အီတလီစီရီးအေပွဲစဉ် (၁၄) ပွဲကြို သုံးသပ်ချက်

အီတလီစီရီးအေပွဲစဉ် (၁၄) ပွဲကြို သုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 1 December 2019

ဂျူဗင်တပ်စ် - ဆာဆူအိုလို (တနင်္ဂနွေည ၆:၀၀ နာရီ)

ကယ်တင်ရှင် ဒီဘားလားနဲ့ ဂျူဗင်တပ်စ်ရဲ့ အောင်ပွဲတွေဟာ နည်းပြ ဆာရီအတွက် အမှန်တကယ်ချိုမြိန်ပါရဲ့လား။ ပျောက်ဆုံးနေတဲ့စီရော်နယ်လ်ဒို သွင်းဂိုးတွေနဲ့အတူ ပြန်လာနိုင်ရေးဟာ ဆာရီအတွက် ခေါင်းပူစရာတစ်ခုဖြစ်သလို၊ ဟီဂွါအင် ဂိုးတွေဆက်သွင်းနိုင်ရေးဟာလည်း ဆာရီ မဖြစ်မနေဆုတောင်းရမယ့်အရာမျိုးပါပဲ။ ဆာဆူအိုလိုက ဒီရာသီမှာ စီးရီးအေထိပ်သီး အသင်းတွေနဲ့ရင်ဆိုင်ရတိုင်း ကိုယ်စွမ်းရှိသမျှရုန်းကန်တတ်ပေမယ့် ရလဒ်တွေတော့ မကောင်းဘူး။ အဝေးကွင်းနောက်ဆုံး (၂)ပွဲဆက် ဆာဆူအိုလို ရလဒ်ကောင်းထားပေမယ့်  ဒီရာသီစီးရီးအေမှာ အိမ်ကွင်း နိုင်ပွဲရာနှုန်းပြည့်ယူထားတဲ့ ဂျူဗင်တပ်စ်ဆီ ကနေ တစ်မှတ်ရရှိရေးမျှော်လင့်ချက်ဟာ မလွယ်ကူပါဘူး။ ဂျူဗင်တပ်စ်က အိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ (၅)ပွဲအထိ တစ်ဂိုး အသာနဲ့သာ အနိုင်ရထားပါတယ်။ ဒီပွဲမှာတော့ ဂျူဗင်တပ်စ် (၂)ဂိုးပြတ် အနိုင်ရမယ်ထင်ပါတယ်။

အင်တာမီလန် - SPAL (တနင်္ဂနွေည ၈:၃၀ နာရီ)

လူကာကူနဲ့ မာတီနက်ဇ်တို့ရဲ့ သွင်းဂိုးတွေဟာ အင်တာမီလန်အနာဂတ်အတွက် လမ်းပြမြေပုံဖြစ်လာပါပြီ။ ကွန်တီရဲ့အသင်းက ပိုစနစ်ကျလာပြီး တိုရီနိုနဲ့ နောက်ဆုံးပွဲမှာ ပေးဂိုးမဲ့နိုင်ပွဲယူခဲ့လို့ SPAL နဲ့ပွဲမှာလည်း ဂိုးမပေးရအောင် ကစားနိုင်ဦးမယ်ထင်တယ်။ တန်း ဆင်းဇုန်ထဲက SPAL က ခြေစွမ်းအရ အင်တာမီလန်ကို လုံးဝမယှဉ်နိုင်သလို၊ အဝေးကွင်းမှာလည်း တစ်မှတ်မှမရသေးလို့ အင်တာမီလန် အနိုင်သေချာပြီး(၂)ဂိုးပြတ်ပါလိမ့်မယ်။  

လာဇီယို - အူဒီးနီးစ် (တနင်္ဂနွေည ၈:၃၀ နာရီ)

လာဇိီယိုရဲ့ တိုက်စစ်မုန်တိုင်းကို အူဒီးနီးစ် တားဆီးနိုင် မယ်မထင်ဘူး။ လာဇီယိုက နောက်ဆုံး (၈)ပွဲဆက်အနည်းဆုံး (၂)ဂိုးသွင်းယူထားနိုင်လို့ အဝေးကွင်းမှာ ဂိုးပေးနှုန်းများတတ်တဲ့ အူဒီးနီးစ် ဂိုးတွေပေးရပါဦးမယ်။ ဒါ့အပြင် လာဇီယိုက အိမ်ကွင်း (၆)ပွဲမှာ (၄)ဂိုးအထိ သွင်းယူနိုင်တဲ့ပွဲ (၃)ပွဲအထိရှိထားပါတယ်။ အဆင့် (၃)နေရာတည်မြဲရေးအတွက် အမှတ်လျော့လို့မဖြစ်တဲ့ လာဇိီယို အနိုင်သေချာပြီး ဂိုးလည်းများနိုင်တယ်။

ပါးမား - အေစီမီလန် (တနင်္ဂနွေည ၈:၃၀ နာရီ)

ပါးမားက တောင်ပံတိုက်စစ်ကစားဟန်ကောင်းပါတယ်။ အိမ်ကွင်းမှာ တိုက်စစ်ပိုဖွင့်ကစားတတ်ပြီး ဖိအားတွေကြားက ရုန်းမထွက်နိုင်သေးတဲ့ အေစီမီလန်အသင်းကို ဒုက္ခပေးနိုင်ဦး မယ်ထင်တယ်။ အေစီမီလန်မှာ ဘယ်သူဂိုးသွင်းမလဲဆိုတဲ့ ပြဿနာကို မဖြေရှင်းနိုင်သေးလို့ အိပ်မက်ဆိုးတွေကြား ကျင် လည်နေရဆဲပါပဲ။ အေစီမီလန် နိုင်ပွဲရမယ့်အခြေအနေမရှိသေးဘဲ ပါးမား ရလဒ်ကောင်းမယ်။

နာပိုလီ - ဘိုလော့ဂ်နာ (တနင်္ဂနွေည ၁၁:၃၀ နာရီ)

နာပိုလီရဲ့ ရာသီအစမျှော်လင့်ချက်ဟာ စီးရီးအေချန်ပီယံဆုကို ရည်ရွယ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးကသာ နာပိုလီအတွက် ဖြစ်နိုင်ဖွယ်ဇာတ်ညွှန်းပါပဲ။ မပြီး ဆုံးသေးတဲ့ပြဿနာတွေကြား နာပိုလီ ဘယ်အထိနစ်မွန်းနေဦးမလဲ။ ဘိုလော့ဂ်နာကလည်း နာပိုလီလိုပဲ နိုင်ပွဲပျောက်ဆုံးမှု သံပတ်လည်ပတ်နေဆဲပဲ။ ဒီပွဲမှာလည်း သရေတစ်မှတ်အပြင် ဘိုလော့ဂ်နာမှာ မျှော်လင့်ချင်စရာမရှိဘူး။ နာပိုလီ နိုင်ပွဲပြန်ရမယ်။

ဗီရိုနာ - ရိုးမား (တနင်္လာနံနက် ၂:၁၅ နာရီ)

ဗီရိုနာရဲ့ ပွဲကျပ်ကာလ တတိယမြောက်ပွဲပါပဲ။ အင်တာမီလန်ကို ကပ်ရှုံးခဲ့ပြီး ဖီအိုရင်တီးနားကို အနိုင်ရခဲ့တဲ့ ဗီရိုနာက ရိုးမားကိုလည်း သိပ်ရှိန်နေမယ်မထင်ဘူး။ ဒါပေမဲ့ ရိုးမားက ဒီရာသီစီးရီးအေအဝေးကွင်းပွဲစဉ်တွေမှာ (၁)ပွဲသာ ရှုံးပွဲတွေ့ထားပြီး တိုက်စစ်ကလည်း ဂိုးတွေပုံမှန်သွင်းနေလို့ ဗီရိုနာဘက်ကို ဂိုးသွင်းနိုင်ပါဦးမယ်။ ဗီရိုနာကလည်း တစ်ဂိုးလောက်သွင်းနိုင်လို့ (၁-၁)၊ (၁-၂)ဆိုတဲ့ရလဒ်မျိုးဖြစ်လာနိုင်တယ်။

 

Most Read

Most Recent