အစိုးရသက်တမ်း တစ်နှစ်သာကျန်တော့သည့်အချိန်တွင် ဝန်ကြီးဌာနများကို ပေါင်းခြင်း၊ ခွဲခြင်းသည် ဘာမျှလုပ်ဆောင်နိုင်မည်မဟုတ်ဘဲ အချိန်သာကုန်လိမ့်မည်ဟု NLD ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဝေဖန်

အစိုးရသက်တမ်း တစ်နှစ်သာကျန်တော့သည့်အချိန်တွင် ဝန်ကြီးဌာနများကို ပေါင်းခြင်း၊ ခွဲခြင်းသည် ဘာမျှလုပ်ဆောင်နိုင်မည်မဟုတ်ဘဲ အချိန်သာကုန်လိမ့်မည်ဟု NLD ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဝေဖန်
Published 20 November 2019
စိုးမင်းထိုက်၊အောင်မင်းသိန်း

အစိုးရသက်တမ်း တစ်နှစ်သာ ကျန်တော့သည့်အချိန်တွင် ဝန်ကြီးဌာနများကို ပေါင်းခြင်း၊ ခွဲခြင်းသည် ဘာမျှလုပ်ဆောင်နိုင်မည်မဟုတ်ဘဲ အချိန်သာကုန်လိမ့်မည်ဟု NLD ပါတီဝင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က ဝေဖန်ပြောကြားသည်။

အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ် ဖွဲ့စည်းရေးကိစ္စနှင့်စပ်လျဉ်းပြီး လွှတ်တော်၌ ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ တကယ်လုပ်သင့်တာကတော့ ကျွန် တော်တို့ ၂၀၁၆ စကတည်းက Master Plan ရှိဖို့လိုပါတယ်။ ဝန်ကြီးဌာန ဘယ်နှစ်ခုဖွဲ့မယ်။ ဘာတွေလုပ်မယ်။ ဘယ်လိုရည်ရွယ်ချက်တွေ ချမှတ်မယ်ဆိုတာကို အစိုးရသစ်ဖွဲ့ကတည်းက ရှိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်တုန်းက ပြည်သူတွေက အများကြီးမျှော်လင့်ခဲ့ကြတယ်။ နှစ်ပေါင်းများစွာ ကိုယ့်ဆန္ဒမပြည့်ဝခဲ့ကြတဲ့ ပြည်သူတွေက အဲဒီထဲက ဝန်ကြီးဌာနတွေကို Plan ကျကျ၊ Master Plan နဲ့ Strategy Plan တွေ လုပ်ခဲ့လို့ရှိရင် ဒီနေ့အချိန်မှာ Stable ဖြစ်နေရမှာပါ။ တည်ငြိမ်နေရမယ်။ မတည်ငြိမ်ဘဲနဲ့ တစ်ခုခုအရေးပေါ်တာနဲ့ ဌာနပေါင်းတယ်။ ဌာနခွဲတယ်။ ဝန်ကြီးခန့်တယ်။ ဝန်ကြီးရွှေ့တယ်။ ဒါမျိုးတွေ ဒီအချိန်မှာ မလုပ်သင့်ပါဘူး။ ကျွန်တော်တို့ အချိန်မရှိတော့ပါဘူး။ တစ်နှစ်ပဲ ကျန်ပါတော့တယ်။ တကယ်လို့သာ ဌာနပေါင်းမယ်ဆိုရင် ခြောက်လက ဌာနပေါင်းတာနဲ့ အချိန်ကုန်သွားမှာ ဖြစ်ပါတယ်။ နောက်ခြောက်လက ဘာမှမလုပ်နိုင်ပါဘူး။ ရွေးကောက်ပွဲနဲ့ပဲ အချိန်ကုန်သွားပါလိမ့်မယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများကို ပူးပေါင်းလိုက်ပါက ပွတ်တိုက်မှုများ ဖြစ်လာနိုင်ပြီး ဖွဲ့စည်းတည်ဆောက်ပုံခြင်းလည်း မတူညီခြင်းကြောင့် မလုပ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ကျွန်တော့်အနေနဲ့ ယခုလိုဌာနကြီး နှစ်ခု စီမံ/ဘဏ္ဍာဌာနနဲ့ စက်မှုဌာနပူးပေါင်းတာကို လုံးဝလုံးဝ ကန့်ကွက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဘယ်လို Idea နဲ့ ပူးပေါင်းတယ်ဆိုတာ ကျွန်တော်မသိရပါဘူး။ ဒီမှာဖော်ပြထားတာတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုကိစ္စတွေရှိတယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ သို့သော် ကျွန်တော့်အနေနဲ့ ဒီဌာနကြီးနှစ်ခု လုံးဝမပေါင်းသင့်ဘူး။ အထူးသဖြင့် ဒီနေ့လိုအချိန်မျိုး ဒီလိုအခါမျိုးမှာ လုံးဝမပေါင်းသင့်ဘူးလို့ ယူဆတဲ့အတွက် ဒါကိုလေးလေးနက်နက် ကန့်ကွက်ပါတယ်”  ဟု ဦးရဲထွဋ်က ပြောကြားသည်။

ထို့ပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် ဌာနပေါင်းများစွာရှိပြီး DG ၃၀ ဦးခန့် ရှိကြောင်း၊ ယင်းဌာနများသည် ရသုံးမှန်းခြေ၊ စီမံကိန်းရေးဆွဲရေးနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့ပါဝင်ပြီး နိုင်ငံတော်အတွက် အရေးကြီးသည့်ဌာနများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ နောက်ပြီးတော့ ဒီစီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ Public Finance ကို စီမံခန့်ခွဲနေရတဲ့ ဌာနဖြစ်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ဘတ်ဂျက်တွေ ခွဲဝေပေးနေရတဲ့ဌာန ဖြစ်တယ်။ ဘတ်ဂျက်စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီးတော့ တခြားသောဝန်ကြီးဌာနတွေ၊ စီးပွားရေးလုပ်ငန်းတွေ မှန်မှန်ကန်ကန် အသုံးနဲ့ အဖြုန်းခွဲခြားနိုင်အောင်လို့ ဘတ်ဂျက်တွေ အဟောသိကံမဖြစ်အောင် ဆောင်ရွက်ပေးရတဲ့ ထိန်းကွပ်ပေးရတဲ့ Controller လို လုပ်ပေးရတဲ့ ဌာနဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုဌာနမျိုးကို ကျွန်တော်တို့ စက်မှုဝန်ကြီးဌာနက တစ်ချိန်တည်းမှာတော့ ငွေသုံးရမယ်။ ကုန်ထုတ်ရမယ်။ စက်မှု တိုးတက်အောင် လုပ်ရမယ်။ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်။ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံခြားဝင်ငွေတွေ ရရှိအောင် လုပ်ရမယ်။ သို့သော် ဒီဌာနနှစ်ခုက ပူးပေါင်းလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဘဏ္ဍာရေးနဲ့ ပတ်သက်ရင် တရားသူကြီးလို ခုံသမာဓိလူကြီးလိုနေရာက နေရပါတယ်။ တခြားဌာနတွေရဲ့ ဘဏ္ဍာငွေအသုံးအစွဲတွေ စီမံခန့်ခွဲမှုတွေ မမှန်မကန်ဖြစ်တာကို ထိန်းကွပ်ပေးရပါမယ်။ အဲဒီတော့ကာ ကျွန်တော်တို့ဒီလိုတရားသူကြီးနဲ့ အမှုသည်၊ တရားသူကြီးနဲ့ရှေ့နေ တစ်ဝိုင်းတည်းထိုင်ပြီး စားသောက်တာမျိုးဆိုရင် ဥပမာ ဒါဟာ မသင့်တော်ပါဘူး။ နောက်ပြီးတော့ အလုပ်လည်းမဖြစ်ပါဘူး။ ပွတ်တိုက်မှုတွေလည်း ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့်မိုလို့ ကျွန်တော့်အနေနဲ့ ဒီဟာပူးပေါင်းမှုကို ကန့်ကွက်ရခြင်းဖြစ်ပါတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။

 

 

Most Read

Most Recent