မျှော်လင့်ချက်များ ပျက်သုဉ်းခြင်း

မျှော်လင့်ချက်များ ပျက်သုဉ်းခြင်း
၂၀၁၇ ခုနှစ် နိုဝင်ဘာလက မူဂါဘီနုတ်ထွက်သွားပြီးနောက် ပြည်သူများနှင့် စစ်သားများ ဟာရာရီမြို့၌ အတူတကွ အောင်ပွဲခံနေကြစဉ် (Photo: AFP)
၂၀၁၇ ခုနှစ် နိုဝင်ဘာလက မူဂါဘီနုတ်ထွက်သွားပြီးနောက် ပြည်သူများနှင့် စစ်သားများ ဟာရာရီမြို့၌ အတူတကွ အောင်ပွဲခံနေကြစဉ် (Photo: AFP)
Published 17 November 2019
မြတ်သစ်

ပြီးခဲ့သော နှစ်နှစ်က လီနိုးစ်မူတီဖီရာသည် အခြားသော ဇင်ဘာဘွေပြည်သူ ထောင်ပေါင်းများစွာနှင့်အတူ နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သူ မူဂါဘီကို ဖြုတ်ချနိုင်ခဲ့ခြင်းကြောင့် မျက်ရည်များပင်ကျသည် အထိ အပျော်ကြီးပျော်ခဲ့သည်။ အာဏာရှင် မူဂါဘီကို ဖြုတ်ချနိုင်ခဲ့ခြင်းကြောင့် မိမိတို့ ပြည်သူများ၏ဘဝလည်း ပြောင်းလဲလာတော့ မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ယနေ့ အချိန်တွင် အတိတ်ကို ပြန်လည်ငဲ့ စောင်းကြည့်လိုက်သည့်အခါတွင် မုန်းတီးမှုများ၊ ခါးသီးမှုများနှင့် တွေ့ကြုံခဲ့ရသည်။ ဘဝသစ်ကို မလွဲ မသွေ ရင်ဆိုင်ရတော့မည်ဟူသော စိတ်ကူး တို့သည် ပျောက်ကွယ်သွားခဲ့ပြီ။ မိမိနှင့်အတူ ဇင်ဘာဘွေ ပြည်သူများ၏ဘဝသည် ဆင်းရဲ မွဲတေမှုနှင့် ရင်ဆိုင်နေရသည်။ အလုပ်လက် မဲ့ဘဝဖြင့် ကြုံတွေ့နေရသည်။

“ကျွန်တော်တို့အားလုံး စုရုံး ရောက်ရှိနေကြတယ်။ လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီး အသက်အရွယ်မျိုးစုံ ပါဝင်ကြတယ်။ ဆင်းရဲချမ်းသာ လူတန်းစားမရွေးပါတယ်။ လူဖြူ၊ လူမည်း၊ အသွေးရောင်စုံ ပါဝင်ကြ တယ်။ ကျွန်တော်တို့ အားလုံးလက်ထဲမှာ ဇင်ဘာဘွေအလံတွေ၊ တံခွန်တွေ၊ ပိုစတာ တွေ ကိုင်ထားကြတယ်။ အားလုံးသီချင်းတွေ သီဆိုကြတယ်။ ကခုန်တဲ့သူတွေက ကခုန်ကြ တယ်။ အားလုံးတစ်ယောက်လက် တစ် ယောက်တွဲပြီး နမ်းရှုပ်ကြတယ်။ ဆုတောင်းကြတယ်” ဟု မူလီပီရာက အတိတ်ကို ပြန် ပြောင်းတသ ပြောဆိုလျက်ရှိသည်။

ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ အစာရေစာငတ်မွတ်ခေါင်းပါးမှုစသည့် ဆင်းရဲဒုက္ခများ ကြုံတွေ့ခဲ့ရသည်။ ဇင်ဘာဘွေစစ်တပ်နှင့် ရဲတပ်ဖွဲ့၏ နှိပ်စက်ညှဉ်းပန်း မှုများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု မူတီပီရာက ပြောသည်။ သူသည် ဟာရာရီမြို့ရှိ လမ်း ဘေးစျေးသည်ဖြစ်သူ သူငယ်ချင်းတစ်ယောက် ဘေးတွင် ထိုင်နေသည်။ မူဂါဘီ အရိုက်အရာ ဆက်ခံသူ အီမာဆင်အမ်နန်ဂါ၀ါက ဇင်ဘာ ဘွေနိုင်ငံကို ပြန်လည်တည်ဆောက်မှု ပြုလုပ်မည်။ စီးပွားရေးကျဆင်းနေခြင်းကို တိုးတက်အောင်လုပ်မည်ဟု ကတိများ ပေးခဲ့သည်။ သို့သော် လက်တွေ့တွင် တစ်ခုမျှ ဖြစ်မလာ။

“ကျွန်တော်တို့ အသုံးချခံရတယ်။ ကျွန်တော်တို့ သစ္စာဖောက်ခံခဲ့ရတယ်၊ ဒါပေမဲ့ ခုချိန်မှာတော့ ကျွန်တော် အသိဉာဏ်တွေ ပိုကြီးလာပြီ” ဟု မူတီမီရာက ပြောကြားသည်။

ရောဘတ်မူဂါဘီသည် ၁၉၈၀ ပြည့်နှစ်တွင် အာဏာရခဲ့သည်။ ပြောက်ကျားတော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးသမားဖြစ်သော မူဂါဘီသည် ၁၉၈၀ မှ ၁၉၈၇ ခုနှစ် အထိ ဇင်ဘာဘွေ ဝန်ကြီးချုပ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၁၉၈၇-၂၀၁၇ ခုနှစ်အထိ သမ္မတ တာဝန်ထမ်းဆောင်ခဲ့သည်။ မူဂါဘီသည် ၁၉၇၅-၁၉၈၀ ဇင်ဘာဘွေ အာဖရိ ကန်အမျိုးသားသမဂ္ဂ (ZANU) တွင် ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ၁၉၈၀-၂၀၁၇ အထိ ZANU Patriotic Front (ZANU – PF) ကို ဦးဆောင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်နှင့် ၁၉၈၀ ပြည့်နှစ် ကာလများထိ မူဂါဘီသည် သူ့ကိုယ်သူ မာ့စ်လီနင်ဝါဒီ၊ ဆိုရှယ်လစ်တစ်ဦးအဖြစ် ခံယူခဲ့သည်။

၂၀၁၈ နိုဝင်ဘာတွင် မူဂါဘီသည် စင်ကာပူတွင် ဆေးဝါးကုသရင်း အသက်သေဆုံးခဲ့သည်။ ၂၀၁၈ ခုနှစ် ဇင်ဘာဘွေတွင် အငြင်းပွားဖွယ်ဖြစ်ရပ်များ ကြုံခဲ့ရသော်ငြားလည်း အနိုင်ရသူ အမ်နာဂါ၀ါ ဇင်ဘာဘွေသမ္မတ ဖြစ်လာခဲ့သည်။ သမ္မတဖြစ်လာပြီးသည့်နောက် ဇင်ဘာဘွေနိုင်ငံတွင် ပြည်ပရင်းနှီး မြှုပ်နှံမှုများရအောင် ဆွဲဆောင်မည်၊ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးမည်၊ ၂၀၃၀ ပြည့်နှစ်တွင် ဇင်ဘာဘွေနိုင်ငံသည် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်လာမည်ဟု အမ်နာဂါ၀ါက ကတိကဝတ်များ ပေးခဲ့သည်။

မူဂါဘီလက်ထက်က ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ဆိုးများသည် လအနည်းငယ်အတွင်းမှာပင် တစ်ဖန်ပေါ်ထွက်လာသည်။ ဆိုင်များတွင် ကုန်ပစ္စည်းများ ပြတ်လပ်နေသည်။ အခြေခံကုန်ပစ္စည်းများဖြစ်သည့် ဓာတ်ဆီ၊ စားသုံးဆီ၊ သကြားနှင့် ပေါင်မုန့်များ ပြတ်လပ်ခြင်းသည် ပြည်သူလူထုအတွက် မကျေ နပ်မှုများ ဖြစ်ပေါ်စေသည့် မီးစများဖြစ် သည်။ လက်ရှိကာလတွင် ဇင်ဘာဘွေနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ ရာခိုင်နှုန်း ၉၀ ရှိ သည်။ မူဂါဘီလက်ထက်တွင် လူဖြူပိုင် လယ်မြေများကို သိမ်းယူခဲ့သည်။ ဆိုရှယ် လစ်စီးပွားရေးပုံစံ ကျင့်သုံးခဲ့သော မူဂါဘီလက်ထက်တွင် စီးပွားရေး မတိုးတက်ခဲ့။ သို့သော် လက်ရှိ ဇင်ဘာဘွေနိုင်ငံ စီးပွားရေး မှာ မူဂါဘီလက်ထက်ထက်ပင် ပို၍ကျဆင်း နေသည်။ ငွေကြေးဖောင်းပွမှုက ဆိုးရွားခဲ့သည်။ အစိုးရသစ်လက်ထက်တွင်လည်း ငွေ ကြေးဖောင်းပွမှုနှုန်းက မြင့်တက်နေဆဲ။ လျှပ်စစ်မီး တစ်နေ့လျှင် ခြောက်နာရီသာ ရသည်။ မြို့ပြင်ဆင်ခြေဖုံးရပ်ကွက်များတွင် ရေပိုက်များ၌ ရေလုံးဝမလာ။

အခြေအနေက ဆိုးရွားသည်ထက် ဆိုးရွားလာနေသည်ဟု ဇင်ဘာဘွေနိုင်ငံ စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ တိုနီဟောတင်း က သုံးသပ်ခဲ့သည်။

“ပြည်သူတွေ ပိုပိုဆင်းရဲလာတယ်။ လူထောင်ချီပြီး အလုပ်တွေ ပြုတ်ခဲ့ကြတယ်။ ဇင်ဘာဘွေနိုင်ငံမှာ စီးပွားရေး ကျဆင်းနေတာမဟုတ်ဘူး။ နိုင်ငံရေးကလည်း မကောင်းဘူး။ ပြည်သူတွေက အစိုးရသစ်တက်လာရင် အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာလိမ့် မယ်လို့ ယူဆထားခဲ့ကြတယ်။ အာဏာရှင် မူဂါဘီမရှိတော့ပေမဲ့ စစ်တပ်က အင်အား ကြီးမားနေဆဲဖြစ်တယ်။ ဘတ်စ်ကား၊ တက္ကစီ တစ်ခုလုံး ပြောင်းလဲတာမဟုတ်ဘဲ ဒရိုင်ဘာ ပြောင်းလဲလိုက်တဲ့ ပုံစံမျိုးဖြစ်နေတယ်”ဟု တိုနီဟောကင်းက ပြောကြားသည်။

အင်္ဂလန်နိုင်ငံ Kent တက္ကသိုလ်မှ အေလက်မာဂိုင်ဆာက သမ္မတသစ် အမ်နာဂါ၀ါက အရုဏ်သစ် လာတော့မည်ဟု ပြောကြားခဲ့ကြောင်း၊ အမှန်တကယ်၌ ပြည်သူလူထုသည် အရုဏ်သစ်ကို မမြင်ရဘဲ တံလှပ်ကို သာ တွေ့နေရကြောင်း တင်စားပြောကြားခဲ့ သည်။ မူဂါဘီမရှိတော့သဖြင့် နိုင်ငံ၏ နိုင် ငံရေးစနစ်တစ်ရပ်လုံး ပြောင်းလဲသွားမည် ဟု ပြည်သူများ မျှော်လင့်ထားခဲ့သည်။ မူဂါ ဘီ ဖန်တီးခဲ့သော နိုင်ငံရေးစနစ်ဆိုးသည် လည်းကောင်း၊ ပြည်သူလူထုကို မွဲပြာကျစေ သော ဆင်းရဲဒုက္ခရောက်စေသော စီးပွား ရေးစနစ်သည်လည်းကောင်း၊ မူဂါဘီနှင့်အ တူ ကွယ်ပျောက်မည်ဟု မျှော်လင့်ထားခဲ့ သော ဇင်ဘာဘွေပြည်သူများသည် အမ်နာ ဂါ၀ါလက်ထက်တွင် စီးပွားရေး၊ နိုင်ငံရေး တို့သည် ရှေးယခင်ကနှင့် မည်သို့မျှ မခြား နားကြောင်း သတိပြုမိလာကြသည်။ သူတို့ အနေဖြင့် ဘာတစ်ခုမျှ ပြောင်းလဲလာခြင်း မရှိသော အဖြစ်ကို နှစ်နှစ်အကြာတွင် သိရှိ လာခဲ့ခြင်းဖြစ်သည်။

မအောင်မြင်သော အစိုးရတစ်ရပ်နှင့် ကြုံတွေ့နေရသော ပြည်သူများသည် ဆိုးရွားသော အတိတ်ကာလကို ပြန်လည်တမ်းတ လေ့ရှိကြသည်။ ဇင်ဘာဘွေပြည်သူများ၏စိတ်ထဲ၌ ၂၀၁၇ မတိုင်မီကာလ မူဂါဘီလက် ထက်က တော်သေးသည်ဟု ယူဆလာကြသည်။ လက်ရှိအစိုးရ သမ္မတ အမ်နန်ဂါ၀ါ သည် မူဂါဘီ၏ ZANU-PF ပါတီဝင်တစ်ဦး ဖြစ်သကဲ့သို့ မူဂါဘီနှင့် နှစ်ရှည်လများ လက်တွဲခဲ့သူဖြစ်သည်။ ဒုတိယသမ္မတ တာဝန်ယူခဲ့ဖူးသော အမ်နာဂါ၀ါသည် စတက်လာစတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ကြိုး ပမ်းခဲ့သည့်တိုင် လုပ်ရင်းနှင့် လမ်းပျောက်ခဲ့ရကြောင်း Platform for Youth Development မှ ဥက္ကဋ္ဌ ကလာရစ်မက်ဒ်ဟူကူက ပြောကြားခဲ့သည်။ အတိုက်အခံ Movement for Democratic Change (MDc) ပါတီမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒင်နီရယ်မိုလိုကီတီကမူ ဇင်ဘာဘွေပြည်သူများသည် မူဂါဘီ ဖြုတ်ချရေး ကြိုးပမ်းချက်မှာ မှားယွင်းခဲ့ကြောင်း၊ မူဂါဘီမရှိလျှင် ဒုက္ခဘေးအပေါင်းမှ ကင်းဝေးမည်ဟု ယုံကြည်ခဲ့ကြကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အမှန်တကယ်၌ မူဂါဘီ မရှိတော့သော် လည်း သူ့လက်ထက်နှင့် ဘာတစ်ခုမျှ ပြောင်း လဲမှုများ သိသိသာသာ မမြင်၊ မတွေ့ရ။ မူဂါ ဘီသည် အာဏာရှင်တစ်ဦးသာမက လူကောင်းတစ်ဦးလည်း မဟုတ်။ သူ့လက်ထက်တွင် ပြည်သူများ ဆင်းရဲကြသည်။ လက်ရှိအ စိုးရလက်ထက်၌လည်း ပြည်သူများ ဆင်းရဲ နေဆဲ။ အမ်နာဂါ၀ါလက်ထက် ပိုဆိုးသည် က လက်ရှိစီးပွားရေးသမားများသည် အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပေါင်းပြီး ချမ်းသာ ကြွယ်ဝနေကြသည်။ စီးပွားရေးသမားများ လုပ်ငန်းရှင်များသည် သူတို့အကျိုးစီးပွားကိုသာ ကြည့်နေကြသဖြင့် ပြည်သူများအဖို့ ရာကား ဒယ်အိုးထဲ၌ ရှိနေသည့် သားငါးများ ကဲ့သို့ သေပွဲဝင်နေကြရသည်။

ဇင်ဘာဘွေနိုင်ငံရှိ ပြည်သူလူထုအားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ဖို့ လိုအပ်နေပြီ။ ပြည်သူလူထုသည် မိမိကြမ္မာကို မိမိဘာသာ ဖန်တီးခွင့်ရကြဖို့ လိုသည်။ အပြောင်းအလဲတစ်ရပ်ကို အစိုးရ က မဖော်ဆောင်နိုင်ဘူးဆိုလျှင် ပြည်သူလူထုကြီးက ပြောင်းလဲမှုတစ်ရပ်ကို ဖော်ဆောင်ရဖို့ အချိန်ရောက်နေပြီဟု မိုလိုတီတီက ပြောကြားလိုက်သည်။ ဇင်ဘာဘွေ ပြည်သူ လူထု ဒေါသထွက်နေသည်က ကုန်စျေးနှုန်း ပြဿနာ။ စီးပွားရေး ကျဆင်းမှုပြဿနာကို မဖြေရှင်းနိုင်ခြင်းကြောင့် ဖြစ်သည်။ မူဂါဘီ အရိုက်အရာ ဆက်ခံသူ အမ်နာဂါ၀ါသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ပြိုင်ဆိုင်ပြီး အနိုင်ရကာ အစိုးရအဖွဲ့ ဖွဲ့နိုင်ခဲ့သည်မှာ မှန်သည့်တိုင် အာဏာရှင်စနစ်၏ အမူအ ကျင့်ဟောင်းများကို မဖယ်ရှားနိုင်။ သူလည်း အာဏာရှင်စနစ်ကို ပုံစံသစ်တစ်ရပ်ဖြင့် အ ကောင်အထည် ဖော်နေကြောင်း အတိုက်အ ခံ နိုင်ငံရေးသမားများက ဝေဖန်လျက်ရှိ သည်။

စားဝတ်နေရေး ပြဿနာ ရင်ဆိုင်နေရသော ဇင်ဘာဘွေပြည်သူများ မကျေမနပ်ဖြစ်ပြီး လမ်းမပေါ်ထွက် ဆန္ဒပြသည့် ဖြစ်ရပ် ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ဇင်ဘာဘွေအစိုးရက ဓာတ်ဆီစျေးနှုန်းများ နှစ်ဆ တိုးကာ မကျေနပ်သဖြင့် ဆန္ဒပြပွဲများ ဖြစ် ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ လက်ချက်ဖြင့် ပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများ အမြောက်အမြားရှိခဲ့သည်။ ဇင်ဘာဘွေ ပြည်သူများအတွက် ကောင်းဖို့ရာ မရှိဘူးဟု ဟာရာရီအခြေစိုက် နိုင်ငံရေးသုတေသီ အလက်ဇန်းဒါးရုဆီဂိုက မှတ်ချက်ချသည်။ ZANU-PF ပါတီရှိ နိုင်ငံရေး အခွင့်ထူးခံ လူတန်းစားများက ပြည်သူလူထုအကျိုးကို မကြည့်ဘဲ သူတို့၏ ချမ်းသာကြွယ်ဝရေးကိုသာ ကြည့်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

Most Read

Most Recent