မြန်မာနိုင်ငံ၏ အဓိကခရီးသွား ဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁၉ ခုနှစ်အတွင်း အသုံးပြုသူခရီးသွား ခြောက်သန်းပြည့်မြောက်

မြန်မာနိုင်ငံ၏ အဓိကခရီးသွား ဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁၉ ခုနှစ်အတွင်း အသုံးပြုသူခရီးသွား ခြောက်သန်းပြည့်မြောက်
 ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသည့် လေယာဉ်တစ်စင်းအား တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသည့် လေယာဉ်တစ်စင်းအား တွေ့ရစဉ်
Published 6 December 2019
ရွှန်းလဲ့ဝင်း

မြန်မာနိုင်ငံ၏ အဓိကခရီးသည်ဝင် ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁၉ ခုနှစ်အတွင်း အသုံးပြုသူခရီးသည် ခြောက်သန်းပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ခရီးသည် စုစုပေါင်း ၆ ဒသမ ၀၃၅ သန်းကို ဝန်ဆောင်မှု ပေးနိုင်ခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ယခု ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်က လေဆိပ်အသုံးပြုသူ ခြောက်သန်း မြောက်ခရီးသည်အား ကြိုဆို၍ ရန်ကုန်လေဆိပ်အား ဝန်ဆောင်မှုပေးနေသော မိတ်ဖက်ကုမ္ပဏီဖြစ်သည့် YACL မှ ငွေသားနှင့် အခြားခရီးသွားလက်ဆောင်ပစ္စည်းများ ပေးအပ်ကြိုဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိကခရီးသည်ဝင် ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁၉ စက်တင်ဘာ ၂၀ ရက်အထိ နိုင်ငံတကာလေကြောင်းလိုင်း  ၃၄ ခုက နိုင်ငံတကာခရီးစဉ် ၃၃ ခုအထိ ပျံသန်းနေပြီဖြစ်ကြောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ချိတ်ဆက်ပျံသန်းသည့် ၃၄ ခုမြောက် နိုင်ငံတကာခရီးစဉ်အား အိန္ဒိယနိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်သည့် IndiGO လေကြောင်းလိုင်းက ကိုလ်ကတ္တားမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့အကြား တိုက်ရိုက်ခရီးစဉ်သစ်ပျံသန်းခြင်းအား စက်တင်ဘာ ၂၀ ရက်တွင် စတင်ပျံသန်းခဲ့ခြင်းဖြစ်သည်။

“အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား အရေးပါတဲ့ နောက်ထပ်လေကြောင်းချိတ်ဆက်မှု ပိုမိုများပြားလာဖို့ ပါဝင်အထောက်အပံ့ ပေးနိုင်တဲ့အတွက် YACL အနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒါဟာ လွန်ခဲ့တဲ့သုံးလက အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့မှာ YACK နဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းစျေး ကွက်မြှင့်တင်ရေးအသင်းနဲ့အတူ ပူးတွဲစီစဉ်ခဲ့တဲ့ ခရီးသွားပြပွဲရဲ့အကျိုးရလဒ်ပါပဲ။ နောက်ထပ်ခရီးစဉ်တွေနဲ့ နောက်ထပ်အိန္ဒိယ လေကြောင်းလိုင်းတွေ ရန်ကုန်လေဆိပ်မှာ ထပ်မံတိုးချဲ့လာရောက် ပျံသန်းကြဖို့လည်း မျှော်လင့်ပါတယ်” ဟု YACL ၏ Chief Operation Officer ဖြစ်သူ Mr, Jose Angeja က ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်အသုံးပြုသူခရီးသည်များ ခရီးသွားလာရာတွင် အချိန်နှောင့်နှေးမှုမဖြစ်ပေါ်စေဘဲ လွယ်ကူမြန်ဆန်ချောမွေ့စွာ ထွက်ခွာသွားလာနိုင်ရန် ပထမဆုံးသော ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးသွားမည့် ကြယ်ငါးပွင့်အဆင့်ရှိ Mingalar Sky Premium Lounge ကို သြဂုတ် ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

ယခုစတင်ဖွင့်လှစ်သည့် Mingalar Sky Premium Lounge သည် Terminal 1 မြေညီထပ်တွင် သီးသန့်ဧည့်ကြိုကောင်တာ ဧရိယာထားရှိပြီး ထိုမှတစ်ဆင့် ဒုတိယထပ်ရှိ Lounge သို့ အချိန်တိုအတွင်း သွားရောက်နိုင်မည်ဖြစ်သည်။ Mingalar Sky Premium Lounge မှာ YACL မှ စီမံခန့်ခွဲလျက်ရှိသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖွင့်လှစ်သည့် လေးခုမြောက် Mingalar Sky Lounge ဖြစ်ကြောင်း သိရသည်။

Mingalar Sky Company Limited မှ စီမံခန့်ခွဲသွားမည့် အဆိုပါ Lounge တွင် ခရီးစဉ်ကူးပြောင်းစီးနင်းမည့် ခရီးသည်များနှင့် အခြားခရီးသည်များအတွက် free Seating Area တွင် ခရီးသည်အများဆုံး ၈၀ နှင့် လူ ၁၀ ဦးအထိ လက်ခံဝန်ဆောင်မှုပေးနိုင်မည့် သီးသန့်နားနေခန်း ခြောက်ခန်းတို့ဖြင့် ၂၄ နာရီပတ်လုံး ဖွင့်လှစ်ဝန်ဆောင်မှုပေးမည်ဟု သိရသည်။

ယင်းပြင် ခရီးသည်သုံးဦးအထိ အသုံးပြုနိုင်မည့် Departure Service Package ကို အမေရိကန်ဒေါ်လာ ၂၀၀ သို့မဟုတ် ၎င်းနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ဝယ်ယူပြီး ဝန်ဆောင်မှုရယူအသုံးပြုနိုင်မည်ဟု သိရသည်။

အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြားတွင် မဟာဗျူဟာမြောက်စွာတည်ရှိနေပြီး ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ နာရီတာ၊ အင်ချွန်း၊ ဒူဘိုင်း၊ ဒိုဟာ၊ ဘေဂျင်း၊ ဟောင်ကောင်နှင့် တိုင်ပေအစရှိသော  မြို့ကြီးများနှင့်လည်း ခြောက်နာရီကြာ ပျံသန်းချိန်အကွာအဝေးအတွင်း တည်ရှိနေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ခရီးသည်စုစုပေါင်း ၆ ဒသမ ၀၃၅ သန်းကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent