ကရင်ပြည်နယ် ကျုံဒိုးမြို့ ကုန်းပေါ်စျေး ကားဂိတ်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အရပ်သားတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ကျုံဒိုးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၁ ရက် ည ၇ နာရီကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျုံဒိုးမြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ ကုန်းပေါ်စျေး ကားဂိတ်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သဖြင့် ကျုံဒိုးမြို့တွင် နိဗ္မာန်စျေးများ၊ မီးထွန်းပွဲများ ကမ်းနားလမ်းတွင် ကျင်းပနေကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာမှာ ပွဲတော်များနှင့် မိုင်ဝက်ခန့် ဝေးကွာကြောင်း ဒေသခံများက ပြောကြားသည်။
" တန်ဆောင်တိုင်ပွဲက ဖြစ်တဲ့နေရာနဲ့ တခြားစီပဲ။ နိဗ္မာန်စျေးတွေ ဘာတွေက ကမ်းနားဘက်မှာ" ဟု ကျုံဒိုးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဖြစ်စဉ်တွင် ကျုံဒိုးမြို့မရဲစခန်းမှ စခန်းမှူး၊ ဒုရဲအုပ်တစ်ဦး အပါအဝင် ခုနစ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပွဲချင်းပြီး သေဆုံးသွားသူများမှာ အရပ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့ ဖြစ်ကြောင်း၊ နောက်ထပ် ရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားကြောင်း သိရသည်။
" အကုန်ထိတာက ၁၀ ဦးလောက် ရှိတယ်။ စခန်းမှူးက လက်ကျိုးတယ်။ ရဲကတော့ ကျုံဒိုးရဲတွေပဲ။ ကျန်တာကတော့ ဘားအံပို့ရင်းနဲ့ သေတာပေါ့။ အားလုံးပေါင်း ဆယ်ဦး" ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ဒဏ်ရာရရှိသူများကို ကျုံဒိုးမြို့နယ်ဆေးရုံမှတစ်ဆင့် ဘားအံမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကျုံဒိုးမြို့နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
" ကျုံးဒိုးမှာက ရဲတပ်သား နှစ်ယောက် ဆုံးတယ်။ အရပ်သားတစ်ဦး ဆုံးတယ်။ ကျုံဒိုးကနေ ဘားအံ သယ်လာတဲ့လမ်းမှာ ရဲတပ်သားတစ်ယောက် ဆုံးတယ်။ အရပ်သား တစ်ယောက်။ လေးယောက်ပေါ့။ ရဲတပ်သား သုံးယောက်က ဒဏ်ရာ။ အရပ်သား သုံးယောက်က ဒဏ်ရာ။ အားလုံး ၁၀ ယောက်ပေါ့" ဟု ကျုံဒိုးမြို့ လူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကရင်ပြည်နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိသေးပေ။ ဆက်သွယ်မှုရရှိပါက ဆက်လက်ဖော်ပြသွားပါမည်။















