မန်စီးတီးအသင်း၏ အင်္ဂလန်တောင်ပံကစားသမား စတာလင်လည် လာမည့်လတွင် ချီးမြှင့်မည့် BBC Sports Personality of the Year ဆုအတွက် ဆန်ခါတင်(၆)ဦးစာရင်းတွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။
မန်စီးတီးအသင်း၏ အင်္ဂလန်တောင်ပံကစားသမား စတာလင်လည် လာမည့်လတွင် ချီးမြှင့်မည့် BBC Sports Personality of the Year ဆုအတွက် ဆန်ခါတင်(၆)ဦးစာရင်းတွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆုမှာ ဗြိတိန်အားကစားလောက၌ တစ်နှစ်တာအတွင်း အကောင်းဆုံးစွမ်းဆောင်နိုင်သူများကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပြီး ၁၉၅၄ ခုနှစ်တွင် အစပြုခဲ့ခြင်းဖြစ်သည်။
စတာလင်သည် ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်း ပြည်တွင်းဖလား(၃)လုံးဖြစ်သော ပရီးမီးယားလိဂ်၊ FA ဖလားနှင့် လိဂ်ဖလားတို့ ရရှိခဲ့ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူဖြစ်သောကြောင့် နောက်ဆုံးဆန်ခါတင်(၆)ဦးစာရင်းတွင် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
သို့သော် ဗြိတိန်မီဒီယာ များကမူ အင်္ဂလန်ခရစ်ကတ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘန်စတုတ်ခ်က ဆုရရှိရန် အလားအလာအကောင်းဆုံးဖြစ်နေကြောင်း ဖော်ပြခဲ့သည်။
BBC Sports Personality of the Year ဆုကို ဘောလုံးသမားများထဲမှ ရရှိဖူးသူမှာလည်း (၅)ဦးသာရှိပြီး ဘော်ဘီမိုး၊ ပေါလ်ဂတ်စကွိုင်၊ မိုက်ကယ်အိုဝင်၊ ဒေးဗစ်ဘက်ခမ်နှင့် ရိုင်ယန်ဂစ်တို့ဖြစ်ကြောင်း သိရှိရသည်။
ရိုင်ယန်ဂစ်က ၂ဝဝ၉ ခုနှစ်တွင် နောက်ဆုံးရရှိခဲ့ခြင်းဖြစ်သောကြောင့် အဆိုပါဆုကို ဘောလုံးသမားများထဲမှ မရရှိသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်နေပြီဖြစ်ကြောင်းလည်း သိရှိရသည်။
ယခု ၂၀၁၉ ခုနှစ်အတွက် ဆန်ခါတင်(၆)ဦးစာရင်းတွင် ပါဝင်နေသူများမှာ ဘန်စတုတ်ခ်(ခရစ်ကတ်)၊ အက်ရှာစမစ်(ပြေးခုန်ပစ်)၊ စတာလင်(ဘောလုံး)၊ အလန်ဝင်းဂျုံးစ်(ရပ်ဘီ)၊ လူးဝစ်ဟာလ်မီတန်(ဖော်မြူလာဝမ်း)၊ ကတ်ထရီနာဂျွန်ဆင် သွမ်ပဆင်(ပြေးခုန်ပစ်)တို့ဖြစ်သည်။
ယခုဆုမှာ ပရိသတ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး ဆုပေးပွဲကို ဒီဇင်ဘာ(၁၅) တွင် စကော့တလန်နိုင်ငံ၊ အဘာဒင်းမြို့၌ ပြုလုပ်သွားမည်ဖြစ်သည်။
ဆုပေးပွဲတွင် အစီအစဉ်တင်ဆက်သူအဖြစ် ဂယ်ရီလိုင်နီကာက ဦးဆောင်သွားမည်ဖြစ်ပြီး BBC One ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဟုလည်း သိရှိရသည်။















