ရခိုင်နှင့် ရှမ်း (မြောက်) အပါအဝင် နိုင်ငံတစ်ဝန်းတွင် ရွေးကောက်ပွဲကျင်းပပေးရန် တိုင်းရင်းသားပါတီများ တိုက်တွန်း

ရခိုင်နှင့် ရှမ်း (မြောက်) အပါအဝင် နိုင်ငံတစ်ဝန်းတွင် ရွေးကောက်ပွဲကျင်းပပေးရန် တိုင်းရင်းသားပါတီများ တိုက်တွန်း
Published 23 November 2019
ဉာဏ်လင်းထွန်း

အရေးပေါ်သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသမှအပ နိုင်ငံတစ်ဝန်းတွင် ရွေးကောက်ပွဲကျင်းပပေးရန် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF) က ကြေညာချက်ထုတ်ပြန်တိုက်တွန်းသည်။

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရွေးကောက်ပွဲ မကျင်းပပေးမည်ကို စိုးရိမ်၍ အဖွဲ့ဝင်တိုင်းရင်းသားပါတီများ အစည်းအဝေးပြုလုပ်ဆွေးနွေးပြီး သဘာထားထုတ်ပြန်ခြင်းဖြစ်သည်ဟု NB F အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

“ရခိုင်မှာ ရွေးကောက်ပွဲမလုပ်မှာ စိုးရိမ်တယ်။ အတွေ့အကြုံရှိတယ်လေ။ ရှမ်းပြည်နယ်က ကျေးသီးနဲ့ မိုင်းရှုးမှာ ၂၀၁၅ တုန်းက (ရွေးကောက်ပွဲ) မလုပ်ဖြစ်ဘူး။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကျမှ လုပ်လိုက်တယ်။ အဲဒါမျိုးကို မလိုလားဘူး။ တစ်ခါတည်းကျင်းပစေချင်တယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီများ၏ ၃၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး အချက်လေးချက်ပါ သဘောထားကြေညာချက် ထုတ်ပြန်ရာတွင် နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲကျင်းပပေးရေး အချက်ကို ထည့်သွင်းတိုက်တွန်းခြင်းဖြစ်သည်။

မဲဆန္ဒနယ်တစ်ခုတွင် NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီအချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခြင်းမှ ရှောင်ရှားနိုင်ရေးအချက်ကိုလည်း အစည်းအဝေးတွင် ဆွေးနွေးသဘောတူနိုင်ခဲ့ကြောင်း သိရသည်။

“ဥပမာ ဓနုဒေသမှာ ရှမ်းလည်းရှိတယ်။ ဓနုလည်းရှိတယ်။ အတိုက်အခံမလုပ်တော့ဘူး။ ရှမ်းမြောက်မှာ ရှမ်းဝင်ပြိုင်ပေါ့။ ဓနုများတဲ့နေရာမှာ ဓနုဝင်ပြိုင်ပေါ့။ အဲဒီလိုမျိုးပေါ့” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ယင်းအချက်က NBFအဖွဲ့ဝင် တိုင်းရင်းသားပါတီအချင်းချင်းကိုသာ ရည်ညွှန်းပြီး အဖွဲ့ဝင်မဟုတ်သည့် တိုင်းရင်းသားပါတီများနှင့် သက်ဆိုင်မည်မဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းက ရှင်းလင်းသည်။

လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ အပိုဒ် (၁၀) ပြင်ဆင်ချက်ကိုလည်း ကန့်ကွက်ကြောင်း အစည်းအဝေးသဘာထားထုတ် ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။

အဆိုပါ နည်းဥပဒေပြင်ဆင်ချက်ကြောင့် မဲဆန္ဒနယ်တစ်ခုတွင် ရက်ပေါင်း  ၉၀ နေထိုင်ရုုံဖြင့် ရောက်ရာမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးနိုင်မည်ဖြစ်ပြီး ယင်းပြင်ဆင်ချက်ကို တိုင်းရင်းသားပါတီအချို့လည်း ကန့်ကွက်လျက်ရှိသည်။

တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် သတ်မှတ်နိုင်ရေးအတွက် စာရင်းရှိလူဦးရေနှင့် အမှန်တကယ်မြေပြင်ရှိိ လူဦးရေကို တာဝန််ရှိဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာတိုင်းရင်းသားများနှင့် ညှိနှိုင်း၍ ပြန်လည်စိစစ်ပေးရန်လည်း NFB က တောင်းဆိုသည်။

NFB ကို ၂၀၁၀ ခုနှစ်တွင် ရှမ်း၊ ရခိုင်၊ ချင်းအပါအဝင် ပါတီငါးခုက စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် အဖွဲ့ဝင်တိုင်းရင်းသားပါတီ ၂၄ ပါတီအထိ ရှိခဲ့သည်။

လက်ရှိတွင် အဖွဲ့ဝင်တိုင်းရင်းသားပါတီ အချို့ ၎င်းတို့နှင့် မျိုးနွယ်တူတိုင်းရင်းသားပါတီများနှင့် ပေါင်းစည်းလိုက်ကြ၍ ၁၈ ပါတီ ကျန်ရှိကြောင်း စတင်တည်ထောင်ရာတွင် ပါဝင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် နှစ်ဖက်သောလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားခြင်း ရှိ၊ မရှိနှင့် နှစ်ဖက်အဖွဲ့အစည်းများ၏ ဆွေးနွေးညှိနှိုင်းမှုများအပေါ် များစွာမူတည်မည်ဟု ထင်မြင်ကြောင်း ရခိုင်အမျိုးသားပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က မှတ်ချက်ပြုသည်။

“ရွေးကောက်ပွဲမရှိလို့ ပြည်သူ့ကိုယ်စားလှယ်ကို မတင်မြှောက်နိုင်ဘူး။ ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုရင် အဓိကနစ်နာမှာ ပြည်သူပဲ” ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ဘူးသီးတောင်နှင့် မောင်တောဒေသတွင် အခြေခံမဲစာရင်း မကောက်ယူနိုင်သေးသော်လည်း ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်ထားကြောင်း နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်ရှိ Grand Amara Hotel ၌ ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းအခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က မီဒီယာများ၏ မေးမြန်းမှုကို ပြောကြားထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မေလတွင် ကျင်းပဖွယ်ရှိကြောင်း သတင်းအချို့ ထွက်ပေါ်မှုအပေါ် မဟုတ်မှန်ကြောင်းနှင့် ကျင်းပမည့်ရက် အတိအကျမသတ်မှတ်ရသေးကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယင်းနှစ်၏ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟုသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ရခိုင်ပြည်နယ်တွင်း ၁၇ မြို့နယ်ရှိရာ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များအပါအဝင် မြို့နယ်ကိုးခုထက်မနည်းတွင် တပ်မတော်နှင့် AA အဖွဲ့ တိုက်ပွဲဖြစ်ပွားမှုများရှိပြီး မြို့နယ်အချို့တွင် ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ထားဆဲဖြစ်သည်။