ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနလက်အောက်ရှိ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဌာနပိုင်ဇက်ရေယာဉ်သုံးစင်း အသစ်တည်ဆောက်နိုင်ခဲ့

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနလက်အောက်ရှိ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဌာနပိုင်ဇက်ရေယာဉ်သုံးစင်း အသစ်တည်ဆောက်နိုင်ခဲ့
 ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းမှ တည်ဆောက်ထားသည့် ဇက်ရေယာဉ်တစ်စင်းကို စမ်းသပ်မောင်းနှင်စဉ်
ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းမှ တည်ဆောက်ထားသည့် ဇက်ရေယာဉ်တစ်စင်းကို စမ်းသပ်မောင်းနှင်စဉ်
Published 6 December 2019
ရွှန်းလဲ့ဝင်း

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနလက်အောက်ရှိ ဒဂုံဆိပ်ကမ်းသင်္ဘော ကျင်းအနေဖြင့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ဌာနပိုင် ဇက်ရေယာဉ်သုံးစင်းအား အသစ်တည်ဆောက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

“အရင်က ပြည်တွင်းရေကြောင်းဌာန ပိုင်ရေယာဉ်တွေကိုပဲ လွန်းကျင်းတင်ပြင် ဆင်မွမ်းမံတာတွေပဲ လုပ်နိုင်ပါတယ်။ အခု ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်မှာတော့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင် ဇက်ရေယာဉ်သုံးစင်း တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ဒါကျွန်တော်တို့သင်္ဘောကျင်းမှာ ဌာနပိုင်အနေနဲ့ ပထမဆုံး တည်ဆောက်ပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်စိုးက ပြောကြားသည်။

ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းမှ အသစ်တည်ဆောက်ပြီးစီးသည့် ဌာနပိုင်ဇက် -၂၀၁၊ ၂၀၂၊ ၂၀၃ ရေယာဉ်သုံးစင်းကို ဒီဇင်ဘာ ၄ ရက် နံနက်က စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စမ်းသပ်မောင်းနှင်ခဲ့သည့် ဇက်ရေယာဉ်သုံးစင်းမှာ အလျားပေ ၁၆၀၊ ဗျက် ၃၄ ပေနှင့် ဇောက်အနက် ခုနစ်ပေခွဲရှိပြီး ၎င်းဇက်ရေယာဉ်များတွင် တရုတ်နိုင်ငံထုတ်စက်မကြီးနှစ်လုံးနှင့် တွဲဖက်၍ ရှော်တယ်ယူနစ် (ပဲ့ချိတ်ယူနစ်) နှစ်ခု တပ်ဆင်ထားကာ သင်္ဘောတစ်စင်းအတွက် ကုန်ကျစရိတ် သိန်းခြောက်ထောင်ရှိ၍ စီမံကိန်းတံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် ကုန်သေတ္တာတင်စီမံကိန်းများတွင် အသုံးပြုရန် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းမှ သင်္ဘောသစ်များ တည်ဆောက်ပေးနေသကဲ့သို့ သင်္ဘောဟောင်း ရှစ်စင်းကိုလည်း လွန်းကျင်း တင်ပြင်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် ရန်ကုန်မြို့၌ ဌာနပိုင်သင်္ဘောကျင်းအနေဖြင့် ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းနှင့် ဒလသင်္ဘောကျင်းတို့ရှိပြီး ဒလသင်္ဘောကျင်းမှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ရှေးအကျဆုံး သင်္ဘောကျင်းတစ်ခုဖြစ်ပြီး မန္တလေးရတနာပုံသင်္ဘောကျင်း၊ မုံရွာချင်းတွင်း သင်္ဘောကျင်း၊ သံလွင်-မုတ္တမသင်္ဘောကျင်းနှင့် စစ်တွေသင်္ဘောကျင်းတို့ရှိကြောင်း သိရသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် နယ်မြေအလိုက် ကုန်နှင့် ကုန်စည်ပို့ဆောင်ရေးဌာနခွဲ ခြောက်ခုဖြင့် ဖွဲ့စည်းထားပြီး ဌာနပိုင်ရေယာဉ်များဖြင့် ကူးတို့လမ်းများအပါအဝင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ခရီးလမ်းများ ပြေးဆွဲခြင်းနှင့် ကုန်စည်သီးသန့်ပို့ဆောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဌာနပိုင် ရေယာဉ်/ တွဲရေယာဉ်များ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဌာနပိုင်သင်္ဘောကျင်း ခြောက်ကျင်းရှိပြီး အဆိုပါသင်္ဘောကျင်းမှားမှ ဌာနပိုင်ရေယာဉ်များကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စစ်ဆေးမှုနှင့် ညွှန်ကြားထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုပြင်တည်ဆောက်နေကြောင်း သိရသည်။               

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအတွက် ရေယာဉ်သစ်များဖြင့် အစားထိုးဖြည့်ဆည်းရန် နိုင်ငံတော်မှ ဘဏ္ဍာငွေများ ခွင့်ပြုပေးခဲ့သဖြင့် ရေယာဉ်များတည်ဆောက်လျက်ရှိရာ ဒလသင်္ဘောကျင်းတွင် ကုန်တင်တွဲယာဉ်နှင့် တွန်းရေယာဉ်/ တွဲဆွဲရေယာဉ်နှစ်စင်းကို တည်ဆောက်နေပြီး လာမည့်အောက်တိုဘာတွင် ရေချရန် ဆောင်ရွက်နေကြောင်းသိရသည်။

 

 

Most Read

Most Recent