စစ်ကိုင်းတိုင်းဒေသကြီးရှိ အသေးစားလက်လုပ်လက်စား ရွှေလုပ်ကွက်များထံမှ အခွန်ကျပ် ငါးဘီလျံကျော် ရရှိခဲ့ဟု ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးရှိ အသေးစားလက်လုပ်လက်စား ရွှေလုပ်ကွက်များထံမှ အခွန်ကျပ် ငါးဘီလျံကျော် ရရှိခဲ့ဟု ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ပြောကြား
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ကွက်တစ်နေရာကို တွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ကွက်တစ်နေရာကို တွေ့ရစဉ်
Published 14 November 2019
ကောင်းခန့်လင်း(မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဗန်းမောက်မြို့နယ်၊ ကသာမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ကောလင်းမြို့နယ် စသည့် မြို့နယ်များအတွင်းရှိ အသေးစားလက်လုပ်လက်စား ရွှေလုပ်ကွက်များထံမှ အခွန်ကျပ ်ငါးဘီလျံကျော် ရရှိခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလားလ်ထောင်ထန်း၏ ပြောကြားချက်အရ သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အသေးစားလက်လုပ်လက်စား ရွှေလုပ်ကွက်များကို ၂၀၁၉ ခုနှစ် မတ်လမှစတင်ကာ တရားဝင်တူးဖော်ခွင့် ပါမစ်ချထားပေးလျက်ရှိကြောင်း၊ ထို့ပြင် တိုင်းဒေသကြီး Cabinet အစည်းအဝေးမှ လေးဧက လုပ်ကွက် အရေအတွက် ၆၁၅ ဧကနှင့် လက်လုပ်လက်စား အရေအတွက် ၂၁၄ ဧကတို့အား အတည်ပြုပေးခဲ့ကြောင်း သိရသည်။

“ လျှောက်လာတဲ့ ကုမ္ပဏီအရေအတွက်ကတော့ ၁၅၀၀ ကျော် ရှိတယ်။လက်လုပ်လက်စားကတော့ တစ်တိုင်းလုံးအနေနဲ့ ၁၆၀၀ ကျော် ရှိတယ်။ လျှောက်လာတဲ့ဟာတွေကို ကျွန်တော်တို့က မြို့နယ်ကို စိစစ်ဖို့ဆိုပြီးတော့ ပို့လိုက်တယ်။ Cabinet ကနေ အတည်ပြုပေးလိုက်တာကတော့ လေးဧက လုပ်ကွက်အရေအတွက် ၆၁၅ ဧက ရှိတယ်။လက်လုပ်လက်စားကတော့ ၂၁၄ ဧက ရှိတယ်။ ခွင့်ပြုမိန့်ပေးပြီး  လေးဧက လုပ်ကွက်အရေအတွက်ကတော့ ၄၄၀ ဧက ရှိတယ်။ လက်လုပ်လက်စား ဧကကတော့ ၁၁၂ ဧက ရှိတယ်။အခွန်ငွေအနေနဲ့ကတော့ အသေးစားကကော လက်လုပ်လက်စားကော ဆိုရင်တော့ ငါးဘီလျံကျော် ရရှိထားတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလားလ်ထောင်ထန်းက ပြောကြားသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ကုမ္ပဏီပေါင်း ၁၅၅၁ ခုက လျှောက်ထားလာပြီး လက်လုပ်လက်စား ၁၆၁၆ ဧကအထိ လျှောက်ထားလာကြောင်း မြို့နယ်သို့ စိစစ်ရန်ပေးပို့သည့် အရေအတွက်သည် ကုမ္ပဏီပေါင်း ၁၁၅၀ အထိရှိပြီး လက်လုပ်လက်စား ၉၈၆ ကွက်အထိရှိကြောင်း၊ မြို့နယ်မှ စိစစ်ပြန်ကြားလာသည့် ကုမ္ပဏီပေါင်း ၄၄၂ ခု အထိရှိခဲ့ပြီး လက်လုပ်လက်စား ၃၆၃ ဧကအထိ ရှိခဲ့ကြောင်း ဦးလားလ်ထောင်ထန်းက ဆိုသည်။

အလားတူ မြို့နယ်မှ စိစစ်ပြန်ကြားရန် ကျန်ရှိနေသည့် ကုမ္ပဏီပေါင်း ၇၀၈ ခုအထိရှိနေပြီး လက်လုပ်လက်စား ၆၂၃ ဧကအထိ ကျန်ရှိနေသေးကြောင်း အပြီးသတ်ဧရိယာ တိုင်းတာသတ်မှတ်ပြီး ကုမ္ပဏီပေါင်း ၄၂ရခု အထိရှိပြီး လက်လုပ်လက်စား ၃၅၇ ဧက အထိရှိကြောင်း၊ အပြီးသတ်ဧရိယာနယ်နိမိတ် တိုင်းတာရန် ကျန်ရှိနေသည့် ကုမ္ပဏီပေါင်း ၁၅ ခုအထိရှိပြီး လက်လုပ်လက်စား ခြောက်ဧက ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ရရှိခဲ့သည့် အခွန်အခအနေဖြင့် အသေးစားလုပ်ကွက်များမှ ၅၄၀၀၇၅၀၆၂၀ ဒသမ ၆၄ကျပ်၊ လက်လုပ်လက်စားလုပ်ကွက်များမှ ၁၆၅၁၈၈၂၇၉ ဒသမ ၅၂ ကျပ် စုစုပေါင်းရရှိသည့် အခွန်အခ ၅၅၆၅၉၃၈၉၀၀ ဒသမ ၁၆ ကျပ်အထိ ရရှိခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလားလ်ထောင်ထန်းထံမှ သိရသည်။

 

 

Most Read

Most Recent