လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နယ်ပယ် ပို၍ကျဉ်းမြောင်းစေရန် ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို တွင်ကျယ်စွာ အသုံးပြုလာဟု AAPP ထုတ်ပြန်

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နယ်ပယ် ပို၍ကျဉ်းမြောင်းစေရန် ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို တွင်ကျယ်စွာ အသုံးပြုလာဟု AAPP ထုတ်ပြန်
Published 20 November 2019
ဉာဏ်လင်းထွန်း

မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေသည် တစ်လထက်တစ်လ သိသာစွာ ဆုတ်ယုတ်လာပြီး ယင်းနယ်ပယ် ပို၍ကျဉ်းမြောင်းလာစေရန် ဖိနှိပ်ကန့်သတ်ထားသည့် ဥပဒေများကို တွင်ကျယ်စွာ အသုံးပြုလာခြင်းသည် စိုးရိမ်ဖွယ် အနေအထားဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အစီရင်ခံစာ ထုတ်ပြန်သည်။

AAPP က နိုင်ငံရေးအကျဉ်းသားစာရင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်တွင်း၊ ထောင်ပြင် တရားရင်ဆိုင် နေရသူများစာရင်း အောက်တိုဘာလ အစီရင်ခံစာကို  နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းစာရင်းအရ နိုင်ငံရေးအကျဉ်းသား ၅၉ ဦး အကျဉ်းကျခံနေရပြီး တက်ကြွလှုပ်ရှားသူ ၁၈၁ ဦး ထောင်တွင်းမှ တရားရင်ဆိုင်နေရကာ  ၃၇၂ ဦး ထောင်ပြင်ပမှ တရားရင်ဆိုင်နေရကြောင်း သိရသည်။

အောက်တိုဘာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးသောကြောင့် တက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှနှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များအပါအဝင် ကိုးဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး စွဲချက်တင်၊ တရားစွဲဆိုခံခဲ့ရသည့် ဖြစ်စဉ်များလည်းရှိခဲ့ရာ ယင်း အခြေအနေများက နိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ ကျဆင်းလျက်ရှိကြောင်း သုံးသပ်နိုင်သည်ဟု AAPP အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

စက်တင်ဘာတွင်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခြင်းကြောင့် ၂၂ ဦး ကန့်သတ်၊ ဖိနှိပ်မှုများ ရင်ဆိုင်ခဲ့ရသည်ဟု AAPP စက်တင်ဘာလ အစီရင်ခံစာအရ သိရသည်။

ငြိမ်းစုစီဥပဒေ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်လွတ်လုံဥပဒေ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)၊ (ခ) တို့ကို အသုံးပြု၍ ကန့်သတ်မှုများ ပြုလုပ်သည်ကို တွေ့ရှိရပြီး ယင်းဥပဒေပုဒ်မများက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စီတန်းလှည့်လည်ခွင့် စသည်တို့ကို အနှောင့်အယှက်ပြုနေသည် ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။

“ အစိုးရဘက်က တရားစွဲနေတာတွေလည်း ရှိတယ်။ တပ်မတော်ဘက်က တရားစွဲနေတာတွေလည်း ရှိတယ်။ ဒါတွေကတော့ ပြန်ပြီးတော့ သုံးသပ်သင့်တယ်။ ဒီလိုမျိုး တရားစွဲလိုက်တဲ့အတွက် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာတက်မလာဘဲနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ ပိုကျဆင်းတာမျိုးတွေ ဖြစ်သွားမှာကိုလည်း စိုးရိမ်တယ်။ အခုချိန်က ကျွန်တော်တို့နိုင်ငံက နိုင်ငံတကာရဲ့ဖိအားတွေ  အများကြီး ရနေတယ်။ နိုင်ငံတကာ တရားရုံးမှာတောင် တရားစွဲခံထားရတော့ ပြည်တွင်းထဲမှာဖြစ်နေတဲ့ ဒီဖြစ်ရပ်လေးတွေက သေးသေးလေး ဆိုပေမဲ့ အဲဒီလိုမျိုး စွပ်စွဲချက်တွေကို ပိုပြီးခိုင်မာသွားမှာကို ကျွန်တော်တို့က စိုးရိမ်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံတွင်း လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်အခြေအနေ ကျဆင်းလျက်ရှိခြင်းက နိုင်ငံသားများ၏ လွတ်လပ်မှုကို ကန့်သတ်လျက်ရှိသည်ကို ထုတ်ဖော်ပြသနေသကဲ့သို့ အကြောက်တရားဝန်းကျင်ကို ဖန်တီးလျက်ရှိကြောင်း ထုတ်ဖော်ပြသခြင်းလည်းဖြစ်သည်ဟု AAPP အစီရင်ခံစာတွင် ပါရှိသည်။

အာဏာပိုင်များမှ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ်ထိန်းချုပ်ခြင်းသည် တပ်မတော်အစိုးရ အသုံးပြုလေ့ရှိခဲ့သည့် ၎င်းတို့နှင့် ကွဲလွဲဆန့်ကျင်သူများကို ရပ်တန့်စေရန် အသုံးပြုသော နည်းလမ်းသဖွယ်ဖြစ်ကြောင်း၊ အဆိုပါ ဖြစ်ရပ်များက  အစိုးရ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစဉ်မှ သွေဖည်လျက်ရှိပြီး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်နှင့်လည်း ဆန့်ကျင်လျက်ရှိကြောင်း AAPP က ထောက်ပြသည်။

“ ဖမ်းဆီးနေရုံ၊ တရားစွဲနေရုံနဲ့ ပြဿနာတွေကို ပြေလည်မှာ မဟုတ်ပါဘူး။ ဆိုတဲ့ အခါကျတော့ ဒီလိုမျိုးကိစ္စရပ်တွေကို အစိုးရဘက်ကရော တပ်မတော်ဘက်ကရော သည်းခံတာမျိုး၊ မသိချင်ယောင် ဆောင်တာမျိုးတွေနဲ့ ဒါမှမဟုတ်လည်း တွေ့ဆုံဆွေးနွေးတာနဲ့ ဖြေရှင်းလို့ရနိုင်တဲ့ အနေအထားမျိုးတွေ အများကြီးရှိပါတယ်။ ဒီလိုမျိုး အမှုတွေအတွက် တရားစွဲဆိုတာမျိုး လုံးဝကို မလုပ်သင့်ပါဘူး” ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က အကြံပြုသည်။

အစိုးရက တရားလိုပြုလုပ် တရားစွဲဆိုသည့် အမှုများအနက် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုနှင့်ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးကို ဝေဖန်ခဲ့သည့် ကယား (ကရင်နီ) လူငယ်ခြောက်ဦးကို နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲဆိုခြင်း၊ ကရင့်အာဇာနည်နေ့အခမ်းအနားကို ခွင့်ပြုချက်မရှိသည့် အခမ်းအနားခေါင်းစဉ် သုံးစွဲသည်ဆိုကာ ဦးဆောင်သူ ဒေါ်နော်အုန်းလှ အပါအဝင် သုံးဦးကို ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရဲစခန်းက ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည့် အမှုဖြစ်စဉ်များက လူသိများ ထင်ရှားခဲ့သည်။

တပ်မတော်က တရားလိုပြုလုပ် တရားစွဲသည့် အမှုဖြစ်စဉ်များအနက် သင်္ကြန်သံချပ် ဖျော်ဖြေတင်ဆက်ရာတွင် သုံးနှုန်းခဲ့သည့် သံချပ်အသုံးအနှုန်းများသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဆိုကာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆိုမှု၊ တပ်မတော်ဂုဏ်သိက္ခာ ကျစေသည့် ဟောပြောချက်များ ပါဝင်သည် ဆိုကာ တက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်ကို တရားစွဲဆိုမှု စသည့်အမှုဖြစ်စဉ်များလည်း ထင်ရှားခဲ့သည်။

လက်ရှိ ဖြစ်စဉ်များအရ ငြိမ်းစုစီဥပဒေ၊ နိုင်လွတ်လုံ (နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာအကွယ်ပေးရေး) ဥပဒေနှင့် ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ အချို့တို့သည် ပြည်သူကို အကာအကွယ်မပေးဘဲ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည့်အတွက် ယင်းဥပဒေများကို မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်သည်ဟု ဥပဒေပညာရှင်အချို့နှင့် အရပ်ဘက်အဖွဲ့အစည်းများက မှတ်ချက်ပြုကြသည်။