ဘက်လိုက်မှုရှိသည့် QC များနှင့် တာဝန်မကျေသော ဆောက်လုပ်ရေးကုမ္ပဏီများကို အမည်မည်းစာရင်း သွင်းရုံဖြင့် မလုံလောက်တော့ဘဲ အဂတိလိုက်စားမှု ဥပဒေနှင့်ပါ အရေးယူနိုင်ရန် စတင်ဆောင်ရွက်သင့်ပြီဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အကြံပြုဆွေးနွေး

ဘက်လိုက်မှုရှိသည့် QC များနှင့် တာဝန်မကျေသော ဆောက်လုပ်ရေးကုမ္ပဏီများကို အမည်မည်းစာရင်း သွင်းရုံဖြင့် မလုံလောက်တော့ဘဲ အဂတိလိုက်စားမှု ဥပဒေနှင့်ပါ အရေးယူနိုင်ရန် စတင်ဆောင်ရွက်သင့်ပြီဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အကြံပြုဆွေးနွေး
Published 15 November 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း

ဘက်လိုက်မှုရှိသည့် QC များနှင့် တာဝန်မကျေသည့် ဆောက်လုပ်ရေးကုမ္ပဏီများကို အမည်မည်းစာရင်း သွင်းရုံနှင့် မလုံလောက်တော့သဖြင့် အဂတိလိုက်စားမှု ဥပဒေနှင့်ပါ အရေးယူနိုင်ရန် စတင်ဆောင်ရွက်သင့်နေပြီဖြစ်ကြောင်း ဒလမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေးက လွှတ်တော်၌ အကြံပြုဆွေးနွေးခဲ့သည်။

 နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အ စည်းအဝေး စတုတ္ထနေ့၌ ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင် သော ကျောင်းတည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ၎င်းအပေါ် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အမှတ်စဉ် (၁၅/၂၀၁၉) တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် NLD ပါတီဝင် ရန်ကုန်တိုင်းဒေသကြီး ဒလမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေးက လွှတ်တော်၌ အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

 “ကျောင်းအုပ်ကြီးများက QC အပေါ်မှာ သြဇာမရှိပါဘူး။ ကန်ထရိုက် ပြောသမျှ လက်ခံရတဲ့ကျောင်းတွေ အများအပြားရှိပါတယ်။ စက်တင်ဘာလအတွင်း ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ် ငွေလုံးငွေရင်းဆိုင်ရာ ဆောက်လုပ်ရေး နှင့် တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာ အခြေခံပညာဦးစီးဌာနရဲ့ အစည်းအဝေး တစ်ခုအတွက် ကျောင်းအုပ်ကြီးတစ်ဦးရဲ့ အစည်းအဝေးမှတ်တမ်း ဒိုင်ယာရီကို သူ့ခွင့်ပြုချက်၊ သူပေးဖတ်လို့ သိခွင့်ရတာကတော့ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ QC နဲ့ ပတ်သက်ရင် မလိုအပ်ဘဲ လုပ်ငန်းကြန့်ကြာအောင်လုပ်တာ ရစ်တယ်လို့ခေါ်ကြောင်း၊  ကျောင်းအုပ်များ မရစ်ရန်နှင့် QC လက်ခံရင် လက်မှတ်ထိုးပေးရန် ဖြစ်ကြောင်း၊ အရည်အသွေးစစ်ရန်  QC ပဲ တာဝန်ရှိကြောင်းနှင့် QC ကျေနပ်ရင် လက်ခံရမည် ဖြစ်ကြောင်း၊ ဌာနရဲ့တာဝန်အရှိဆုံး ပုဂ္ဂိုလ်တစ်ဦးရဲ့ အစည်းအဝေးမှာ ပြောကြားချက်ကို သိရှိခဲ့ရပါတယ်။ ဖတ်ခဲ့ရပါတယ်။ စိုးရိမ်စရာ၊ ဝမ်းနည်းစရာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘက်လိုက်မှုရှိတဲ့ QC များ၊ တာဝန်မကျေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီများကို အမည်မည်းစာရင်းသွင်းရုံနဲ့ မလုံလောက်တော့ဘဲ ပတ်သက်သူ အားလုံးကို အဂတိလိုက်စားမှုဥပဒေနဲ့ပါ အရေးယူနိုင်ရန် စတင်ဆောင်ရွက်သင့်နေပြီ ဖြစ်ပါကြောင်း အကြံပြုလိုပါတယ်” ဟု ဒေါက်တာ စိန်မြအေးက လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

အမှန်တရားများက လက်တွေ့တွင် ထင်သလောက်မလွယ်ကူဘဲ စာရွက်ပေါ်တွင် အင်မတန်လှပြီး လက်တွေ့တွင် ဗလာကျဆိုသလို ဖြစ်နေကြောင်း၊ အရည်အသွေးစစ်ဆေးမှုအပိုင်းနှင့် ပက်သက်ပြီး ဆိုက်များကို စစ်ရင်း မေးကြည့်သည့်အခါ QC များက အချိန်မရ၍ဆိုပြီး ကျောင်းအပြင်မှ စစ်သွားခြင်းများ ရှိကြောင်း၊ ဝင်ကြည့်ရုံ ကြည့်သွားခြင်းများ၊ မည်သည့် စစ်ဆေးရေးကိရိယာမှ မပါဘဲ အိုကေနေခြင်းများကြောင့် ကျေးရွာလူထုက QC ဆိုသည်မှာ ဆောက်လုပ်ခွင့်ရ ကန်ထရိုက်နှင့်အတူတူဟု မြင်ကြကြောင်း ဒေါက်တာ စိန်မြအေးက လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

 

Most Read

Most Recent