မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာ၊ ကြက်ဖတံတားအနီး Canter ယာဉ်မှာ လမ်းဘေးချိုင့်အတွင်း ထိုးကျရာမှ ယာဉ်ပေါ်ပါလာသူ လူ ၄၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာ၊ ကြက်ဖတံတားအနီး Canter ယာဉ်မှာ လမ်းဘေးချိုင့်အတွင်း ထိုးကျရာမှ ယာဉ်ပေါ်ပါလာသူ လူ ၄၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိ
■ photo credit - ကဒါရဲကင်းစခန်း
■ photo credit - ကဒါရဲကင်းစခန်း
Published 11 November 2019
ဘိုဘိုမြင့်

ကျိုက်မရောမြို ့နယ်၊ ကျွန်းရွာကျေးရွာ ကြက်ဖတံတားအနီးတွင် (ယနေ့) နိုဝင်ဘာ ၁၁ ရက် ၊ နံနက် ၄ နာရီခွဲခန့်တွင် ရော်ဘာခြံလုပ်သားများ တင်ဆောင်လာသည့် Canter ယာဉ်မှာ လမ်းဘေးချိုင့်အတွင်း ထိုးကျရာမှ ယာဉ်ပေါ်ပါလာသူ လူ ၄၀ ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျိုက်မရောမြို့နယ် ကျွန်းရွာကျေးရွာ မုဒုံ - ချောင်းနှစ်ခွ ကားလမ်းမတွင် မုဒုံမြို့ဘက်မှ ချောင်းနှစ်ခွကျေးရွာဘက်သို ့ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာနေ ယာဉ်မောင်းသက်မင်းစိုး မောင်းနှင်ပြီး ရော်ဘာခြံလုပ်သား ၄၃ ဦး လိုက်ပါစီးနင်းလာသော Mon 7I/- - - - Canter အမျိုးအစား အဖြူရောင် မော်တော်ယာဉ်မှာ ကျိုက်မရောမြို့နယ် ကျွန်းရွာကျေးရွာရှိ တံတားအမှတ် (၁/၈) (ဒေသအခေါ် ကြက်ဖတံတား)အနီး အရောက်၌ ရှေ့မှမောင်းနှင်နေသည့် မော်တော်ယာဉ်တစ်စီးအား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို ့ရောက်ရှိသွားကာ လမ်းနှင့် ၈ ပေခန့်နိမ့်သည့် လမ်းဘေးချိုင့်အတွင်း ထိုးကျသွားခဲ့ကြောင်း သိရသည်။

"ကျွန်းရွာကျေးရွာမှာ ကားတစ်စီးမှောက်နေတယ်။ လူတွေအများကြီး ဒဏ်ရာရရှိနေကြတယ်ဆိုပြီး ဖုန်းသတင်းဝင်လာတယ်။ ကျွန်းရွာကျေးရွာက ကျိုက်မရောမြို့နယ်ဘက်မှာဆိုပေမယ့် မုဒုံနဲ့ဆိုရင် ခုနှစ်ခွေတောင်ဘဲ ခြားနေတော့ ကျွန်တော်တို ့ချက်ချင်းဘဲ လူနာတင်ကား (၂) စီးနဲ ့သွားရောက်ခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာက ကျွန်းရွာကျေးရွာအဆုံးက ဒါကျေးရွာအစ ကြားမှာရှိတဲ့ ကြက်ဖတံတားအနီးမှာ ကားက လမ်းဘေးချိုင့်ထဲကို ခေါင်းထိုးကျနေတာ။ ချိုင့်ကနည်းနည်းနက်တယ်။ ဒဏ်ရာရတဲ့လူတွေက ဘေးမှာပြန့်ကျဲနေတယ်။ ဒဏ်ရာရရသူပေါင်း (၄၁) ဦးရှိပါတယ်" ဟု မုဒုံ အရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ ့ဥက္ကဋ္ဌ ဦးမိုးမြင့်ရှိန်က ပြောကြားသည်။

“လူနာတွေကိုတော့ ကျွန်တော်တို ့မုဒုံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဉ်များအပြင် မုဒုံမြို့နယ်အတွင်းက ကျေးရွာများရှိ လူနာတင်ယာဉ်တွေ၊ ကျိုက်မရောမြို ့နယ်မှာရှိတဲ့ ကျေးရွာတွေက လူနာတင်ယာဉ်တွေနဲ ့မုဒုံမြို ့နယ်ဆေးရုံကို အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးခဲ့ကြပါတယ်။ အတွင်းဒဏ်ရာတွေ၊ အရိုးကျိုး ဒဏ်ရာတွေရထားကြတဲ့ လူနာ (၁၀) ဦးကိုတော့ မုဒုံဆေးရုံကနေ မော်လမြိုင်ဆေးရုံကြီးကို ထပ်မံပို ့ဆောင်ပေးခဲ့ရပါတယ်" ဟု ဦးမိုးမြင့်ရှိန်က ဆက်လက်ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်း သက်မင်းစိုးအပေါ် ချောင်းနှစ်ခွနယ်မြေရဲစခန်းမှ ယာဉ် (ပ) ၁၄/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၂၇၉/၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

 

 

 

 

Most Read

Most Recent