တပ်မတော်သားကိုယ်စားလှယ်များ တင်သွင်းထားသည့် ဥပဒေမူကြမ်းနှင့် ပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်သွင်းမည့် ဥပဒေမူကြမ်းကို တစ်ပြိုင်တည်း စိစစ်မည်ဆိုခြင်းသည် မဖြစ်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

တပ်မတော်သားကိုယ်စားလှယ်များ တင်သွင်းထားသည့် ဥပဒေမူကြမ်းနှင့် ပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်သွင်းမည့် ဥပဒေမူကြမ်းကို တစ်ပြိုင်တည်း စိစစ်မည်ဆိုခြင်းသည် မဖြစ်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
Published 22 November 2019
စိုးမင်းထိုက်၊  အောင်မင်းသိန်း



တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်အပါအဝင် ၁၄၄ ဦးက ပေးပို့တင်ပြထားသည့်  ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပြင်ဆင်ရေးပူးပေါင်း ကော်မတီက တင်သွင်းမည့် ဥပဒေမူကြမ်းကို တစ်ပြိုင်တည်း စိစစ်မည်ဆိုခြင်းသည် မဖြစ်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်၌ ဆွေးနွေးခဲ့ကြသည်။

နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် အပါအဝင် ၁၄၄ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၆၉ /၂၀၁၉) ကိုလည်း ကန့်ကွက်ပါကြောင်း တင်ပြလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ အခန်း (၁၂) နှင့်အညီ ဆောင်ရွက်ခြင်း မဟုတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ တင်ပြလာမည့် ဥပဒေမူကြမ်းဟာ ဘယ်ဆီမှာမှန်းမသိဘဲ ၎င်းဥပဒေကြမ်းတင်သွင်းမှ ယခုဥပဒေမူကြမ်းကို တစ်ပြိုင်တည်း စိစစ်မည်ဆိုခြင်းဟာ လုံးဝမဖြစ်သင့်ပါဘူး” ဟု တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့်က ပြောကြားသည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် အပါအဝင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦး လက်မှတ်ရေးထိုး တင်ပြလာသည့် ဖွဲ့စည်းပုံခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါပုဒ်မ ၂၃၂ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ (၄) ၏နောက်တွင် ပုဒ်မခွဲငယ် (၅) ကို ဥပဒေ/ နည်းဥပဒေများပါအတိုင်း ဆက်လက်ဆွေးနွေးပြီး ဖြည့်စွက်ရန် ဆောင်ရွက်သင့်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့်က ဆိုသည်။

Globalization အရ ကမ္ဘာကြီး ပြောင်းလဲတိုးတက်လျက်ရှိရာတွင် မြန်မာနိုင်ငံအနေဖြင့် ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်ပြီး လူမှုရေးအရ ကိုလိုနီလက်သစ်ဝါဒီများသည် လူ့အခွင့်အရေး အကြောင်းပြ၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေရန် အခွင့်ကြုံပါက ဆန့်ကျင်နှောင့်ယှက်ခြင်းများ အပါအဝင် အခြားအရာများကို သွေးဆောင်စည်းရုံးစေခြင်းများ ပြုလုပ်လျက်ရှိကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဒေါ်အေးအေးမာက ပြောကြားသည်။

“သို့ဖြစ်ပါ၍ ပြည်ထောင်စုအဆင့်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းအပိုင်းမှာ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်် ၁၄၄ ဦး လက်မှတ်ရေးထိုး တင်ပြလာသည့် ဖွဲ့စည်းပုံခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အား ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင်သင့်သည့် အချိန်ဖြစ်ပါ၍ ဥပဒေနှင့်အညီ ပြင်ဆင်ရေး ဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ဗိုလ်မှူး ဒေါ်အေးအေးမာက ဆွေးနွေးခဲ့သည်။