အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အရေးပေါ်စီမံခန့်ခွဲရေးရန်ပုံငွေ (Emergency Management Fund)သို့ ဒေါ်လာနှစ်သိန်း လှူဒါန်း

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အရေးပေါ်စီမံခန့်ခွဲရေးရန်ပုံငွေ (Emergency Management Fund)သို့ ဒေါ်လာနှစ်သိန်း လှူဒါန်း
မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေစဉ်
မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေစဉ်
Published 15 November 2019
အိသဥ္ဇာကျော်

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံကြက်ခြေနီအ သင်း၏ အရေးပေါ်စီမံခန့်ခွဲရေးရန်ပုံငွေ (Emergency Management Fund) သို့ အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ လှူဒါန်းခဲ့ ကြောင်း နိုဝင်ဘာ ၁၄ ရက်က နေပြည်တော် ၌ ပြုလုပ်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ၏ ၁၃ ကြိမ်မြောက် ကြက်ခြေနီညီလာခံမှ ရရှိသည့်အချက်အလက်အရ သိရသည်။

အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက  ယခုပြုလုပ်သည့် ကြက်ခြေနီညီလာခံသည် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ညီလာခံသက်တမ်း သုံးနှစ်ပြည့်ပြုလုပ်သည့် အခမ်းအနား ဖြစ်ပြီး လာမည့်သက်တမ်းအတွက် အသင်း၏ လုပ်ငန်းတာဝန်များကို အချိန်ပေးပြီး တာဝန်ယူလုပ်ဆောင်နိုင်မည့် ကောင်စီဝင်များအား မှန်ကန်စွာ ရွေးကောက်တင်မြှောက်တာဝန်ပေးအပ်ရန်မှာ အရေးကြီးကြောင်း၊ ပြောင်းလဲလာသည့် ခေတ်ကာလ အခြေအနေများနှင့်အညီ အသင်းကြီးတိုးတက်ပြောင်းလဲရန် ဦးဆောင်လုပ်ဆောင်ပေးနိုင်မည့် ခေါင်း ဆောင်ကောင်းများ လိုအပ်ပါကြောင်းနှင့် လူမှုကရုဏာလုပ်ငန်းများ၊ ဘေးအန္တရာယ် ခံစားရသူများကို ပံ့ပိုးကူညီမှုလုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထားမှုလုပ်ငန်း များ စသည့် လုပ်ငန်းတာဝန်များသည် အလွန်ကျယ်ပြန့်လှပြီး အသင်း၏ အခန်းကဏ္ဍသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် အရေးကြီး ကြောင်း စသည်တို့ကို ပြောကြားသည်။

“ယနေ့အချိန်မှာ ရာသီဥတုပြောင်းလဲမှုများနဲ့အတူ ဘေးအန္တရာယ်ဖြစ်ပွားမှုတွေ ပိုမိုများပြားလာတဲ့အတွက် ထိခိုက်ခံစားရသူတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ ဒါကြောင့် အသင်းရဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးအစီအစဉ်တွေက အမှန်တကယ်ဆောင်ရွက်သင့် တဲ့ လုပ်ငန်းတွေဖြစ်ပြီး နှီးနွှယ်ဌာနတွေ အဖွဲ့ အစည်းတွေအားလုံး  ပူးပေါင်းဆောင်ရွက်ဖို့  လိုအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ဗဟိုနှင့် တိုင်းဒေသကြီးပြည်နယ် အသီးသီးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီးက ၂၀၂၀-၂၀၂၂ ခုနှစ် မြန်မာနိုင်ငံကြက်ခြေနီ ညီလာခံသက်တမ်းအတွက် အစိုးရအဖွဲ့အဆို ပြုသူ ၁၀ ဦးအမည်စာရင်းကို ယင်းအခမ်းအနားတွင် ဖတ်ကြားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြည်သူများဘေးအန္တရာယ်လျော့ပါးသက်သာစေရန်အတွက် ရှေးဦးပြုစုခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝန်းရှိ နေရာဒေသများတွင် ရှေ့တန်းကဆောင်ရွက်လျက်ရှိရာ ရန်ကုန်-မန္တလေးအမြန်လမ်း၌လည်း ပြည်သူများ ယာဉ်မတော်တဆထိခိုက်မှုနှင့် အရေးပေါ်ကျန်းမာအရေးပေါ်ကျန်းမာရေးအခြေအနေ များ ကြုံတွေ့ပါက ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ၂၀၁၃ ခုနှစ် မတ်မှစ၍ ၁၁၅ မိုင် ရှေးဦးသူနာပြုစုခြင်းစခန်း၊ ၂၀၁၃ ခုနှစ် သြဂုတ်တွင် ၂၈၅ မိုင်ရှေးဦးသူနာပြုစုခြင်းစခန်းနှင့် ၂၀၁၇ ခုနှစ်တွင် ၂၀၂ မိုင် ရှေးဦး သူနာပြုစုခြင်းစခန်းများ ဖွင့်လှစ်ထားရှိပြီး ယခုအချိန်အထိ အရေးပေါ်ထိခိုက်ဒဏ်ရာ ကြုံတွေ့ခဲ့သူများကို အရေးပေါ်ရှေးဦးပြုစု ခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ၌ မြန်မာနိုင်ငံကြက်ခြေနီ အသင်းတစ်သာရှိကြောင်း မြို့နယ်အသင်းခွဲအဖြစ် ၃၃၀ နှင့် တက္ကသိုလ်ကောလိပ်ကြက် ခြေနီအသင်းခွဲ ၁၅၀ ရှိကြောင်းသိရသည်။

 

 

Most Read

Most Recent