ICJ အမှုရင်ဆိုင်ရာတွင် မည်သူ့ကိုမျှထိခိုက်စေခြင်း၊ တိုက်ခိုက်ခြင်းပြုလုပ်မည်မဟုတ်ဘဲ ပကတိိတရားကိုသာ ကမ္ဘာကနားလည်စေရန် ကြိုးပမ်းမည်ဆိုသည့် အစိုးရ၏ဆောင်ရွက်ချက်ကိုထောက်ခံကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

ICJ အမှုရင်ဆိုင်ရာတွင် မည်သူ့ကိုမျှထိခိုက်စေခြင်း၊ တိုက်ခိုက်ခြင်းပြုလုပ်မည်မဟုတ်ဘဲ ပကတိိတရားကိုသာ ကမ္ဘာကနားလည်စေရန် ကြိုးပမ်းမည်ဆိုသည့် အစိုးရ၏ဆောင်ရွက်ချက်ကိုထောက်ခံကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
Published 7 December 2019

 

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အမှုရင်ဆိုင်ရာတွင် မည်သူ့ကိုမျှ ထိခိုက်စေခြင်း၊ တိုက်ခိုက်ခြင်း ပြုလုပ်မည်မဟုတ်ဘဲ ပကတိအရှိတရားကိုသာ ကမ္ဘာကနားလည်စေရန် ကြိုးပမ်းသွားမည်ဆိုသည့် အစိုးရ၏ ဆောင်ရွက်ချက်ကို ထောက်ခံကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီဇင်ဘာ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

လူမျိုးပြုန်းတီးစေမှု(Genocide)သည် ကုလသမဂ္ဂ၏ အနှစ်သာရနှင့် ရည်မှန်းချက်တို့မှသွေဖည်ကြောင်း ယုံကြည်သည့်အားလျော်စွာ မြန်မာနိုင်ငံသည် လူမျိုးပြုန်းတီးစေမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အတည်ပြုချုပ်ဆိုရန် သက်ဆိုင်ရာဝန်ကြီးက ပါလီမန်သို့ တင်သွင်းစဉ် လူမျိုးပြုန်းတီးစေမှုတားဆီးရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက် ရှင်းလင်းတင်ပြပြီး ပါလီမန်၏ အတည်ပြုချက်ကို ရယူခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လက်ရှိအချိန်ထိလည်း မြန်မာနိုင်ငံအနေဖြင့် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့စဉ်က ရပ်တည်ချက်အတိုင်းလိုက်နာဆောင် ရွက်လျက်ရှိသည်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိကြောင်း၊ နိုင်ငံတော်သမ္မတရုံးက နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဥပဒေကြောင်းအရ အကြံပြုနိုင်ရန်အတွက် နိုင်ငံတကာရာဇဝတ်မှုတရား စီရင်ရေးဆိုင်ရာအထူးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရှိရသည်ဟု ကော်မရှင်၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိသည့်အနက် ၅၈ နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ တရားစီရင်ရေးဆိုင်ရာပင်မအဖွဲ့ဖြစ်သည့် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သွားရောက်ကာ နိုင်ငံတော်အစိုးရသည် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာကိုဖြစ်စေ၊ မည်သည့်လူအစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း၊ အလျဉ်းမပြုလုပ်ဘဲ ပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာကသိရှိနားလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သည်ဟု သိရှိရကြောင်း ကော်မရှင်ကထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထိုသို့ ကုလသမဂ္ဂအဖွဲ့ဝင်ကောင်း ပီသစွာ ဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က လှိုက်လှဲစွာ ထောက်ခံကြောင်းနှင့် အောင်မြင်ပါစေဟု ဆန္ဒပြုကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

Most Read

Most Recent