသကြီး အစိုးရဘက်က ကူညီဆောင်ရွက်ပေးမှာ ဖြစ်သလို နိုင်ငံတကာက အထည်ချုပ်ကဏ္ဍနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေကိုလည်း မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်လိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shu Fu က မြန်မာနိုင်ငံ နိုင်ငံတကာ အထည်အလိပ်နှင့် စက်မှုပစ္စည်းပြပွဲ အောင်မြင်စွာ ပြသနိုင်ခြင်းအတွက် ဂုဏ်ပြုစကား ပြောကြားသည်။ ဆက်လက်၍ တရုတ်နိုင်ငံ အထည်အလိပ်၊ သွင်းကုန်ထုတ်ကုန်နှင့် ကူးသန်းရောင်းဝယ်ရေး ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Wang Yu က ပြပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ နိုင်ငံတကာ အထည်အလိပ်နှင့် စက်မှုပစ္စည်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရခိုင်တိုင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာ-တရုတ် အထည်အလိပ်နှင့် အဝတ်အထည်အသင်းမှ တာဝန်ရှိသူများ၊ ကျဲ့ကျန်းပြည်နယ်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ အထည်အလိပ် ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ၊ MTMA, China Textile City Network Company General Manager Han Chong, MGMA နှင့် UMFCCI တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြပွဲကို ဒီဇင်ဘာ ၈ ရက်အထိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ စက်ရုံပေါင်း ၁၅၀ ကျော်မှ ပိတ်စအမျိုးမျိုးနှင့် အပိုပစ္စည်းများ၊ အဝတ်အထည်များ၊ Textile စက်ပစ္စည်းအမျိုးမျိုး၊ ကား၊ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ ကုန်မာပစ္စည်း၊ လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ မီးစက်၊ ကွန်ပရက်ဆာနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ အရုပ်နှင့် လက်ဆောင်ပစ္စည်း အမျိုးမျိုး၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း မျိုးစုံတို့အား ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent