မန်စီးတီးနည်းပြ ဂွါဒီယိုလာက ၎င်းတို့အသင်း၏ (၃)နှစ်ဆက် ချန်ပီယံဆုရည်မှန်းချက်နှင့်ပတ်သက်ပြီး အလွန်အကြူးရေးသားနေမှုများအပေါ် လှောင်ပြောင်ကာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ်အသင်းရရှိခဲ့လျှင်လည်း မိမိအတွက် ကပ်ဆိုက်ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဂွါဒီယိုလာက ယနေ့ခေတ် လူ့အဖွဲ့အစည်းအပေါ် Message တစ်ခုပေးချင်ပြီး ယင်းမှာ မည်သူမဆို နိုင်သည့်အချိန်ရှိသလို၊ ရှုံးနိမ့်သည့်အချိန်လည်းရှိနေမည်ဟု ဆိုခဲ့သည်။

ဂွါဒီယိုလာက ''ကျွန်တော်တို့က အမှတ်ပေးချန်ပီယံဆုကို (၂)နှစ်ဆက်ယူ ခဲ့တယ်။ နိုင်ပွဲတွေဆက်ခဲ့တာနဲ့ပဲ တစ်ရာသီကို အမှတ် (၂၀၀)လောက်ယူနေရမှာလား။ အမြင့်ဆုံးအဆင့် ပြိုင်ပွဲတွေမှာ ဒါဟာ အလုပ်မဖြစ်ပါဘူး။ ထိပ်တန်းတင်း နစ်ကစားသမားတွေဟာလည်း ရှုံးပွဲတွေရှိသလို၊ ဂေါ့ဖ်ပြိုင်ပွဲတွေမှာလည်း တွမ်မီဖလိဝုဒ်က အမြဲတမ်းနိုင်မနေပါဘူး။ ဒါက ဒီနေ့ခေတ်လူ့အဖွဲ့အစည်းကို ကျွန်တော်ပေးချင်တဲ့ မက်ဆေ့ချ်ပါ။ အနိုင်ရသူတွေဆိုတာ အမြဲတမ်း ပြီးပြည့်စုံနေတယ်ဆိုတဲ့ အမြင်ဟာ ကျွန်တော်တို့ရဲ့ကလေးတွေ၊ လူငယ်တွေအတွက် ကောင်းမွန်တဲ့အရာ မဟုတ်ပါဘူး။ ကျွန်တော်တို့နေထိုင်နေတဲ့ လူ့အဖွဲ့အစည်းဟာ လူတွေကို Depression ဝင်အောင် လုပ်နေပါတယ်။ အရမ်းကိုပြီးပြည့်စုံတာတွေကို မြင်ချင်တဲ့အတွက် စိတ်ဖိစီးမှုဒဏ်ကိုခံနေရတယ်။ ဒါဟာ မကောင်းပါဘူး။ နိုင်ပွဲတွေ၊ အောင်မြင်မှု တွေဆိုတာလည်း အရာရာတိုင်းမဟုတ်ပါဘူး။ ဒါကြောင့် ကစားသမားတွေကို လည်း အေးအေးဆေးဆေးသာနေ။ ကိုယ့်အလုပ်ကိုယ်လုပ်။ ပြီးတော့ ဇန်နဝါရီမှာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ဖို့မှာထားပါတယ်''ဟု ဆိုခဲ့သည်။















