ကမ္ဘာ့ရေနံစျေး တစ်စည် ၅၆ ဒေါ်လာဝန်းကျင်အထိ ပြန်ကျခဲ့ပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ ငါးရက်အတွင်း တစ်လီတာ ၂၅ ကျပ် ပြန်လည်ကျဆင်း

ကမ္ဘာ့ရေနံစျေး တစ်စည် ၅၆ ဒေါ်လာဝန်းကျင်အထိ ပြန်ကျခဲ့ပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ ငါးရက်အတွင်း တစ်လီတာ ၂၅ ကျပ် ပြန်လည်ကျဆင်း
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 4 December 2019
စည်သူအောင်

ကမ္ဘာ့ရေနံစျေး ၅၆ ဒေါ်လာဝန်းကျင်အထိ ပြန်ကျခဲ့ပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ ငါးရက်အတွင်း တစ်လီတာ ၂၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ကမ္ဘာ့ရေနံစျေးနှုန်းသည် စက်တင်ဘာ ၁၆ ရက်တွင် ၆၂  ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ဒီဇင်ဘာ ၄ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၉၄၅ ကျပ် (တစ်ဂါလန် ၄၂၉၆ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၉၅၅  ကျပ် (တစ်ဂါလန်  ၄၃၄၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၈၇၅ ကျပ် (တစ်ဂါလန် ၃၉၇၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ  ၉၆၅ ကျပ် (တစ်ဂါလန် ၄၃၈၆ ကျပ်) ဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ဖြစ်ပေါ်ခဲ့သော စျေးနှင့်နှိုင်းယှဉ်ပါက စက်သုံးဆီစျေးနှုန်းများ တစ်လီတာ ၂၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်စျေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါ လန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ်၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးခဲ့ကာ ဇွန်လ (၂၁ ရက်အထိ)တွင် ကျပ် ၁၁၀ မှ ၁၃၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း တစ်လီတာ ၃၅ ကျပ်ပြန်လည် မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ သြဂုတ် ၁၅ ရက် မှ စက်တင်ဘာ ၂၅  ရက်အတွင်း တစ်လီတာ ကျပ် ၇၀ အထိပြန်တက်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အထိ တစ်လီတာ ကျပ် ၄၀ ပြန်လည်ကျဆင်းခဲ့သည်။ အောက်တိုဘာ ၉ ရက်မှ ၂၅ ရက်အထိ တစ်လီတာ ကျပ် ၄၀ မှ ၄၅ ကျပ်အထိ ပြန်တက်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ တစ်လီတာ ကျပ် ၁၀ မှ ၁၅ ကျပ်အထိ ပြန်ကျခဲ့ကာ နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အထိ တစ်လီတာ ၁၀ မှ ၃၅ ကျပ်အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိ မြင့်တက်ခဲ့သည်။                                      

 

 

Most Read

Most Recent