ဒေါက်တာ သက်သက်ခိုင်နှင့် တွေ့ဆုံခြင်း

ဒေါက်တာ သက်သက်ခိုင်နှင့် တွေ့ဆုံခြင်း
Published 1 December 2019
ဉာဏ်လင်းထွန်း

NLD ပါတီမှ နုတ်ထွက်ခဲ့သည့် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ဦးဆောင်ပါဝင်လျက်ရှိသည့် ပြည်သူ့ရှေ့ဆောင် ပါတီမိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ရှိ Melia Hotel တွင် ကျင်းပခဲ့ပါ တယ်။ ပါတီတွင် စီးပွားရေးလုပ်ငန်းရှင်၊ တတ်သိပညာရှင်များ အပါအဝင် လူငယ်၊ အမျိုးသမီးနှင့် တိုင်းရင်းသားများ ပါဝင်ကာ စုပေါင်းဦးဆောင်မှုစနစ်ဖြင့် ဆောင်ရွက်မည် ဟုမိတ်ဆက်ပွဲတွင် ပါတီခေါင်းဆောင်များက ရှင်းလင်းပြောကြားပါတယ်။ ဗဟိုဦးစီးစနစ် နှင့် သြဇာတိက္ကမ ရှိသူတစ်ဦးတစ်ယောက်တည်းကို အားကိုးဆောင်ရွက်မည် ပါတီ မဟုတ်ဘဲ မူဝါဒနှင့် လုပ်ငန်းစဉ်များအပေါ် အခြေခံဆောင်ရွက်သွားမည့် Programmatic Paty ဖြစ်သည်ဟုကြေညာတဲ့ ပြည်သူ့ရှေ့ ဆောင်ပါတီမိတ်ဆက်ပွဲ အခမ်းအနားအပြီးမှာ ဒေါက်တာသက်သက်ခိုင်ကို  Weekly Eleven အပါအဝင် အခြားသော သတင်းမီဒီယာများ ၀ိုင်းဝန်းမေးမြန်းချက်မှုများနဲ့ စပ်လျဉ်း၍ ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။

 

မေး - ဒေါက်တာ သက်သက်ခိုင် အနေနဲ့ ပြည်သူ့ရှေ့ ဆောင်ပါတီမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေပါ သလဲ။

ဖြေ - ကျွန်မက ပါတီတည်ထောင်သူ တရားဝင် ၁၉ ယောက်ထဲမှာ မပါပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ကျွန်မက ဒီပါတီမှတ်ပုံတင်ကျပြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နုတ်ထွက် တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါပေမဲ့ ကျွန်မအစည်းအဝေးတွေမှာ ပါပါတယ်။ အဓိကက တော့ အဖွဲ့သုံးဖွဲ့ခွဲပြီး အလုပ်လုပ်တယ်ပေါ့နော်။ နံပါတ် (၁) အဖွဲ့က ပါ တီတရားဝင် မှတ်ပုံတင်ရရေးပါ။ အဲဒီမှာ ကျွန်မမပါပါဘူး။ နံပါတ်(၂) အဖွဲ့ကပါတီဖွဲ့စည်းပုံ၊ စည်းမျဉ်းတွေ ဆွဲပြီးတော့မှ Organizational Develo-pment Institutionalization မှာ ကျွန်မအဓိက ပါဝင်တာဖြစ်ပါတယ်။ တတိယအဖွဲ့ကတော့ မူဝါဒတွေ ရေးဆွဲတဲ့အဖွဲ့ဖြစ်ပါတယ်။ အဲဒါကတော့ ဒေါက်တာဇော်ဦး (ပါတီ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်) ဦးဆောင်တဲ့ အဖွဲ့ ဖြစ်ပါတယ်။

 

မေး - ပါတီတည်ထောင်တဲ့ ရည်ရွယ်ချက်ကိုပြောပြ ပေးပါ။

ဖြေ - အဓိက ရည်ရွယ်တာကတော့ တိုင်းပြည်ဖွံ့ဖြိုးရေးကိုလိုလားကြတဲ့ နိုင်ငံသူ၊ နိုင်ငံ သားတိုင်းဟာဖွံ့ဖြိုးတိုးတက်တဲ့ သာယာဝပြောတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးမှာလူမှန်နေရာမှန်နဲ့ ပါဝင်သွားနိုင်အောင် ရည်ရွယ်ပြီးမှ ဖွဲ့စည်းတာဖြစ်ပါတယ်။

 

အဓိက ရည်ရွယ်တာကတော့ တိုင်းပြည်ဖွံ့ဖြိုးရေးကို လိုလားကြတဲ့ နိုင်ငံသူ၊  နိုင်ငံသားတိုင်းဟာဖွံ့ဖြိုးတိုးတက်တဲ့ သာယာဝပြောတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊  နိုင်ငံတည်ဆောက်ရေးမှာ လူမှန်နေရာမှန်နဲ့  ပါဝင်သွားနိုင်အောင် ရည်ရွယ်ပြီးမှ ဖွဲ့စည်းတာဖြစ်ပါတယ် . . .

မေး- လက်ရှိမှာပါတီရဲ့ ဖွဲ့စည်းပုံချမပြနိုင်သေးဘူး။ ဖွဲ့စည်းပုံကိုဘယ်လိုလုပ် ဆောင်ပြီးရွေးချယ်သွားမှာလဲ။

ဖြေ- ကျွန်မတို့က ပါတီရဲ့ ဖွဲ့စည်းပုံ၊ စည်းမျဉ်း တော့ အတိအကျ ရှိပြီရှင့်။ အဲဒါနဲ့တကွ ဒီမို ကရေစီရဲ့ထုံးစံအတိုင်း မြို့နယ်တွေမှာ စည်းရုံးမယ်။ မြို့နယ်တွေမှာ မြို့နယ်ညီလာခံလုပ် မယ်။ ပြီးရင် တိုင်းညီလာခံနဲ့ ဗဟိုညီလာခံလုပ်ပြီးတော့မှ ဖွဲ့စည်းသွားမှာပါ။ အဲဒါကို သင်္ကြန်မတိုင်မီတော့ အပြီးဖွဲ့စည်းမှ ရမှာပါ။ အခုချိန်မှာတော့ မြို့နယ် စည်းရုံးမှူးတွေ စတင်ပြီး ခေါ်နေပါတယ်။

 

မေး- ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ဘယ်နှနေရာ လောက် ဝင်ပြိုင်ဖို့ရှိလဲ။

ဖြေ- အဲဒါတော့ မသိသေးဘူးရှင့်။ အဲဒါ မဖြေနိုင်သေးဘူးရှင့်။

 

မေး- ဒီပါတီမှာ ပညာတတ် လူကြီး၊ လူငယ်တွေ ပညာရှင်တွေ အများအပြား ပါတာတွေ့ရတယ်။ ဒီပညာရှင်၊ ပညာတတ်တွေကအခု မြန်မာနိုင်ငံပြောင်းလဲမှုအပေါ် မှာဘယ်လောက်အထိများ ပံ့ပိုးပေးနိုင်မလဲ မသိဘူး။

ဖြေ- ကျွန်မတို့ကပညာရှင်၊ ပညာတတ်ဆိုတာထက် နယ်ပယ်အသီးသီးမှာ အောင်မြင် နေကြတဲ့ တတ်သိပညာရှင်တွေလို့ ပြောတာပေါ့နော်။ ပြီးရင် စီးပွားရေးလုပ် ငန်းရှင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ လူငယ်ပညာတတ်တွေ၊ တိုင်းရင်းသားတွေ အကုန်ပါမှာပါ။ အကုန်ပါမှာဆိုတော့  Diverse ဖြစ်တာပေါ့ နော်။ မတူကွဲပြားစုံ လင်တာတွေပေ့ါ။ မတူကွဲ ပြားစုံလင်တဲ့အတွက် ကိုယ်ကျွမ်းကျင်ရာတွေ ရှိမှာပေါ့။ လူတစ်ယောက်တည်းက အကုန် လုံးမသိနိုင်ဘူး။ လူတစ်ယောက်တည်းက အကုန်လုံး လိုက်မလုပ်နိုင်ဘူး။ လူတစ်ယောက်တည်းက အကုန်လုံးကိုလိုက်ပြီး မညွှန်ကြားနိုင်ဘူး ပေါ့ နော်။ အဲဒီကျတော့ ကိုယ်ကျွမ်းကျင်တဲ့ နေရာမှာကိုယ် ဦးဆောင်ခွင့်ရခြင်းအားဖြင့် စုပေါင်းဦးဆောင်မှုကို ကျွန်မတို့ ဖော်ဆောင်သွားမှာဖြစ်ပါတယ်။

 

မေး- ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ အခြားနိုင်ငံရေးပါတီတွေ မတူညီတဲ့ အဓိကအချက်က ဘာလဲ။

ဖြေ- မတူညီတဲ့ အဓိကအချက်က နိုင်ငံရေး သိပ်မဆန်တဲ့ နိုင်ငံရေးပါတီလို့များပြောလို့ ရမလားမသိဘူးရှင့်။ ကျွန်မတို့ကဒီလိုပေါ့။ ပါတီနိုင်ငံရေးဆိုတာထက် အမျိုးသားနိုင်ငံရေးကို သွားမှာ။ ဒါကတော့ ပါတီတိုင်း ပြောလို့ ရတယ်ပေါ့နော်။ သို့သော်လည်း အမျိုးသား နိုင်ငံရေးလို့ ဘာကြောင့်ပြောတာလဲဆိုရင် ပါတီအာဏာရရေးထက် တိုင်းပြည် ဖွံ့ဖြိုးတိုး တက်ရေးကို ဘယ်ဘက်နေပါရမလဲပေါ့နော်။ တခြားပါတီတွေနဲ့ မိတ်ဖက်လုပ်မယ်။ ဒေါက်တာဇော်ဦး ပြောသွားတာလည်း ပါပါတယ်။ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးမူဝါဒတွေကို ကျွန်မတို့ပါတီတွေကြားထဲမှာဘုံလုပ်ငန်းစဉ် အနေနဲ့ လုပ်ပြီးတော့ တခြားပါတီတွေနဲ့ပူးတွဲပြီး မူဝါဒအားဖြင့် ဝန်ဆောင်မှု ပေးတာပေါ့ နော်။ ကျွန်မတို့ဆီမှာ တတ်သိပညာရှင်တွေ လုပ်ငန်းရှင်တွေ အတွေ့အကြုံရင့်ကျက်သူတွေ ဦးစားပေးတာဖြစ်တဲ့အတွက်ကြောင့် မူဝါဒကောင်းကောင်းတွေလည်း ထွက်မယ်။ အဲဒါတွေကို တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ အဓိကရည်ရွယ်ချက်ကတော့ တိုင်းပြည်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဓိကသွားမှာဖြစ်ပါတယ်။ အဲဒီကျတော့ ငြိမ်းချမ်းရေးကိုလည်း မျက်ကွယ်ပြုတာမဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်ရေးရှိရင် ငြိမ်းချမ်း ရေးလည်းရလာမယ်။ ငြိမ်းချမ်းခြင်းရှိမှလည်း ဖွံ့ဖြိုးတိုးတက်ခြင်းရှိမယ်ဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ အတွေ့အကြုံ ရင့်ကျက်တဲ့ ပုဂ္ဂိုလ်တွေ ပင့်ဖိတ်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးရေးကိုတစ်ပြိုင်နက် သွားမယ်ဆိုတဲ့ သဘောလေးကျရောက်ပါတယ်။ ဒါပေမဲ့  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကတော့ ကျွန်မတို့ အဖွဲ့အစည်းရဲ့ အားသာချက်လို့ ပြောချင်ပါ တယ်။

 

မေး- ဒီနေ့ ပါတီမိတ်ဆက်ပွဲကို ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်က တွဲဖက်အတွင်းရေးမှူး (၁) တက်ရောက်ပြီး တိုင်းရင်းသားရေးရာကဏ္ဍကို ဆွေးနွေးသွားတာ တွေ့ရပါတယ်။ အဲဒါကြောင့် ပြည်သူ့ရှေ့ ဆောင်ပါတီနဲ့ မဟာမိတ်ဆက်ဆံ ရေးရှိတဲ့ပါတီတွေရှိ နေပြီလား။ ဘယ်ပါတီတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ရှိိ မလဲ။

ဖြေ- ကျွန်မတို့ ဒေါက်တာဇော်ဦးတို့ ပညာရှင်အဖွဲ့ကနေပြီးတော့ စီးပွားရေးနဲ့ဆိုင်တဲ့ စက္ကူဖြူစာတမ်းကိုထုတ်မယ်ပေ့ါနော်။ အဲဒီ ကျရင် တခြားပါတီတွေကိုလည်းဖိတ်ခေါ် ဆွေးနွေးမယ်။ သူတို့က သဘောတူညီတယ်ဆိုရင် ကျွန်မတို့အကုန်လုံးရဲ့ ဘုံလုပ်ငန်းစဉ် ဆိုပြီးတော့ လုပ်မှာဖြစ်ပါတယ်။ အဓိကက တော့ တိုင်းရင်းသားပါတီတွေပေါ့နော်။ ဘာ ဖြစ်လို့လဲဆိုရင် ကျွန်မတိိ့ုကဒီမိုကရေစီ ဖက် ဒရယ်ပြည်ထောင်စုလို့ ပြောရင် တိုင်းရင်းသားတွေ နှစ်ရှည်လများစောင့်စားခဲ့ရတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုရဖို့ အတွက်ကို ပြည်နယ်တွေမှာတိုင်းရင်းသားပါတီတွေရှိတဲ့နေရာမှာ ကျွန်မတို့ သိပ်မသွား ဘဲ တိုင်းဒေသကြီးတွေမှာ ပိုသွားခြင်းအားဖြင့် ကျွန်မတို့ မဲဆန္ဒနယ်မြေပူးပေါင်းဆောင် ရွက်တဲ့သဘောဖြစ်တယ်။ ပြီးရင် တိုင်းရင်းသားတွေအတွက်ကိုသူ့သက် ဆိုင်တဲ့နေရာ ကိုပေးထားတဲ့ သဘောဖြစ်ပြီးတော့ ကျွန်မ တို့ကလည်း တိုင်းဒေသ ကြီးတွေမှာ ကြိုးစား ပြီးယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

 

မေး- ပါတီရဲ့ မူဝါဒနဲ့ စံတွေကကောင်းမွန်ပေမဲ့ အများပြည်သူနားလည်နိုင်မှုနဲ့ နိုင်ငံရေးပါတီကြီးတွေ ရဲ့ နိုင်ငံရေးကျော်စောမှုကိုဘယ်လိုများကျော်ဖြတ်နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ- ကျွန်မတို့ ယုံကြည်တာကတော့ အဆောက်အအုံ တစ်ခုဆောက်ရင်လည်း အခြေခံ  Foundation ခိုင်ဖို့ အရေးကြီးတယ် ပေါ့နော်။ ကျွန်မအနေနဲ့ကတော့ ပါတီတည်ဆောက်ရေးမှာပါတီရဲ့ဖွဲ့စည်းပုံ၊ စည်းမျဉ်း အရေးကြီးတယ်ပေါ့နော်။ ကျွန်မတို့ တိုင်း ပြည်မှာလည်းတိုင်းပြည်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းက အရေးကြီးဆုံးဖြစ်သလို ကျွန်မတို့ ပါတီမှာလည်းပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကအရေးကြီးပါတယ်ရှင့်။ အဲဒါတွေကို ကျွန်မတို့က နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရေစီနည်းလမ်းကျတဲ့ ပါတီတွေပေ့ါနော်။ အဲဒီပါတီ တွေရဲ့ ဖွဲ့စည်းပုံတွေကိုသုတေသနပြုထားပြီးတော့မှ အများနဲ့ ပညာရှင် လူငယ်တွေနဲ့ ဆောင်ရွက်ပြီးတဲ့အခါကျရင် မြန်မာပြည်နဲ့ အကိုက်ညီဆုံး မြန်မာပြည် မှာအလိုအပ်ဆုံး ပုံစံနဲ့ စထွက်တာဖြစ်ပါတယ်ရှင့်။ မြန်မာ စကားပုံလိုပေါ့နော်။ အစကောင်းမှ အနှောင်း သေချာပေါ့။ ကျွန်မတို့ အခုကစထွက်တာ ဖြစ်တဲ့အတွက် စထွက်တဲ့အချိန်မှာ အခြေ ခံခိုင်ခိုင်မာမာနဲ့ အစကောင်းခြင်းအားဖြင့် အနှောင်းသေချာ ဖို့အတွက်ကိုရှေ့ဆက် သွားနိုင်မှာဖြစ်ပါတယ်။ ပါတီကရေရှည်အတွက်ကို ရည်ရွယ်ပါတယ်။

 

 

ကျွန်မတို့ ပါတီက ဘာကြောင့် စိတ်ဝင်စားသင့်လဲဆိုရင် နံပါတ်(၁) Programmatic Party ဖြစ်လို့ စိတ်ဝင်စားသင့်တယ်။  ကျွန်မ ပထမပြောသွားသလိုပဲ ဗဟိုဦးစီးစနစ်နဲ့ အုပ်ချုပ်တဲ့ Paternalistic Party လည်း မဟုတ်ဘူး။ သြဇာတိက္ကမကြီးတဲ့ ခေါင်းဆောင်တစ်ယောက်တည်းကို မှီခို်အားကိုးလွန်းတဲ့ Personalistic Party လည်း မဟုတ်ဘဲနဲ့ ကျွန်မတို့က ပညာရှင်တွေ၊  လုပ်ငန်းရှင်တွေ . . .

 

မေး- ဆရာမပွဲမှာပြောသွားတယ်။ NLD က ကျေးဇူး ရှိတယ်ပေါ့နော်။ အဲဒီလိုပြောတော့ NLD တစ်ချိန် ချိန်မှာ အကူအညီပြန်လိုခဲ့ရင်ရော ကျေးဇူးဆပ်ဖို့ များရှိလား။ ဒါမှမဟုတ် NLD နဲ့က လုံးဝ ပြီးဆုံးသွား ပြီလား။

ဖြေ- ကျွန်မတို့ က NLD နဲ့ ပြီးဆုံးသွားတယ် လို့ မဟုတ်ပါဘူးရှင့်။ ကျွန်မတို့ကဒီလိုပါ။ နိုင်ငံရေးပါတီဆိုတာ ကျွန်မဘယ်လိုထင်လဲ ဆိုရင် နိုင်ငံ့အကျိုးလုပ်ဖို့၊ နိုင်ငံ့အရေးကို ဆောင်ရွက်ဖို့အတွက် စင်္ကြံတစ်ခုမျှသာ ဖြစ်တယ်ပေါ့နော်။ ဒီပါတီကိုပဲ တအားပဲ ဦးထိပ်ပန်ဆင်ပြီးတော့ ပါတီနိုင်ငံရေးပဲလုပ် မယ်။ ပါတီပဲအရေးကြီးတယ်ဆိုတဲ့ ဒီလို အတွေးအခေါ်တွေ ကျွန်မတို့မှာမရှိပါဘူး။ အဲဒီလိုမရှိဘဲနဲ့ ဦးထိပ်ပန်ဆင်တာက နိုင်ငံတော်အလံရယ်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးရယ်၊ နိုင်ငံနဲ့နိုင်ငံသူ နိုင်ငံသားတွေ ဖွံ့ဖြိုး တိုးတက်ရေးကိုလုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့နဲ့ မူဝါဒတူတယ်။ စိတ် သဘောထားချင်းတိုက်ဆိုင်တဲ့ ဘယ်ပါတီမျိုးမဆို အဖွဲ့အစည်းအချင်းချင်းလိုလည်း ဖြစ်စေ၊ ဒါမှမဟုတ်လည်း လူတစ်ဦးချင်းစီ လည်း ဖြစ်ပါစေပေါ့။ လူတစ်ဦးချင်းစီဆိုတာ ဥပမာကိုယ်စားလှယ်လို့ပြောလို့ရင် ပါတီတူ ချင်မှ တူမယ်။ တွေးခေါ်တာလက်ခံထားတာ မူဝါဒတွေတူတယ်ဆိုရင် တူတာတွေရှာပြီး တော့မှ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

 

မေး- လက်ရှိအာဏာရပါတီကို ယှဉ်ပြိုင်နိုင်အောင် ဘယ်လို ပြင်ဆင်သွားမလဲ။

ဖြေ- ကျွန်မတို့ အာဏာရပါတီကို ယှဉ်ပြိုင်တာမဟုတ်ဘူးရှင့်။ အဓိကကဘာလဲဆိုရင် အာဏာရပါတီကို ယှဉ်ပြိုင်တာမဟုတ်ဘူး။ ကျွန်မတို့ကပါတီစုံဒီမိုကရေစီ စနစ်ဖြစ်တဲ့ အခါကျတော့ ပါတီတွေ စုံတာပေါ့နော်။ ပါတီတွေ စုံလာပြီးတော့ ပြည်သူလူထုအတွက် ရွေးချယ်စရာအားကောင်းလာအောင်  ပါတီတစ်ခုအနေနဲ့ ထွက်ပေါ်တာ ဖြစ်ပါ တယ်။

 

မေး- ပြည်သူ့ရှေ့ဆောင်ပါတီကို ပြည်သူလူထုက ဘာကြောင့် စိတ်ဝင်စားသင့်လဲ။

ဖြေ- ကျွန်မတို့ ပါတီကဘာကြောင့် စိတ်ဝင်စားသင့်လဲဆိုရင် နံပါတ်(၁) Programmatic Party ဖြစ်လို့ စိတ်ဝင်စားသင့်တယ်။ ကျွန်မ ပထမပြောသွားသလိုပဲ ဗဟိုဦးစီးစနစ်နဲ့ အုပ်ချုပ်တဲ့  Paternalistic Party လည်း မဟုတ်ဘူး။ သြဇာတိက္ကမကြီးတဲ့ ခေါင်းဆောင်တစ်ယောက်တည်းကို မှီခို်အားကိုးလွန်းတဲ့ Personalistic Party လည်း မဟုတ်ဘဲနဲ့ ကျွန်မတို့ ကပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ တတ်သိပညာရှင်တွေ၊ အတွေ့အကြုံရင့်ကျက်သူတွေ၊ လူငယ်ပညာတတ်တွေ ၊ အမျိုးသမီး၊ အမျိိုးသားလူထုလူတန်းစားပေါင်းစုံ ပါဝင်ပြီးတော့ အဓိကကတော့ သုတေသနတွေ့ရှိချက်တွေအပေါ် မူတည်ပြီးတော့ ရေးဆွဲထားတဲ့ မူဝါဒတွေပေါ့။ အဲဒီ မူဝါဒတွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်မယ့် လုပ်ငန်းစဉ် အတိအကျရှိတဲ့ Programmatic Party ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ PPP ဆိုတဲ့ ပါတီကို ပြည်သူတွေက စိတ်ဝင်စားသင့်ပါတယ်။

 

မေး- ဒေါက်တာသက်သက်ခိုင်အနေနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲကို ယှဉ်ပြိုင်ဖို့ ရှိမလား။

ဖြေ- ကျွန်မရွေးကောက်ပွဲ ယှဉ်ပြိုင်မယ်ရှင့်။ ကျွန်မ နိုင်ငံရေး လုပ်ချင်သေးလို့ကို ဒီပါတီ တည်ထောင်ပြီးမှ လုပ်တာ။

Most Read

Most Recent