NLD ပါတီဝင် မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ပါတီစည်းကမ်းဖောက်ဖျက်မှုဖြင့် ပါတီတာဝန်များမှ ရပ်ဆိုင်းသည့် အရေးယူမှုပြုလုပ်ခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားသည်။
ပါတီတာဝန်များမှ ရုပ်သိမ်းခံရသူမှာ ပုသိမ်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးဖြစ်သည်။
“အဓိကကတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဌာနဆိုင်ရာနဲ့ ဆက်ဆံတဲ့အခါမှာရော အဖွဲ့ချုပ်နဲ့ ဆက်ဆံတဲ့အခါမှာရော ပြည်သူနဲ့ ဆက်ဆံတဲ့အခါမှာရော ပြေပြေပြစ်ပြစ်ဆက်ဆံဖို့ ကျွန်တော်တို့ ညွှန်ကြားထားပါတယ်။ အဲဒီမှာ မောက်မောက်မာမာ ခြိမ်းခြောက်ပြီးတော့ ပြောဆိုခဲ့တာတွေရှိတယ်ဆိုရင် ကျွန်တော်တို့အရေးယူပါတယ်” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
NLD ပါတီဖွဲ့စည်းပုံအရ ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်သည် အနိမ့်ဆုံးပါတီတာဝန်အဖြစ် သက်ဆိုင်ရာမြို့နယ်၏ မြို့နယ်အလုပ်အမှုဆောင်ဖြစ်သည်။
ပါတီစည်းကမ်းထိန်းသိမ်းရေးအရ လိုအပ်၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟုထင်မြင်ပြီး ပါတီတာဝန်များမှ ရုပ်သိမ်းခံရကြောင်း အကြောင်းကြားစာမရရှိသေးဟု ကာယကံရှင်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးက ပြောကြားသည်။
“အယူခံခွင့်ရှိပါတယ်။ အယူခံဖို့တော့ ပြင်ဆင်ရဦးမှာပေါ့” ဟု ဦးရဲမင်းဦးက ပြောကြားသည်။
NLD ပါတီအနေဖြင့် ယခင်ကလည်းလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာသက်သက်ခိုင်၊ ဦးစိန်ဝင်း၊ ဦးအောင်လှိုင်ဝင်း၊ ဦးကျော်ဇေယျတို့ကို ပါတီစည်းကမ်းချိုးဖောက်သည်ဆိုကာ ပါတီတာဝန်များမှ ရပ်ဆိုင်းသည့် အရေးယူမှုများရှိခဲ့ပြီး ၎င်းတို့ထဲမှ ဒေါက်တာသက်သက်ခိုင်နှင့် ဦးစိန်ဝင်းတို့နှစ်ဦးသည်ပါတီမှ နုတ်ထွက်ပြီး ပါတီအသစ်များ အသီးသီးထူထောင်ကာ ရပ်တည်လျက်ရှိသည်။















