လက်ရှိဘဏ္ဍာနှစ် တစ်လကျော်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၇၀၀၀၀ ကျော်တင်ပို့မှုမှ  ဝင်ငွေ ဒေါ်လာသန်း ၁၁၀ ခန့်ရရှိထားပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပတင်ပို့မှု ၈၅ ရာခိုင်နှုန်းကျော်ရှိ

လက်ရှိဘဏ္ဍာနှစ် တစ်လကျော်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၇၀၀၀၀ ကျော်တင်ပို့မှုမှ  ဝင်ငွေ ဒေါ်လာသန်း ၁၁၀ ခန့်ရရှိထားပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပတင်ပို့မှု ၈၅ ရာခိုင်နှုန်းကျော်ရှိ
 ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်အတွင်း စက်ကြီးများဖြင့် စပါးရိတ်သိမ်းနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်အတွင်း စက်ကြီးများဖြင့် စပါးရိတ်သိမ်းနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 21 November 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် တစ်လကျော်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃၇၀၀၀၀ ကျော်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ သန်း ၁၁၀ ခန့်ရရှိထားပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပတင်ပို့မှုသည် ၈၅ ရာခိုင်နှုန်းကျော်အထိရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၃၇၄၆၃၅ ဒသမ ၄၄၄ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀၈ ဒသမ ၅၈၈ သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တင်ပို့ခဲ့ရာတွင် နိုင်ငံပေါင်း ၃၇ နိုင်ငံသို့ ဆန်တန်ချိန် ၂၅၁၆၇၁ ဒသမ ၁၉၄ တင်ပို့မှုမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၇၆ သန်းကျော် ရရှိခဲ့သည်။ နိုင်ငံပေါင်း ၂၇ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၂၂၉၆၄ ဒသမ ၂၅၀ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၂ သန်းနီးပါး ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့ရာ ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃၂၀၀၀၀ ခန့်တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၃ သန်းကျော်ရရှိထားသည်။ စုစုပေါင်းတင်ပို့မှု၏ ၈၅ ရာခိုင်နှုန်းကျော်ရှိသည်။

ထို့အတူ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့်ဆန်ကွဲတန်ချိန် ၅၅၀၀၀ ကျော် တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၄ သန်းကျော်ရရှိထားသည်။ စုစုပေါင်းတင်ပို့မှု၏ ၁၅ ရာခိုင်နှုန်းခန့်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၂ ဒသမ ၃၅၅ သန်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀၉ ဒသမ ၆၉၃ သန်းရရှိိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်တွင် စပါးစျေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲဖြစ်နေခြင်းကိစ္စရပ်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆောင်ရွက်သင့်သောကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့  ဆောင်ရွက်ရာတွင် သိုလှောင်ရုံအခက်အခဲ၊ အဆင့်အတန်းရှိသည့်စပါးများ အခြောက်ခံရန်အခက်အခဲ၊ သယ်ယူပို့ဆောင်ရေးယာဉ် အခက်အခဲများရှိနေသဖြင့် လုပ်ငန်းတွင်ကျယ်မှု အားနည်းမှုများကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မေလ ၁၈ ရက်က ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ့ဆန်စပါးကဏ္ဍသည် နယ်စပ်မှအရောင်းအဝယ်အလွန်နည်းခြင်းနှင့် ပြည်ပတင်ပို့မှုကျဆင်းနေကြောင်း၊ ယခု အခြေအနေသည် ပုဂ္ဂလိကသက်သက်ဖြင့်သာ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

ယခင်က တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့နိုင်သည့် ကုမ္ပဏီ ၁၁ ခုသာရှိခဲ့ပြီး  လက်ရှိတွင် ကုမ္ပဏီ ၄၀ ကျော်ကို ထပ်မံရွေးချယ်နိုင်ခဲ့သဖြင့် အဆိုပါကုမ္ပဏီစာရင်းများကို တရုတ်နိုင်ငံသို့ ပေးပို့ပြီးပါက တရုတ်နိုင်ငံသို့ ဆန်ပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်း ဇွန် ၂၈ ရက်က ဓနုဖြူမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲတွင် တောင်သူလယ်သမားများ၏ မေးမြန်းမှုများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အရင်က တရုတ်နိုင်ငံကို တင်ပို့ခွင့်ရရှိတဲ့ ကုမ္ပဏီက ၁၁ ခုပဲရှိပါတယ်။ မကြာခင်က ဆန်စက်ပေါင်း ၁၀၀ ကျော်ကို စစ်ဆေးမှုများ ပြုလုပ်ပြီးတဲ့အခါကျတော့ ကုမ္ပဏီပေါင်း ၄၀ ကျော် ရွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေရဲ့ စာရင်းတွေကို တရုတ်နိုင်ငံဘက်ကို ပေးပို့ဖို့ရှိပါတယ်။ ဒီလိုစစ်ဆေးပြီး သားဆန်စက်များရဲ့ စာရင်းရောက်သွားတာနဲ့ တရုတ်နိုင်ငံဘက်ကို တင်ပို့မှုတွေပြန်လည် တင်ပို့နိုင်မှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

 

 

Most Read

Most Recent