လားရှိုးမြို့ ရပ်ကွက် (၉) အတွင်းသို့ ရှော့တိုက်ဒုံး ခုနစ်လုံးဖြင့် ပစ်ခတ်ခံခဲ့ရပြီး တစ်ဦးထိခိုက်ဒဏ်ရာရကာ မပေါက်ကွဲသေးသည့် ရှော့တိုက်ဒုံးများလည်း တွေ့ရှိ

လားရှိုးမြို့ ရပ်ကွက် (၉) အတွင်းသို့ ရှော့တိုက်ဒုံး ခုနစ်လုံးဖြင့် ပစ်ခတ်ခံခဲ့ရပြီး တစ်ဦးထိခိုက်ဒဏ်ရာရကာ မပေါက်ကွဲသေးသည့် ရှော့တိုက်ဒုံးများလည်း တွေ့ရှိ
Published 16 November 2019
သတင်း နှင့် ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ယနေ့ (နိုဝင်ဘာ ၁၆ ရက်) နံနက် ၁၀ နာရီ  မိနစ်၂၀ က မြို့အစွန်ဘက်ရှိ ရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှှုကြောင့် လားရှိုးမြို့ ရပ်ကွက် ၉ ဘူတာအနောက်ဘက်ခြမ်းရှိ နေအိမ်များအတွင်းသို့ ရှော့တိုက်ဒုံးများ ရောက်ရှိပေါက်ကွဲခဲ့သည်။

အဆိုပါ ရှော့တိုက်ဒုံးများသည် လားရှိုးမြို့ ရပ်ကွက် ၉ ရှိ နေရာအနှံ့တွင်ကျရောက်ခဲ့ပြီး စုစုပေါင်း ရှော့တိုက်ဒုံး ခုနစ်လုံး ကျရောက်ခဲ့ကြောင်း သိရသည်။

ရှော့တိုက်ဒုံးကျရောက်မှုမှာ လားရှိုးမြို့ ရပ်ကွက် ၉ နယ်မြေ ၃ ရှိ နေအိမ်အတွင်းသို့ အုတ်နံရံဖောက်ဝင်ကာ တစ်လုံးကျရောက်ခဲ့ပြီး အိမ်ဝင်းအတွင်း ရပ်တန့်ထားသော ကားမှန်များကွဲကာ ခြံစည်းရိုးအုတ်တံတိုင်း ထိမှန်ခံရသည်။

လမ်းသွယ် ၄ တွင် မပေါက်ကွဲသေးသည့် ရှော့တိုက်ဒုံးတစ်လုံး အိမ်အတွင်းကျရောက်ခဲ့ပြီး အဆိုပါဒုံးအား သက်ဆိုင်ရာတပ်မှ အသက်မဲ့အောင် ဆောင်ရွက်ခဲ့ရပြီး၊ လမ်းသွယ် (၅) ရှိ နေအိမ်ခြံစည်းရိုးအား ဖောက်ဝင်ခဲ့သည့် ဒုံးသီးတစ်လုံး၊ ရပ်ကွက် ၉ အတွင်းရှိ ကြက်ခြံအနီးတစ်လုံး၊ လမ်းသွယ်(၈)တွင် နေအိမ်အတွင်းသို့ တစ်လုံး၊ လယ်ကွင်းသွားလမ်း ငါးကန်အနီးတွင်တစ်လုံး၊ လေယာဉ်ကွင်းမရောက်မီ ပေ ၁၉၀၀ ခန့်အကွာတွင်တစ်လုံး စုစုပေါင်း ခုနစ်လုံး ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှော့တိုက်ဒုံးများ လာရောက်ပစ်ခတ်မှုမှာ လားရှိုးမြို့၊ ပညာရေးကောလိပ်နောက်ကျောဘက် ဗြုံးတောင်အနီး တောင်ကုန်းပေါ်မှ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခဲ့သည့်နေရာတွင် ပစ်ခတ်ခြင်းမပြုခဲ့သည့် ရှော့တိုက်ဒုံးနှစ်လုံးနှင့် ၀ါယာကြိုးများ၊ ဘက်ထရီအိုးများ သဲအိတ်များ တွေ့ရှိခဲ့ကြောင်း သိရသည်။

“ရှော့တိုက်ဒုံး လာရောက်ပစ်ခတ်တဲ့နေရာမှာ သူတို့ ရှော့တိုက်ဒုံးတွေ တင်ဖို့လုပ်ထားတဲ့ သဲအိတ်က (၁၀) အိတ် ရှိတယ်။ နေရာယူထားတာပေါ့။ ဒါပေမယ့် ပစ်သွားတဲ့ရှော့တိုက်ဒုံးအခွံက ခုနစ်ခု တွေ့တယ်။ မပစ်ရသေးတဲ့ ရှော့တိုက်ဒုံးက နှစ်လုံးကျန်ခဲ့တယ်။ ဘက်ထရီတွေ ၀ါယာကြိုးတွေကျန်ခဲ့တယ်” ဟု ရှော့တိုက်ဒုံး လာရောက်ပစ်ခတ်ခဲ့သည့်နေရာအနီးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရှော့တိုက်ဒုံး လာရောက်ပစ်ခတ်ခဲ့သည့်နေရာသည် လားရှိုးမြို့ ဘူတာအနောက်ဘက်အခြမ်း မြို့အစွန်အနီးတွင်ဖြစ်ပြီး ၄င်းနေရာမှ ကြည့်ပါက လားရှိုးမြို့၊ ရပ်ကွက်(၉)၊ ရပ်ကွက် (၁၀)နှင့် ရပ်ကွက် (၁၁)တို့အား အနီးစပ်ဆုံး တွေ့မြင်နိုင်သကဲ့သို့ တပ်မတော်တပ်ရင်း နေရာများအားလည်း တွေ့မြင်နိုင်ကြောင်း သိရသည်။

“ကျွန်မက ရှော့တိုက်ဒုံးသီးမကျခင် ကျတဲ့နေရာမှာ ပန်းကန်ဆေးနေတာ။ အိမ်မှာက အမေရယ် ကျွန်မရယ် နှစ်ယောက်ပဲရှိတယ်။ ဒုံးသီးမကျခင် တစ်မိနစ်လောက်အလိုမှာ ကျွန်မက ထပြီးအိမ်ထဲကို ဘာမှန်းမသိဘူး သွားလိုက်တာ။ ကံဖယ်တယ်ပြောရမလား။ အဲ့နေရာ လာကျတာ။ ဒါပေမယ့်မကွဲဘူး။ ကျွန်မသာ ရှိနေရင် ကျွန်မထိုင်နေတဲ့နေရာမှာ ကွက်တိလာကျတာ” ဟု လားရှိုးမြို့၊ ရပ်ကွက် (၉)၊ လမ်းသွယ်(၄) ရှိ အိမ်ရှင်ဖြစ်သူကပြောသည်။

“အသံကြီးက ဟိန်းနေတာပဲ။ ပထမတော့ ဗုံးသီးတွေကျတယ်လို့ မထင်ဘူး။ အသံကတော့ သမားရိုးကျ အသံနဲ့ မတူဘူးလေ။ တော်တော့ကို ကျယ်တာ။ ကြားနေကျအသံနဲ့ မတူဘူး။ နောက်မှ သိရတာကို ရပ်ကွက်ထဲကို ဗုံးသီးတွေ လာကျတယ်လို့ပြောမှ လန့်ကုန်တယ်”ဟု ကိုညီညီလှိုင်က ပြောသည်။

ရှော့တိုက်ဒုံးသီးများ ရပ်ကွက် (၉) အတွင်းရှိ နေအိမ်များအတွင်းသို့ နေရာအနှံ့တွင် ကျရောက်မှုကြောင့် အသက်(၆၀)ခန့်ရှိ အမျိုးသမီးတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လားရှိုးဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျှက်ရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ကွတ်ခိုင်မြို့တစ်ဝိုက်၌ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က လာရှိုးနှင့် မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်သို့ တက်ရောက်၍ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လာသောကြောင့် တပ်မတော်နှင့် TNLA ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်လည်း ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် (DSTA) အတွင်းသို့ TNLA အဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

 

Most Read

Most Recent