ပရီးမီးယားလိဂ်ပွဲစဉ် (၁၄) ပွဲကြို သုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၁၄) ပွဲကြို သုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 1 December 2019

ဝုလ်ဗ် - ရှက်ဖီးယူနိုက်တက် (တနင်္ဂနွေည ၈:၃၀ နာရီ)

နှစ်သင်းစလုံးက အထင်ကြီးစရာဖြတ်သန်းမှုကို ပြသနေတာကိုတွေ့ရတယ်။ ဝုလ်ဗ်က နောက်ဆုံးနှစ်ပွဲဆက်နိုင်ပြီး၊ ရှက်ဖီးက စပါး၊ မန်ယူတို့လိုအသင်းကြီးတွေကို နှစ်ပွဲ ဆက်သရေကစားခဲ့တယ်။ ရှေ့ပွဲတွေမှာလည်း အာဆင်နယ်ကိုအနိုင်ကစားထားသေး တယ်။ ဝုလ်ဗ်က ရှက်ဖီးရင်ဆိုင်ခဲ့တဲ့အသင်းကြီးတွေလောက် မတောင့်တင်းပေမယ့် ပိုကျစ် လျစ်တယ်။ ရှက်ဖီး ဒီပွဲတော့ ရှုံးပွဲတွေ့မယ်ထင်တယ်။ (၂-၁)လောက်ဖြစ်နိုင်တယ်။ 

နောဝစ်ချ် - အာဆင်နယ် (တနင်္ဂနွေည ၈:၃၀ နာရီ)

ရလဒ်တွေဆက်တိုက်ဆိုးနေတဲ့ နောဝစ်ချ်က ပြီးခဲ့တဲ့ပွဲစဉ်မှာ အဲဗာတန်ကို အဝေးကွင်းမှာမထင်မှတ်ဘဲ  အနိုင်ရခဲ့တယ်။ အခု အိမ်ကွင်းပွဲစဉ်တွေအတွက် ခွန်အားဖြစ်စေတဲ့ နိုင်ပွဲဖြစ်ပြီး မန်စီးတီးကို နိုင်ခဲ့တုန်းက Mood မျိုးပြန်သွင်းနိုင်ဖို့ ကြိုးစားလိမ့်မယ်။ အာဆင်နယ်က ရလဒ်ဆိုးတွေကြောင့် နည်းပြ အမ်မရီကို ရာထူးက ထုတ်ပယ်လိုက်ပြီး ကစားသမားဟောင်း ယွန်းဘတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာရာသီအဖွင့်ပွဲမှာ နယူးကာဆယ်ကိုနိုင်ပြီး နောက်ပိုင်း အဝေးကွင်းနိုင်ပွဲ မရှိသေးဘူး။ သရေကျရင် အံ့ဩစရာမရှိဘူး။ 

လက်စတာ - အဲဗာတန် (တနင်္ဂနွေည ၁၁:၀၀ နာရီ)

ဆက်တိုက်နိုင်နေတဲ့ လက်စတာရဲ့ခြေစွမ်းက ရပ်တန့်ဖို့ခက်တယ်။ အဲဗာတန်ကလည်း ခြေစွမ်းမတည်ငြိမ်တဲ့အသင်းဖြစ်နေလို့ လက်စတာအတွက် အခွင့်အရေးပိုရှိပါတယ်။ လူအင်အား သိပ်မကွာပေမယ့် လက်စတာကစားတာ အမှားမရှိဘူး။ ဟန်ချက်ညီတယ်။ ကျစ်လျစ်တယ်။ အဲဗာတန်က တစ်ဦးချင်းကောင်းသူတွေရှိပေမယ့် ကစားဟန်က ပျော့ပါတယ်။ လက်စတာပဲ နိုင်မယ်။ (၂-ဝ)လောက်ဖြစ်မယ်။ 

မန်ယူ - အက်စတွန်ဗီလာ (တနင်္ဂနွေည ၁၁:၀၀ နာရီ)

နောက်ဆုံး (၅)ပွဲမှာ မန်စီးတီး၊ လီဗာပူးလ်၊ ဝုလ်ဗ်တို့လိုအသင်းကောင်းတွေကို ရှုံးခဲ့ပေမယ့် ဘရိုက်တန်နဲ့ နယူးကာဆယ်ကိုနိုင်ခဲ့တဲ့ ဗီလာကို လျှော့မတွက်သင့်ဘူး။  မန်ယူထက်တောင် ပိုစုစည်းမှုကောင်းတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းက ဂိုးပေးလွယ်ပြီး မန်ယူတိုက် စစ်ပိုင်းက လူငယ်တွေရဲ့အမြန်နှုန်းကြောင့် ဒုက္ခရောက်နိုင်တယ်။ ခြေသိပ်ကွာမှာမဟုတ် ဘူး။ ဒါပေမဲ့ မန်ယူနိုင်မယ်။ (၁-ဝ၊ ၂-၁)လောက်ဖြစ်မယ်။