ဘုရားသုံးဆူဒေသတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရန် NRPC နှင့် JMC- U ထံ မွန်ပြည်သစ်ပါတီက တွေ့ဆုံခွင့်တောင်းထား

ဘုရားသုံးဆူဒေသတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရန် NRPC နှင့် JMC- U ထံ မွန်ပြည်သစ်ပါတီက တွေ့ဆုံခွင့်တောင်းထား
Published 7 December 2019
                        မင်းနိုင်စိုး

 

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်းရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့ BGF နှင့် မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ထံ တွေ့ဆုံခွင့် တောင်းထားခြင်းအပေါ် အကြောင်းပြန်ကြားမှု မရှိသေးသော်လည်း စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း NMSP ဗဟိုကော်မတီဝင်နိုင်အောင် မငေးက ပြောကြားသည်။

မြန်မာ-ထိုင်းနယ်စပ် ထိုင်းဘက်အခြမ်းတွင် အခိုင်အမာဆောက်ထားသော နေအိမ်အား သွားရောက်ကြည့်ရှုမည့်အကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် တပ်မတော်ဘက်က NMSP ထံ အကြောင်းကြားခဲ့ပြီး ထိုသို့သွားရောက်ကြည့်ရှုရာတွင် အရပ်ဝတ်ဖြင့် သွားလာမည့်အကြောင်းကိုလည်း အသိပေးထားကြောင်း၊ သို့သော်လည်း နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းက အရပ်ဝတ်ဖြင့်မဟုတ်ဘဲ အင်အားအပြည့်အစုံဖြင့် ဝင်ရောက်လာသည့်အတွက် NMSP ဘက်က စတင်ပစ်ခတ်ရာမှတစ်ဆင့် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း နိုင်အောင်မငေးက ပြောကြားသည်။

“၂၇ ရက် မနက်စောစောမှာ အရပ်ဝတ်နဲ့မဟုတ်ဘဲနဲ့ တပ်မတော်က အင်အားအပြည့်အစုံနဲ့ မော်တော်ယာဉ်ငါးစီးနဲ့ သွားတယ်ဆိုတော့ ကျွန်တော်တို့ကလည်း ဝေခွဲလို့မရဘူး။ အောက်ခြေကိုလည်း ကျွန်တော်တို့ ပစ်မိန့်ပေးထားတယ်။ အဲဒီပစ်မိန့် အဲဒီစပ်ကြားမှာ လူကြီးတွေကလည်း အဲဒီမှာမရှိဘူး။ ဒီပစ်မိန့်က အခုလောလောဆယ် ပေးတာမဟုတ်ပေမဲ့ ဒီပစ်မိန့်က အသက်ဝင်နေတုန်းပဲဖြစ်တယ်။ အဲဒီတော့ လာနေတဲ့ တပ်မတော်တွေကဝင်လာတယ်။ အဲဒါကို ချက်ချင်း ကျွန်တော်တို့ ရဲဘော်က ပစ်လိုက်တော့ အဲဒီကနေ ပစ်ခတ်မှုတွေကစတင်ဖြစ်လာတာဖြစ်ပါတယ်” ဟု နိုင်အောင်မငေးကပြောကြားသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တွင် တပ်မတော်၊ BGF နှင့် NMSP တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ တစ်စုံတစ်ရာ သဘောတူညီမှုမရရှိခဲ့သော်လည်း ပစ်ခတ်မှုများအတွင်း ဂျပန်ရေတွင်းကျေးရွာတွင် တပ်စွဲထားခဲ့သော တပ်မတော်စစ်ကြောင်းသည် အဆိုပါရွာနှင့် ကိုက်သုံးရာအကွာတွင်ရှိသော ဟင်္သာတိုင်ထိပ်တွင် ပြောင်းရွှေ့နေရာယူခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ဟင်္သာတိုင်ထိပ်နှင့် ဂျပန်ရေတွင်းစခန်းသည် ကိုက်သုံးရာသာဝေးကွာသည့်အတွက် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့အကြား အချိန်မရွေး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ရကြောင်း၊ ထို့ပြင် ဂျပန်ရေတွင်းရွာနှင့် တပ်မတော်စစ်ကြောင်းတို့ နီးကပ်စွာတည်ရှိနေသည့်အတွက် ဒေသခံများသည် ရွာသို့မပြန်ရဲသေးသည့်အနေအထားတွင်ရှိနေပြီး ရွာထဲတွင် လူသူမရှိဘဲဖြစ်နေကာ ညအချိန်တွင် မည်သူမည်ဝါမှန်း မသိသူများက ရွာသားများ၏ နေအိမ်များကို ဝင်ရောက်ဖောက်ထွင်း၍ ပစ္စည်းခိုးယူမှုများလည်းရှိနေကြောင်း နိုင်အောင်မငေးက ပြောကြားသည်။

      

 

Most Read

Most Recent