နိုင်ငံ၏သမိုင်းကြောင်းနှင့် နိုင်ငံ၏ ဖြစ်တည်မှုများအရ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည့် စကားသည် မည်သည့်ခေတ် မည်သည့်အခါမဆို အမြဲမှန်ကန်မှုရှိနေမည်ဖြစ်ကြောင်း စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

နိုင်ငံ၏သမိုင်းကြောင်းနှင့် နိုင်ငံ၏ ဖြစ်တည်မှုများအရ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည့် စကားသည် မည်သည့်ခေတ် မည်သည့်အခါမဆို အမြဲမှန်ကန်မှုရှိနေမည်ဖြစ်ကြောင်း စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
 စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၁) သင်တန်းဆင်းဗိုလ်လောင်းများ စစ်ရေးပြနေသည်ကို တွေ့ရစဉ်
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၁) သင်တန်းဆင်းဗိုလ်လောင်းများ စစ်ရေးပြနေသည်ကို တွေ့ရစဉ်
Published 6 December 2019
ကျော်ဇင်ဝင်း

နိုင်ငံ၏သမိုင်းကြောင်းနှင့် နိုင်ငံ၏ဖြစ်တည်မှုများအရ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည့် စကားသည် မည်သည့်ခေတ် မည်သည့်အခါမဆို အမြဲမှန်ကန်မှုရှိနေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သော စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၌ဖြစ်စေ၊ အဖွဲ့အစည်းအသီးသီး၌ဖြစ်စေ ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းလျှင် စည်းလုံးညီညွတ်မှုကောင်းပြီး ခေါင်းဆောင်မှုသည် ကောက်ရိုးမီးကဲ့သို့ လုပ်၍မရကြောင်း၊ ကိုယ်တိုင်စံနမူနာပြဖြစ်အောင်နေ ထိုင်ပြီး လက်အောက်မှ ယုံကြည်အားကိုးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောင်းဆင်းဗိုလ်လောင်းများအား မှာကြားသည်။

တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် တို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအနေဖြင့် ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေးတာဝန်ထမ်းဆောင်ရန် ပြိုင်တူသစ္စာဆိုထားသူများဖြစ်သည့်အတွက် ပေးအပ်လာသည့်တာဝန်များကို သစ္စာရှိရှိ တာဝန်ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်နေတဲ့ တပ်မတော်အနေနဲ့ ကာကွယ်ရေးစွမ်းရည်ရှိနေဖို့ အမြဲတမ်းလေ့ကျင့်ရမယ်။ အမြဲတမ်း စစ်ရေးသတိရှိရမယ်။ အမြဲတမ်း တိုက်ပွဲဝင်အသင့်ဖြစ်ရမယ်ဆိုတဲ့ မြဲသုံးမြဲနဲ့ ပြည့်နေစေဖို့လည်းလိုတယ်။ တို့နိုင်ငံရဲ့သမိုင်းကြောင်း၊ နိုင်ငံရဲ့ဖြစ်တည်မှုတွေအရ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့စကားဟာ ဘယ်သောအခါမှ ဘယ်ခေတ်ဘယ်အခါမဆို အမြဲမှန်ကန်မှုရှိနေမှာပဲဖြစ်တယ်။ ဒါကြောင့်တို့တပ်မတော်ကို ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်ပြီး သမားရိုးကျ စစ်ပွဲတွေဆင်နွှဲနိုင်တဲ့ ခေတ်မီတပ်မတော် Standard Army အဖြစ် တည်ဆောက်လျက်ရှိနေတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်လောင်းများအား ပြောကြားသည်။

တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသော တစ်ခုတည်းသောတပ်မတော်ဖြစ်သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည့်အပြင် ပြည်သူများ၏နေ့စဉ် လူမှုဘဝလုံခြုံရေးကိုပါ ဘက်ပေါင်းစုံမှကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်သည့် အရင်းအမြစ်ကောင်းများ ပေါကြွယ်ဝသော်လည်း ငြိမ်းချမ်းရေးအရင်းမြစ်ကောင်းများ လိုအပ်နေဆဲဆိုသည်မှာ အားလုံးလက်ခံရမည့် အရှိတရားဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“ငြိမ်းချမ်းရေးဆိုတာ နိုင်ငံတိုင်း လူမျိုးတိုင်းအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အရိပ်အာဝါသတစ်မျိုးလည်းဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတဲ့အရိပ်ကောင်းရှိမှသာ တည်ငြိမ်အေးချမ်းတဲ့ လူ့ပတ်ဝန်းကျင် သာယာနာပျော်ဖွယ်ကောင်းတဲ့ လူမှုဘဝ၊ ဖွံ့ဖြိုးတိုးတက်တဲ့အခြေခံ အဆောက်အအုံတွေကို ဖန်တီးတည် ဆောက်နိုင်ကြမှာဖြစ်တယ်။ တို့နိုင်ငံမှာ နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်တဲ့ အရင်းအမြစ်ကောင်းတွေပေါ ကြွယ်ဝတဲ့ နိုင်ငံဖြစ်ပေမဲ့ ငြိမ်းချမ်းရေး အရင်းအမြစ်ကောင်းတွေကတော့ လိုအပ်နေဆဲပဲဖြစ်တယ်ဆိုတာ အားလုံးလက်ခံရမယ့် ပကတိအရှိတရားပဲဖြစ်တယ်။ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေးရှုပြီး ခေတ်အဆက်ဆက် တောက်လောင်နေခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အပြီးတိုင်ငြိှမ်းသတ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့၊ စည်းလုံးညီညွတ်တဲ့ ဒီမိုကရေစီနိုင်ငံကို ပြည်သူ့ဆန္ဒနဲ့အညီ တည်ဆောက်သွားကြရမှာဖြစ်တယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိစ္စများ ဆောင်ရွက်ရာတွင် တဒင်္ဂငြိမ်းချမ်းရေး၊ တဒင်္ဂပြဿနာများ ပြေငြိမ်းရေးကိုသာ  ဦးတည်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

NCA စာချုပ်သည် လက်နက်ကိုင်လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကို အခြေခံသော စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုဖြစ်ရန် လမ်းခင်းပေးထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် NCA ပေါ်မှာပင်ရပ်တည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ဆိုသည်။

“တို့နိုင်ငံသွားရမှာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဖြစ်တယ်။ ဒီမိုကရေစီဆိုတာ ပြည်သူကို ဗဟိုပြုထားတာဖြစ်တယ်။ ပြည်သူအားလုံး၊ နိုင်ငံသူနိုင်ငံသားအားလုံး ပါဝင်ပြီး နိုင်ငံတော်ကို တည်ဆောက်တာဖြစ်တယ်။ ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး မိမိတို့လိုရာကို အဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုးနဲ့ ဖွင့်ဆိုနေကြတာကို တွေ့ရှိရတယ်။ ရဲဘော်တို့သိရှိ ထားရမှာက ဖက်ဒရယ်ဆိုတာပေါင်းစည်းခြင်းနဲ့ သဟဇာတဖြစ်မှုပဲဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရေး၊ တိုင်းရင်းသားပြည်သူလူထုက လိုလားတောင့်တသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်ဝယ်သို့ အရောက်ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

 

Most Read

Most Recent