မြန်မာနိုင်ငံ၏ သတ္တုတူးဖော် ထုတ်လုပ်ခြင်းကဏ္ဍတွင် အကြီးစား သတ္တုတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ပြီး ဓာတ်သတ္တု အသေးစားနှင့် အလတ်စား ထုတ်လုပ်ခြင်းကို နိုင်ငံသားများသာ ဆောင်ရွက်ခွင့်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
သတ္တုတူးဖော် ထုတ်လုပ်ခြင်းအတွက် အဆိုပြုလွှာတင်ပြရမည့် လုပ်ငန်းစဉ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှတစ်ဆင့် အဆိုပြုလွှာ တင်ပြရမည်ဖြစ်ပြီး အဆိုပြုလွှာတွင် ပါဝင်ရမည့် အသေးစိတ် အချက်အလက်များကိုမူ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားကြောင်း သိရသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် အကြီးစား၊ အလတ်စား၊ အသေးစား၊ စမ်းသပ်လုပ်ကွက်နှင့် လက်လုပ်လက်စား အပါအဝင် သတ္တုလုပ်ကွက် ၁၂၅၁ ခုကို ခွင့်ပြုမိန့် ထုတ်ပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ထုတ်ပေးထားမှုတွင် ကချင်ပြည်နယ်၌ စုစုပေါင်း ၁၁၂ ကွက်၊ ကယားပြည်နယ်တွင် စုစုပေါင်း ၁၈ ကွက်၊ ကရင်ပြည်နယ်တွင် ၄၆ ကွက်၊ ချင်းပြည်နယ်တွင် စုစုပေါင်း သုံးကွက်၊ စစ်တိုင်းတိုင်းဒေသကြီးတွင် စုစုပေါင်း ၂၂၉ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် စုစုပေါင်း ၈၈ ကွက်၊ နေပြည်တော်တွင် စုစုပေါင်း သုံးကွက်၊ ပဲခူးတိုင်းဒေသကြီးတွင် စုစုပေါင်း ခုနစ်ကွက်၊ မကွေးတိုင်းဒေသကြီးတွင် စုစုပေါင်း ၅၄ ကွက်၊ မန္တလေးတိုင်းဒေသကြီးတွင် စုစုပေါင်း ၃၃၃ ကွက်ဖြင့် အများဆုံးဖြစ်သည်။
မွန်ပြည်နယ်တွင် စုစုပေါင်း ၂၄ ကွက်၊ ရခိုင်ပြည်နယ်တွင် စုစုပေါင်း တစ်ကွက်၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၁၄၃ ကွက်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၉၅ ကွက်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၉၂ ကွက်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် သုံးကွက်ဖြင့် စုစုပေါင်း ၁၂၅၁ ကွက် ထုတ်ပေးထားသည်။
အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များ ခွင့်ပြုမိန့် ထုတ်ပေးခြင်းကို သတ်မှတ်ဧရိယာအတွင်း ဖြစ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုပေးရန် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကျောက်မျက်ရတနာ ရောင်းချပွဲများကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီး စနစ်တကျ ဆောင်ရွက်ခွင့် ပြုပေးထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ကျောက်စိမ်းတူဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ မိုးတွင်းကာလတွင် နွံကန်ကျိုးပေါက်ခြင်း၊ မြေပြိုခြင်းတို့ကြောင့် လူသေဆုံးမှုများ၊ စက်ယန္တရားနှင့် လူနေအိမ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်သဖြင့် မိုးရာသီကာလ သုံးလအတွင်း ကျောက်စိမ်းရိုင်း တူးဖော်ထုတ်လုပ်မှု ယာယီရပ်ဆိုင်းရန် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။















