ဂျပန်ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံတွင် ၎င်းတို့၏ ထုတ်ကုန်များအား အတုအပပြုလုပ်နေမှုနှင့်ပတ်သက်၍ မည်သို့ဖြေရှင်းနိုင်မည်ကို မြန်မာအစိုးရတာဝန်ရှိသူများထံ မေးမြန်းမှုများရှိနေ

ဂျပန်ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံတွင် ၎င်းတို့၏ ထုတ်ကုန်များအား အတုအပပြုလုပ်နေမှုနှင့်ပတ်သက်၍ မည်သို့ဖြေရှင်းနိုင်မည်ကို မြန်မာအစိုးရတာဝန်ရှိသူများထံ မေးမြန်းမှုများရှိနေ
 နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံမူပိုင်ခွင့် ဥပဒေများမိတ်ဆက်ခြင်းနှင့် ကုန်အမှတ်တံဆိပ် ဥပဒေအကောင်အထည်ဖော်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံမူပိုင်ခွင့် ဥပဒေများမိတ်ဆက်ခြင်းနှင့် ကုန်အမှတ်တံဆိပ် ဥပဒေအကောင်အထည်ဖော်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 29 November 2019
ဇေယျာငြိမ်း

ဂျပန်ကုမ္ပဏီကြီးတစ်ခုက မြန်မာနိုင်ငံတွင် ၎င်းတို့၏ ထုတ်ကုန်များကို အတုအပ ပြုလုပ်နေမှုများနှင့် ပတ်သက်ပြီး မည်သို့ဖြေရှင်းနိုင်မည်ကို မေးမြန်းမှုများရှိနေပြီး မူပိုင်ခွင့်ဥပဒေကို အပြည့်အဝ ကာကွယ်ပေးနိုင်မှသာ ပြည်တွင်းသို့ ပြည်ပကုမ္ပဏီကြီး ပိုမိုဝင်ရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

နိုဝင်ဘာ ၂၉ ရက်က UMFCCI တွင် ပြုလုပ်သည့် “နိုင်ငံ့စီးပွားတိုးမြှင့်၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်” မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ကုန်အမှတ်တံဆိပ် ဥပဒေ အကောင်အထည်ဖော်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဂျပန်ကိုသွားတဲ့အခါမှာ မူပိုင်ခွင့်ကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီကြီးတွေနဲ့ တွေ့ခဲ့ပါတယ်။ အဲဒီတော့သူတို့က တော်တော်ကို မူပိုင်ခွင့်ကိစ္စတွေကို ဆန်းသစ်တကြိုတွေ့ရပါတယ်။ အဲဒီထဲမှာဆိုရင် Honda ဆိုတဲ့ ကုမ္ပဏီက ဘာပြောလဲဆိုရင် သူတို့ရဲ့မော်တော်ဆိုင်ကယ်တွေ သူတို့ရဲ့ပစ္စည်းတွေကို မြန်မာပြည်မှာ အတုအပတွေပြုလုပ်ပြီးတော့ သုံးစွဲနေတယ်။ ဒါတွေကို ဘယ်လိုကာကွယ်လို့ရမလဲဆိုတဲ့ မေးခွန်းတွေကို မေးလာတာရှိပါတယ်။ အဲဒီလိုမေးလာတဲ့အခါကျတော့ ကျွန်တောတို့က မူပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းပြီးပြီဆိုတော့။ မူပိုင်ခွင့်ပြဿနာဖြစ်လာပြီဆိုရင် တရားရုံးမှာ ဆုံးဖြတ်ရမှာက အဓိကကျတယ်။ ဘယ်လိုမြန်မြန်ဆန်ဆန် မူပိုင်ခွင့်ကို ကာကွယ်ပေးဖို့အတွက် ဘယ်လိုမြန်မြန်ဆန်ဆန်လုပ် ပေးနိုင်မလဲဆိုတာတွေလည်း မေးလာတာ ရှိပါတယ်။ ဆိုလိုတဲ့သဘောကတော့ ဒီကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံက စျေးကွက်ကို ဝင်ရောက်ဖို့ကိစ္စမှာ သူတို့ရဲ့မူပိုင်ခွင့်ကို အကာအကွယ်ပေးမလား မပေးဘူးလားဆိုတဲ့ အချက်ပေါ်မှာလည်း မူတည်ပါတယ်။ နောက်တစ်ခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ချင်တယ်ဆိုရင် ကျွန်တော်တို့ မူပိုင်ခွင့်ဥပဒေကို အကာအကွယ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုအကာအကွယ်ပေးမှသာလျှင် ပြည်တွင်းကို ရင်းနှီးမြှုပ်နှံမှုတွေ ရောက်ရှိလာမှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။

လက်ရှိတွင် မူပိုင်ခွင့်ဥပဒေများနှင့်ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဇန်ဝါရီ ၃၀ ရက်တွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေလည်းကောင်း၊ ၂၀၁၉ ခုနှစ် မတ်လတွင် တီထွင်မှုမူပိုင်ခွင့်နှင့် စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေကိုလည်းကြောင်း ပြည်သူ့လွှတ်တော်မှ ပြဋ္ဌာန်းချက်ကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့သဖြင့် အထက်ပါမူပိုင်ခွင့်ဥပဒေများမှာ လက်ရှိတွင် အာဏာသက်ဝင်နေပြီဖြစ်သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းပေါင်း ၁၁၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ထို့အပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်အတွင်း လာရောက်ရင်းနှီးမြှပ်နှံထားသည့် လုပ်ငန်းပေါင်း ၃၉ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာသန်း ၆၇၀ ကျော်အထိရှိသည်။

ထို့ကြောင့် လက်ရှိအချိန်အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်မှု လုပ်ငန်းပေါင်း ၁၅၀ ကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံခန့်ရှိသည်။

မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံပေါင်း ၅၀ ရှိပြီး ယင်းအနက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အဆင့် ၁၀ နေရာတွင် ရှိသည်။

သို့သော် သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၈၆ ဘီလျံကျော်အနက် ဂျပန်နိုင်ငံက အများဆုံးဝင်ရောက်ထားပြီး ၃၆ ရာခိုင်နှုန်းကျော်အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိတွင်လည်း ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ တင်ပို့မည့်လုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှုမြင့်တက်နေကြောင်း အောက်တိုဘာ ၁၉ ရက်က Inya Lake Hotel ပြုလုပ်သည့် Japan – Myanmar Resource, Trade & Investment Expo 2019 အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro Maruyama က ပြောကြားထားသည်။

“မြန်မာနိုင်ငံက လူဦးရေများတဲ့အတွက် ပြည်တွင်းစျေးကွက်ကိုလည်း အင်မတန်မှ စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်။ မြန်မာနိုင်ငံဆိုရင် ထိုင်းနိုင်ငံတို့ အိန္ဒိယတို့ တရုတ်နိုင်ငံတို့နဲ့ ထိစပ်နေပါတယ်။ အဲဒီကြောင့်မို့ ဥပမာမြန်မာပြည်မှာထုတ်တဲ့ ပစ္စည်းများကို အိမ်နီးနားချင်းနိုင်ငံများကို Export လုပ်ဖို့ အဲဒီမှာစိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေများပါတယ်” ဟု H.E Mr. Ichiro Maruyama က ပြောကြားသည်။                    

Most Read

Most Recent