မြန်မာနိုင်ငံ၌ ဘင်္ဂါလီမွတ်စလင်များကို တိုက်ခိုက်ရန် နိုင်ငံတော် မူဝါဒရှိနေမည်ကို ICC စိုးရိမ်

မြန်မာနိုင်ငံ၌ ဘင်္ဂါလီမွတ်စလင်များကို တိုက်ခိုက်ရန် နိုင်ငံတော် မူဝါဒရှိနေမည်ကို ICC စိုးရိမ်
Published 23 November 2019
Ref: the Daily Star

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ တရားစွဲဆိုရေးအကြီးအကဲ ဖာတူးဘင်ဆူဒါက မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ လူနည်းစုအုပ်စုဖြစ်သော ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအား တိုက်ခိုက်ရန် နိုင်ငံတော်မူဝါဒရှိနေမည်ကို ICC တရားသူကြီးများက စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

“ ရိုဟင်ဂျာအုပ်စုကို တိုက်ခိုက်ဖို့ မြန်မာနိုင်ငံမှာ နိုင်ငံတော်မူဝါဒတစ်ရပ် ရှိထားနိုင်တယ်လို့ ယုံကြည်ရလောက်တဲ့ အခြေခံအကြောင်းတရားတစ်ရပ် ရှိနေတာကို တရားသူကြီးတွေက လက်ခံကြပါတယ်” ဟု ဘင်ဆူဒါက နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ပြောကြားထားသည်။

ဘင်္ဂါလီမွတ်စလင်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ရန် ICC က တရားဝင် အတည်ပြုလိုက်ပြီးနောက် ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရားသူကြီးများ၏ လေ့လာချက်အရ ဘင်ဆူဒါက “ လူသားဆန်မှုကို ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ မြန်မာအစိုးရ အဖွဲ့ဝင်များစွာနဲ့ တခြားနိုင်ငံတော်အေးဂျင့်တွေ၊ မြန်မာ့လက်နက်ကိုင်တပ်ဖွဲ့ (တပ်မတော်) ဝင်တွေ၊ တခြားမြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံအရပ်သားတချို့ အကြီးအကျယ် ပါဝင်ပတ်သက်နေတာကို ညွှန်ပြတဲ့ ရင်းမြစ်တွေ အများကြီးရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။

“ ဒီလိုအတင်းအကျပ် လုပ်ဆောင်မှုတွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးအရ ဒါမှမဟုတ် ဘာသာရေးအရ နှိပ်ကွပ်ခြင်း၊ နိုင်ငံထဲက မောင်းထုတ်ခြင်းနဲ့ ပတ်သက်ပြီး လူသားဆန်မှုကို ချိုးဖောက်တဲ့  ရာဇဝတ်မှုတွေ မြောက်နိုင်ပါတယ်” ဟု ဘင်ဆူဒါက လုပ်ပိုင်ခွင့်ပေးရန် ICC တရားသူကြီးများက လက်ခံခဲ့မှုကို ရည်ညွှန်းလျက် ပြောကြားခဲ့သည်။

ကျယ်ပြန့်သော အတိုင်းအတာများနှင့်အတူ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တရားသူကြီးများက ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ ဘင်ဆူဒါက ပြောကြားရာတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကို အရေးယူဆောင်ရွက်ရန် အရေးပါသော ဖွံ့ဖြိုးမှုတစ်ရပ် ဖြစ်ပေါ်လာသည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၄ ရက်တွင် ICC Pre-Trial Chamber III ၏ တရားသူကြီးများက  ဘင်္ဂလားဒေ့ရှ် / မြန်မာရှိ အခြေအနေများအား စုံစမ်းစစ်ဆေးရန် ခွင့်ပြုသည့်အာဏာကို တရားစွဲဆိုရေးရုံးအား ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC အဖွဲ့ဝင်ဖြစ်ပြီး အရပ်သားများကို မောင်းထုတ်ခြင်းသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သောကြောင့် ICC က တရားစွဲဆိုရန် အရေးပိုင်ကြောင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“ အဖွဲ့ဝင်တစ်နိုင်ငံရဲ့ နယ်မြေအတွင်း တစ်စိတ်တစ်ပိုင်းအဖြစ် ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေကို တရားရုံးက တရားစီရင်ပိုင်ခွင့် ရှိနိုင်ပါတယ်” ဟု ဘင်ဆူဒါက ပြောကြားခဲ့သည်။

ဘင်ဆူဒါက ၎င်း၏ စုံစမ်းစစ်ဆေးမှုသည် အမှန်တရားကို ဖော်ထုတ်ရန် ကြိုးပမ်းမည်ဖြစ်ပြီး လွတ်လပ်၍ သမာဓိရှိသော စုံစမ်းစစ်ဆေးမှုအဖြစ် အောင်မြင်ရေး သေချာစေရန် အားထုတ်မှုများကိုသာ အဓိကထားကြောင်း ပြောကြားခဲ့သည်။

ဇူလိုင် ၄ ရက်တွင် တရားစွဲဆိုသူက ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် နောက်ပိုင်းမှစ၍ ဘင်္ဂလားဒေ့ရှ်/ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အခြေအနေများကို စုံစမ်းရန် လုပ်ပိုင်ခွင့်ရရှိရေး ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ICC ၏ တရားစွဲဆိုရေးရုံးသည် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် ရန်လိုသော ရာဇဝတ်မှုများနှင့် ပတ်သက်၍ အကြိုစစ်ဆေးခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းတို့ကို လွတ်လပ်၍ သမာသမတ်ကျစွာ ဆောင်ရွက်ရမည်ဖြစ်သည်။

၂၀၀၃ ခုနှစ်မှစ၍ ICC ၏ တရားစွဲဆိုရေးရုံးသည် ICC ၏ တရားစွဲဆိုပိုင်ခွင့်အတွင်း ရှိသော ယူဂန္ဓာ၊ ကွန်ဂို၊ ဆူဒန်၊ ဗဟိုအာဖရိကနိုင်ငံ၊ ကင်ညာ၊ လစ်ဗျား၊ အိုင်ဗရီကို့စ်၊ မာလီ၊ ဂျော်ဂျီယာနှင့် ဘူရွန်ဒီတို့၌ အနေအထားအမျိုးမျိုးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့သည်။

ICC ၏ တရားစွဲဆိုရေးရုံးသည် ယခုလက်ရှိ၌လည်း ကိုလံဘီယာ၊ ဂီနီ၊ အီရတ်၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ နိုင်ဂျီးရီးယား၊ ယူကရိန်းနှင့် ဗင်နီဇွဲလားနိုင်ငံများရှိ အခြေအနေရပ်များနှင့် ပတ်သက်၍ အကြိုစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဘင်္ဂါလီမွတ်စလင် ၁ ဒသမ ၁ သန်းကျော်ကို ကော့ဘဇားခရိုင်၌  လက်ခံထားပြီး ၎င်းတို့ထဲမှ အများစုသည် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်မှစ၍ တပ်မတော် စစ်ဆင်ရေးတစ်ရပ်ကြောင့် ထွက်ပြေးလာကြခြင်းဖြစ်သည်။

 

 

Most Read

Most Recent