ဘဝတစ်ခုနဲ့ ဖိနပ်တစ်ရန်

ဘဝတစ်ခုနဲ့ ဖိနပ်တစ်ရန်
Photo: mbuyy.com
Photo: mbuyy.com
Published 12 November 2019
ချစ်ခိုင်စံ (ဘီအီးဒီ)

ဘဝတစ်ခုနဲ့ ဖိနပ်တစ်ရန်ဟာ ဘယ်လို စဉ်းစား စဉ်းစား ဆက်စပ်မှု မရှိနိုင်ပါဘူး။ဘဝဟာ ဘဝ၊ ဖိနပ်ဟာ ဖိနပ်။ ဘဝ ဆိုတာကြီးများ ကျယ်ပြန့်ပြီး အဓိပ္ပာယ် အနှစ်သာရတွေ ပြည့်ဝအစ်ထွက်နေတယ်။ ဖိနပ်ဆိုတာကတော့ သေးသိမ်နုံချာည့ံဖျင်းပြီး ဘာမှရေရေရာရာ အနှစ်သာရ မရှိသယောင် ထင်ရတယ်။ ဒါပေမဲ့ အခုခေတ်၊ အခုအခါအရ ကျွန်တော်တို့ဘဝမှာ ဖိနပ်တစ်ရန်တော့ လိုနေပြီမဟုတ်လား။ နောက်ပြီး ကျွန်တော်တို့ဘဝမှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် ဖိနပ်ကောင်းတစ်ရန်လောက်တော့ တောင့်တဖူးမယ်ထင်ပါရဲ့။

ကျွန်တော့်ဘဝမှာလည်း ဖိနပ်ကောင်းတစ်ရန်တော့ စီးဖူးတယ်ရှိအောင် တောင့်တဖူးပါတယ်။ ခက်တာက စျေးကြီးကြီးပေးဝယ်ရတာကို ဖိနပ်ကောင်းလို့ ခေါ်တာလား။ စျေးနည်းပေမဲ့ အချိန်ကြာကြာ စီးခွင့်ရတာကို ဖိနပ်ကောင်းလို့ ခေါ်တာလား။ ကျွန်တော် အခုထိ ရေရေရာရာ မသိသေးဘူး။ ခက်တယ်။ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘဝမှာ မသေခင်စပ်ကြား ဖိနပ်ကောင်းဆိုတာကြီးကို တစ်ကြိမ်လောက်တော့ စီးချင်မိပါရဲ့။

မှတ်မိပါသေးတယ်။ ငယ်ငယ်က စာသင်ခန်းထဲမှာ သူငယ်ချင်းတွေစီးတဲ့ ဆင်ကြယ် ဖိနပ်၊ မြင်းကြယ် ဖိနပ်၊ စာတန်းဖော့ ဖိနပ်တွေကို မြင်တဲ့အခါ သူတို့နဲ့မတူတဲ့ ဖိနပ်ကလေးတစ်ရန်တော့ စီးချင်ခဲ့မိသား။ ခက်တာက သူတို့နဲ့မတူတဲ့ ဖိနပ်ဆိုတာကို ကျွန်တော် မမြင်ဖူးဘူး။ ရှိတော့ရှိမယ်လို့ ကျွန်တော် ယုံကြည်ခဲ့မိပါတယ်။ တကယ်တော့ အဲ့ဒီအချိန်မှာ ကျွန်တော် စီးနေရတာက စာတန်းဖော့ ဖိနပ်ကလေးတစ်ရန်ပါပဲ။ အမှန်တော့ အဲဒီအချိန်၊ အဲဒီကာလက ကျွန်တော်တို့ရွာရဲ့ လမ်းကလေးတွေဟာ ဆင်ကြယ်တို့၊ မြင်းကြယ်တို့လို သားရေဖိနပ်၊ ဒါမှမဟုတ်ရင် စာတန်းဖိနပ်လို ဖော့အမျိုးအစားနဲ့သာ သင့်တော်ပါတယ်။

ဒါဟာ ကိုယ်တည်ရှိနေတဲ့ ကာလံဒေသံ ပေါ်မူတည်ပြီး စီးနင်းရတယ်လို့ မြင်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအချိန်တုန်းက ရွာကလမ်းတွေဟာ ဆောင်းရာသီနဲ့ နွေရာသီမှာ ဖုန်တထောင်းထောင်း ထပြီး မိုးရာသီမှာ ဗွက်တလည်လည် မဟုတ်လား။ ဘယ်လိုပဲ စဉ်းစား စဉ်းစား ရွာလမ်းတွေရဲ့အခြေအနေအရ သားရေဖိနပ်၊ ဖော့ဖိနပ်နဲ့ သစ်သားခုံ ဖိနပ်တွေသာ အသုံးဝင်ပါတယ်။ အဲဒီအချိန်တုန်းကဆို ကျောင်းသွားတက်တိုင်း ဖိနပ်တွေက ဆင်တူဖြစ်နေလို့ တချို့က ဖိနပ်ထိပ်ကို ဓားနဲ့နည်းနည်းလှီးထားတယ်။ တချို့က ဖိနပ်ထိပ်မှာ သံမှိုကလေးတွေ ရိုက်ထားတယ်။တချို့က ဖိနပ်သဲကြိုးမှာ အမှတ်အသားလုပ်သလို တချို့ကတော့ ဖိနပ်နောက်မြီးမှာ အမှတ်အသား လုပ်ကြပြန်တယ်။

မှတ်မှတ်ရရပါပဲ။ အဖေနဲ့ ပဲခူးမြို့ပေါ် လိုက်သွားမိတော့ လမ်းမှာ ဖိနပ်သဲကြိုး ပြတ်သွားတယ်။ အမှန်တော့ ဒီစီးလက်စ ဖိနပ်ကို မစီးချင်လို့ မြန်မြန်ပြတ်အောင် ဖိနပ်သဲကြိုးကို ဓားနဲ့ ခပ်ပါးပါး လှီးဖြတ်ထားတာပါ။ ဖြစ်ချင်တော့ အနှီဖိနပ်က သစ္စာရှိရှိနဲ့ မြို့ပေါ် ရောက်မှ ပြတ်ပေးတယ်လေ။ ခွင်ပဲပေါ့။ နောက်တော့ အဖေက ဖိနပ်တစ်ရန် ဝယ်ပေးတယ်။ ဘဝမှာ ပထမဦးဆုံး ပဲခူးမြို့ပေါ်က ဖိနပ်ဆိုင်ကို ရောက်ခြင်းပါပဲ။ အရင်ကဆို အမေ ဝယ်လာပေးတဲ့ဖိနပ်ကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက်  စီးခဲ့ရတာမဟုတ်လား။အခုတော့ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ရပြီလေ။ ရင်ထဲ တသိမ့်သိမ့် ပျော်လာမိတာအမှန်။ဖိနပ်တွေကလည်း စုံလိုက်တာ။ တစ်ဆိုင်လုံး အပြည့်ပါပဲ။

ဒါနဲ့ မျက်လုံးထဲ အမြင်ဆန်းမယ်ထင်ရတဲ့ သိုင်းဖိနပ်လေးတစ်ရန် ရွေးဝယ်ခဲ့လိုက်တယ်။ ဖိနပ်က ကွင်းထိုးဖိနပ် အမျိုးအစား။ဒါပေမဲ့ ဖိနပ်စီးပြီးရင် ခြေကျင်းဝတ်ကို ပြန်သိုင်းပတ်ထားရတယ်။ ဖိနပ်ကလေးကို မြောက်ကြွမြောက်ကြွစီးပြီး ဆိုင်ထဲကထွက်တော့ ကျွန်တော်တို့ရွာမှာ စီးနေကျ သားရေဖိနပ်တွေနဲ့ ဖော့ဖိနပ်တွေကို ဆိုင်ထောင့်မှာ ပုံရောင်းနေတာ တွေ့လိုက်ရတယ်။ ကလေးဆိုတော့ မြို့စီးဖိနပ်နဲ့ တောစီးဖိနပ်ကို အဆင့်အတန်းခွဲ ရောင်းနေမှန်း မစဉ်းစားမိခဲ့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် မြို့သားတွေ စီးတဲ့ဖိနပ် စီးရပြီဆိုပြီး ဘဝင်လေဟပ်နေတာပေါ့။

ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက အဲဒီဖိနပ်ကို စီးပြီး ရွာထဲ လျှောက်သွားတဲ့အခါ ခင်မင်ရတဲ့ လူကြီးတွေက ၀ိုင်းစတယ်။       “မင်း စီးထားတာ အနူစီးတဲ့ ဖိနပ်ကွ။ အဲဒီလို ဖိနပ်တွေက ခြေချောင်းလေးတွေ တိုနေတဲ့ လူတွေစီးဖို့ တမင်ထုတ်လုပ်ထားတာတဲ့။ကျွန်တော့်မှာ ဘာပြန်ပြောရမှန်းမသိ။ အူလည်လည်ကြီးရယ်။ ဒါပေမဲ့ ကိုယ်ကြိုက်လို့ ရွေးချယ်ထားတာမို့ အဲဒီဖိနပ်ကို ကျွန်တော် ဆက်စီးခဲ့တယ်။ ဒါပေမဲ့ အဲဒီဖိနပ်က ကျွန်တော့်ကို သစ္စာဖောက်ပြန်တယ်။ စီးပြီး တစ်လ မပြည့်သေးဘူး ပြတ်ရော။ နောက်တော့ ထုံးစံအတိုင်း စီးနေကျ စာတန်းဖော့ ဖိနပ်ကလေးက ကျွန်တော့်ခြေဖဝါးအောက် ပြန်လည်တိုးလျှိုး လာတော့တာပေါ့။

ဒါပေမဲ့ အဲဒီအချိန်တုန်းက လူတစ်ယောက်အနေနဲ့ ဘာပဲလုပ်လုပ် ကာလံဒေသံကိုလိုက်ပြီး မလုပ်တတ်ရင် အချည်းနှီး ဖြစ်တတ်တယ်ဆိုတဲ့ အသိကို ကျွန်တော် မရခဲ့တာ အ့ံသြပါရဲ့။

ဖိနပ်ကလေးတွေအကြောင်း စဉ်းစားမိတော့ ကျွန်တော့်ညီတစ်ဝမ်းကွဲအကြောင်း ပြေးသတိရမိပြန်တယ်။ သူက ခြောက်တန်း အရွယ်နဲ့ ကျောင်းထွက်သွားသူပေါ့။ အမြဲလိုလို ကျောင်းပြေးနေတတ်တော့ ကျောင်းစာတွေ လိုက်မမီ ဖြစ်လာတယ်။ နောက်ဆုံး အများအမြင်မှာ စာမလိုက်နိုင်လို့ ကျောင်းထွက်သွားတယ်လို့ ထင်ရှားသွားတယ်။ အချိန်တွေ ကြာမြင့်မှ ကျွန်တော့်ညီနဲ့ ဒီကျောင်းထွက်ရတဲ့ကိစ္စကို ပြောဆိုမိကြတယ်။

ခြောက်တန်းအရွယ် ကျောင်းသားတစ်ယောက်အနေနဲ့ ဖိနပ်မပါဘဲ ကျောင်းတက်ရတဲ့ အရှက်တရားကို အကိုမသိပါဘူးတဲ့။

သူ့စကားက ကျွန်တော့်ပါးစပ်ကို ဖြတ်ရိုက်လိုက်သလိုပဲ။ ဒါပေမဲ့ ပါးစပ်က မနာဘဲ ရင်ထဲမှာ စူးအောင့်နာကျင်သွားတယ်။ ဖိနပ်နဲ့ဘဝဟာ ဘာမှဆက်စပ်မှု မရှိဘူးလို့ ထင်ထားပေမဲ့ ဒီအတွေးကို မှားတယ်ဆိုပြီး ကျွန်တော့်ညီက သက်သေပြသွားတယ်။ သြော် ဖိနပ်တစ်ရန်နဲ့ ဘဝတစ်ခု။ ငယ်ငယ်က ဖိနပ်အသစ်လဲဖို့ ဖိနပ်သဲကြိုးကို ဓားနဲ့လှီးခဲ့တဲ့ ကျွန်တော့်မျက်နှာ ဘယ်မှာသွားထားရမှန်း မသိတော့ပြီ။

ဘာရယ်မဟုတ်ပါဘူး။ ဖိနပ်တွေအကြောင်း စဉ်းစားမိတဲ့အခါ ကျွန်တော်တို့လူမျိုးတွေ ပြောနေကျစကားတစ်ခွန်း သွားသတိရမိတယ်။ယောက်ျားမှာ ဖိနပ်၊ မိန်းမမှာ နားကပ်တဲ့။ ယောက်ျားတစ်ယောက် တင့်တင့်တယ်တယ်ဖြစ်ဖို့ ဖိနပ်ကောင်းတစ်ရန်တော့ စီးရမယ်။ မိန်းမတစ်ယောက် တင့်တင့်တယ်တယ်ဖြစ်ဖို့ နားကပ်ကလေးတစ်ရန်တော့ ဆင်မြန်းရမယ်ဆိုတဲ ့သဘောထင်ပါရဲ့။ကျွန်တော် စဉ်းစားကြည့်မိတယ်။ မိန်းမတစ်ယောက်ကို စိန်နားကပ်တစ်ရန် ဆင်မြန်ပေးပြီး ဖိနပ်အစုတ်တစ်ရန်သာ စီးခိုင်းမယ်ဆိုရင် ဘယ်လိုဖြစ်နေမလဲပေါ့။

စကားဆက်မိသွားတော့ ဖိနပ်နဲ့ပတ်သက်တဲ့ စျေးကွက်ချဲ့ထွင်မှုပုံပြင်လေးတစ်ပုဒ် သွားသတိရမိပြန်တယ်။ တစ်ခါက ဖိနပ်ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဟာ လူဦးရေ ၅၀၀ ခန့်ရှိတဲ့ ကျွန်းတစ်ကျွန်းကို ဖိနပ်ရောင်းဖို့ ထွက်လာသတဲ့။ ကျွန်းရောက်တဲ့အခါ ကျွန်းသူကျွန်းသားတွေဟာ တစ်ယောက်မှ ဖိနပ်စီးတာမရှိတော့ ဝန်ထမ်းဟာ စိတ်ပျက်သွားတယ်။ နောက်တော့ သူ့ကုမ္ပဏီကို စာပြန်ရေး ပို့လိုက်တယ်။ဆရာရေ။ ဒီကျွန်းမှာ ဖိနပ်ရောင်းဖို့ မဖြစ်နိုင်ပါဘူး။ ဒီကျွန်းမှာ ဘယ်သူမှ ဖိနပ် မစီးကြပါဘူးတဲ့။

တစ်လလောက်ကြာတော့ အဲဒီကျွန်းကို နောက်ထပ် ဖိနပ်ရောင်းမယ့် ကုမ္ပဏီဝန်ထမ်းတစ်ယောက် ထပ်ရောက်လာပြန်တယ်။ အဲဒီဝန်ထမ်းဟာ ကျွန်းသူကျွန်းသားတွေတစ်ယောက်မှ ဖိနပ်မစီးတာကို မြင်တဲ့အခါ ဝမ်းသာအားရ ဖြစ်သွားသတဲ့။ နောက်တော့ သူ့ကုမ္ပဏီကို စာရေးပြီး ပို့လိုက်တယ်။

ဆရာရေ။ ဖိနပ်အရန် ၅၀၀ အဆင်သင့် လုပ်ထားပါ။ ဒီကျွန်းမှာ ဖိနပ်အရန် ၅၀၀ ရောင်းဖို့ ရှိပါတယ် တဲ့။ ဒါဟာ ဖိနပ်နဲ့ ဆက်စပ်နေတဲ့ အတွေးအခေါ်၊ အယူအဆ၊ စျေးကွက် ရှုထောင့်တစ်ခုပဲ မဟုတ်လား။ ကျွန်တော်တို့တွေဟာ ဘယ်အရာမဆို ပြောင်းပြန်တွေးတတ်ဖို့လည်းလိုကြောင်း ဖိနပ်ပုံပြင်လေးက မီးမောင်းထိုးပြသွားတယ်လို့ ထင်မိပါရဲ့။

ကျွန်တော်တို့ ရှေးလူကြီးတွေ အစဉ်အဆက်ပြောပြခဲ့တဲ့ စကားတစ်ခု ရှိပါသေးတယ်။

ရေဘူးနဲ့ ဖိနပ်မပါ၊ နွေအခါမှ သိ။ ဒါနနဲ့ သီလမပါ သေခါမှသိ တဲ့။

အင်မတန်ထိရောက်တဲ့ ဆုံးမစကားလေးပါပဲ။ ဟုတ်ပါတယ်။ နွေအခါ ခရီးထွက်ရင်  ရေဘူးနဲ့ ဖိနပ်ကတော့ မပါမဖြစ်ဘူးမဟုတ်လား။ ရေဘူးဟာ အသက်ဆက်နိုင်သလို ဖိနပ်ဟာ ဆူးငြှောင့်ခလုတ်ဆိုတဲ့ အန္တရာယ်အသွယ်သွယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ရေဘူးပါပြီး ဖိနပ်မပါရင် မဖြစ်သလို ဖိနပ်ပါပြီး ရေဘူးမပါရင်လည်း မဖြစ်ဘူး မဟုတ်လား။ရေဘူးရော၊ ဖိနပ်ပါ မပါရင်တော့ တွေးပင် မတွေးရဲစရာ။

ဒီလိုပါပဲ ကျွန်တော်တို့တွေဟာ သံသရာအဆုံးကို မတွေ့သရွေ့ သံသရာခရီးကြမ်းကို တပင်တပန်း ဖြတ်သန်းကြရမှာပါ။ ဒီအခါမှာ ဒါနနဲ့ သီလကိုသာ အားကိုးအားထားပြုပြီး ဆက်လက်ချီတက်ရမှာ မဟုတ်လား။ ဒါန ပါပြီး သီလ မပါရင်လည်း မဖြစ်သလို သီလ ပါပြီး ဒါန မပါရင်လည်း မလွယ်ပြန်ဘူး။ နှစ်ခုစလုံး ချို့ယွင်းနေရင်တော့ သံသရာလမ်းခရီးမှာ အဘယ်မျှ ဒုက္ခအတိ တွေ့လေမလဲ။

တကယ်တော့ ဒီအသိတရားတွေဟာ အင်မတန်နိမ့်ပါးပါတယ်ဆိုတဲ့ ဖိနပ်က ပေးတဲ့ လက်ဆောင်တွေပါ။ ကျွန်တော့်ဘဝမှာလည်း ဘယ်တုန်းကမှ ဘဝနဲ့ ဖိနပ်ကို ဆက်စပ်မတွေးခဲ့မိပါဘူး။ ဘဝဟာ ကြီးကျယ်ပြီး ဖိနပ်ဟာ အနင်းခံနိမ့်ပါးပစ္စည်းလို့ ယူဆခဲ့မိတာ ကျွန်တော့်ရဲ့ဉာဏ်နည်းမှုပါ။ အမှန်တော့ ဒီလိုနိမ့်ပါးပါတယ်ဆိုတဲ့ ဖိနပ်ကပဲ ကျွန်တော့်ကို ဘဝရဲ့ အနှစ်သာရနဲ့ အလေးထားရမှုတွေကို သင်ပေးသွားခဲ့တာပါ။ တကယ်တော့ လောကမှာ ဘယ်အရာမှ တကယ်မနိမ့်ပါးသလို ဘယ်အရာမှ တကယ်အဆင့်အတန်း မမြင့်ပါဘူး။ အားလုံးမှာ အသုံးချတန်ဖိုး တစ်ခုစီတော့ ရှိတတ်စမြဲ။ မြင်အောင်ကြည့်တတ်ဖို့ပဲ လိုတာမဟုတ်ပါလားလေ။

 

 

Most Read

Most Recent