မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၌ ပဋိဇီဝဆေးယဉ်ပါးမှုများကြောင့် သေဆုံးသူဦးရေ ခုနစ်သိန်းခန့်အထိရှိနေပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ ၁၀ သန်းအထိ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။
လက်ရှိ၌ ပဋိဇီဝဆေးဝါးများကို စနစ်တကျသုံးစွဲမှုမရှိခြင်းကြောင့် ဖြစ်ပွားလာသော ပဋိဇီဝဆေးယဉ်ပါး ရောဂါပိုးများသည် လူအချင်းချင်း၊ တိရစ္ဆာန်အချင်းချင်း သို့မဟုတ် တိရစ္ဆာန်မှလူသို့၊ လူမှတိရစ္ဆာန်သို့ အပြန်အလှန် ကူးစက်နိုင်ကာ မည်သူမဆို ရောဂါဖြစ်ပွားနိုင်ကြောင်း၊ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ပဋိဇီဝဆေးယဉ်ပါးမှုရောဂါများကြောင့် သေဆုံးသူမှာ ၂၀၁၆ ခုနှစ်တွင် လူဦးရေ ခုနစ်သိန်းခန့်ရှိပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ ၁၀ သန်းခန့်အထိ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက ခန့်မှန်းတွက်ချက်ထားကြောင်းနှင့် အမေရိကန်ပြည်ထောင်စုတွင် အသက်အန္တရာယ်ကို ထိခိုက်နိုင်သော ပဋိဇီဝဆေးမတိုးသော ရောဂါကူးစက်မှုသည်တစ်နှစ်လျှင် လူဦးရေနှစ်သန်းခန့်အထိရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
“အထူးသဖြင့် တိရစ္ဆာန်မွေးမြူရေးနဲ့ အသားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပဋိဇီဝဆေးတွေကို အလွန်အကျွံသုံးစွဲခြင်းက ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာကို ပိုမိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဗဟိုအဆင့်၊ သင်ကြားရေးနဲ့ အထွေထွေရောဂါကုဆေးရုံကြီးတွေ၊ အထူးကုလူနာဆောင်တွေက လူနာတွေမှာ ပဋိဇီဝဆေးတော်တော်များများ ယဉ်ပါးနေတဲ့ ရောဂါပိုးတွေကိုတွေ့ရှိနေပြီး ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို စနစ်တကျ ထိထိရောက်ရောက် မဆောင်ရွက်ရင် တီဘီနဲ့ ငှက်ဖျား ပဋိဇီဝဆေးယဉ်ပါးရောဂါတွေ ဖြစ်သလို အခြားဆေးယဉ်ပါးရောဂါတွေလည်း ဖြစ်ပွားလာမှာဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးစီမံကိန်း (၂၀၁၇ -၂၀၂၂) ကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နည်းပညာပိုင်း ပံ့ပိုးကူညီမှုနှင့်ရေးဆွဲခဲ့ပြီး National Action Plan for Containment of Antimicrobial Resistance, Version 1 ကို ၂၀၁၇ ခုနှစ် ဇူလိုင်တွင် အတည်ပြုခဲ့ကြောင်း၊ ယင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ National Multi Sectoral committee ကို နယ်ပယ်ကဏ္ဍစုံမှပညာရှင်များ ပါဝင်ဖွဲ့စည်းခဲ့ပြီး ဆေးယဉ်ပါးမှု တိုက်ဖျက်ရေးပြဿနာကို ကဏ္ဍကြီးငါးရပ်ခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံအတွင်း ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးညှိနှိုင်းမှုဗဟိုဌာန National Coordination Center ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ယခုနှစ်တွင် တည်ထောင်ခဲ့ပြီး နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ ငါးဖွဲ့ဖွဲ့စည်း၍ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနနှင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနတို့သည် လူ၊ တိရစ္ဆာန်၊ အပင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး One Health မူဘောင်အရ ပူးပေါင်းဆောင်ရွက်မည့် Joint Statement on Multi Stake holder Engagement to Combat Antimicrobial Resistance in Myanmar ကို လက်မှတ်ရေးထိုး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပဋိဇီ်ဝဆေးဝါးများနှင့် စတီးရိုက်ဆေးဝါးများကို ကျိုးကြောင်းဆီလျော်မှုမရှိစွာဖြင့် ပမာဏအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးရောစပ်ကာ တာဝန်မဲ့စွာ ရောင်းချလျက်ရှိသော စပ်ဆေးများကြောင့် ပဋိဇီဝဆေးယဉ်ပါးမှုဖြစ်ပွားကာ ပဋိဇီဝဆေးမတိုးသော ရောဂါပိုးကူးစက်ပြန့်ပွားမှုပြဿနာများ ဖြစ်ပွားနေကြောင်း အောက်တိုဘာ ၂၂ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးတွင် ပြောကြားချက်များအရ သိရသည်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းတွင် ပဋိဇီဝဆေးယဉ်ပါးသော၊ ပဋိဇီဝဆေးမတိုးသော ရောဂါပိုးများသည် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အနေဖြင့်သာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လူမှုရေးနှင့် စီးပွားရေး ခြိမ်းခြောက်မှုများအဖြစ်ရှိနေ၍ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးလုပ်ငန်းများသည် အရေးကြီးသည့် လုပ်ငန်းများဖြစ်ကြောင်းနှင့် ပဋိဇီဝဆေးဝါးများကို စနစ်တကျသုံးစွဲမှုမရှိခြင်းကြောင့် ရောဂါပိုးများသည် ပဋိဇီဝဆေးယဉ်ပါးမှုကာ ဆေးမတိုးတော့သဖြင့် ရောဂါပျောက်ကင်းမှုမရှိခြင်း၊ အသက်သေဆုံးသည်အထိ ဖြစ်ပွားခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း သိရသည်။















