ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်နေ့(နိုဝင်ဘာ ၁၁ရက်)နံနက်ပိုင်းက ကေတုမတီ(တောင်ငူ)မြို့တည် နန်းတည် ၅၀၉ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပခဲ့ပြီး တောင်ငူခေတ် နန်းတွင်းဝတ်စားဆင်ယင်မှုများဖြင့် ဝင်းခင်းသရုပ်ပြ ချီတက်ခြင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ နိုင်ငံကျော် ရုပ်ရှင်မင်းသား၊ မင်းသမီးများလည်း ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်းတို့လည်း တက်ရောက်ခဲ့ကြပြီး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပွဲတော်အား ဦးဆောင်ကျင်းပသူများနှင့် တောင်ငူခရိုင်မြို့နယ်များမှ ဒေသခံ ပြည်သူအင်အား သောင်းနှင့်ချီ၍ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ဝင်းခင်းခြင်းအခမ်းအနားကို နံနက် ၈ နာရီခွဲခန့်တွင် စတင်၍ တောင်ငူခရိုင်ဘောလုံးကွင်းအတွင်း၌ တောင်ငူဘုရင်များဖြစ်ကြသော တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့၏ နောင်ရိုးတိုက်ပွဲဆင်နွှဲခဲ့ကြပုံများနှင့် တောင်ငူဘုရင် ဘုရင့်နောင်မင်းတရားကြီးမှ ယိုးဒယား(ထိုင်း) နိုင်ငံသို့ စစ်ချီသိမ်းပိုက်အောင်နိုင်ခဲ့ပုံများကို သရုပ်ပြ တင်ဆက်ခဲ့ကြပြီး ယင်းအခမ်းအနားတွင် ဇာတ်မင်းသားဖိုးချစ်က ဘုရင့်နောင်အဖြစ်သရုပ်ဆောင်၍ ယင်းအခမ်းအနားတွင် ဆင်ငါးကောင်အပါအဝင် မြင်းများ၊ နွားလှည်းများဖြင့် တောင်ငူဘုရင်ခေတ် တိုက်ပွဲဆင်နွှဲကြပုံများကို တင်ဆက်ပြသခဲ့ကြကြောင်းသိရသည်။


ကေတုမတီ(တောင်ငူ)မြို့တည် နန်းတည် ၅၀၉ နှစ်ပြည့်ပွဲတော်သို့ လာရောက်ကြည့်ရှု့သည့် ကေတုမတီ(မြို့သစ်)မှ ကိုအောင်ကိုဦးက “ဒီမှာလုပ်တာ စည်လည်းစည်ကားပါတယ်၊ ရှေ့ကသမိုင်းအစဉ်အလာကိုလည်း ဖော်ပြတဲ့အနေနဲ့လည်းဖြစ်ပါတယ်၊ ဒီလိုစည်စည်းကားကားနဲ့ ကျင်းပတယ်ဆိုတာ နောင်နှစ်နောင်နှစ်တွေမှာလည်း ဖြစ်နိုင်ကောင်းလည်း ဖြစ်နိုင်တယ်၊ မဖြစ်လည်း မဖြစ်နိုင်ဘူး၊ ဒီလိုလုပ်ပေးတဲ့ အကြီးအကဲ လူကြီးတွေကိုလည်း အများကြီးဂုဏ်ယူမိပါတယ်၊ နောင်ကိုလည်း ဆက်လက်လုပ်နိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးပါတယ်” ဟု ပြောကြားသည်။


ထို့နောက် တောင်ငူမြို့တည်ခဲ့စဉ်က အရှေ့ဘက်မုခ်ဦးဖြစ်သော အောင်နန်းတံခါးမုခ်ဦးတွင် စုရပ်အဖြစ်ထပ်မံစုစည်း၍ ယင်းနေရာမှ တစ်မိုင်ကျော်ခန့်ကွာဝေးသော မြို့အနောက်ဘက် မုခ်ဦးအထိ ဖိုးမှူးဖိုးကွန်းလမ်းမကြီးအတိုင်း ဝင်းခင်းလမ်းလျှောက် ချီတက်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြသည်၊ လမ်းလျှောက်ချီတက်ခြင်း ဝင်းခင်းအခမ်းအနားတွင် ရုပ်ရှင်သရုပ်ဆောင် ရဲအောင်က တောင်ငူမြို့တည် ဘုရင်မင်းကြီးညိုအဖြစ် သရုပ်ဆောင်ကာ မိဘုရားအဖြစ် မင်းသမီး ခိုင်သင်းကြည်၊ ဘုရင်တပင်ရွှေထီးအဖြစ် မင်းသားဟိန်းဝေယံနှင့် မိဘုရားအဖြစ် မင်းသမီး ရတနာပုံ၊ ဘုရင့်နောင်အဖြစ် မင်းသားကျော်ကျော်ဗိုလ်နှင့် မိဘုရားအဖြစ် မင်းသမီးဖူးစုံ၊ သမီးတော်များအဖြစ် မင်းသမီးစိုးပြည့်သဇင်၊ ခင်ဝင့်ဝါ၊ အိချောပို၊ နောက်ပါတပ်မှူးများအဖြစ် ညီနန္ဒ၊ သတ္တိနှင့် မင်းညီတို့က ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။ ထို့အပြင် ဖိုးချစ်ဇာတ်သဘင်အဖွဲ့သားများနှင့် တောင်ငူမြို့သူ၊ မြို့သားများက မြင်းသည်တော်များ၊ နန်းတွင်းသူ၊ နန်းသားများအဖြစ်ပါဝင်၍ အင်အား ၃၀၀ ဝန်းကျင်ခန့်တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဝင်းခင်းသရုပ်ပြချီတက်ရာတွင် ချီတက်ရာအဓိကလမ်းဖြစ်သည့် ဗိုလ်မှူးဖိုးကွန်းလမ်း တစ်လျှောက်ရှိ လမ်းဘေးဝဲယာတွင်၊ တောင်ငူမြို့ခံများ၊ ဝင်းခင်းအခမ်းအနားသို့ လာရောက်ကြည့်ရှုကြသူများဖြင့် ပြည့်ကျပ်သည်အထိ ဝင်းခင်းသရုပ်ပြခြင်း အခမ်းအနားအား အားပေးကြည့်ရှု့ခဲ့ကြကြောင်း၊ ဗိုလ်မှူးဖိုးကွန်းလမ်းမကြီးမှတစ်ဆင့် တောင်ငူနန်းတွင်းခေတ် အဆောက်အဦးပုံစံဖြင့် ဆောက်လုပ်ထားသော တော်ဝင်ကေတုဟိုတယ်ကြီးသို့ နေ့လည် ၁၂ နာရီခန့်တွင် ရောက်ရှိကာ ကေတုမတီ(တောင်ငူ)မြို့တည်နန်းတည် ဝင်းခင်းသဘင်အခမ်းအနား ပြီးဆုံးသွားခဲ့ကြောင်းသိရသည်။


မြန်မာလူမျိုးများသည် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှါန်းနှင့်နေထိုင်ခဲ့ကြသူများဖြစ်ကြပြီး၊ ပျူခေတ်မှစ၍ ပုဂံ၊ အင်းဝ၊ ညောင်ရမ်း၊ တောင်ငူ၊ ဟံသာဝတီ၊ ကုန်းဘောင်ခေတ် အဆက်ဆက်ရှိခဲ့ရာ တောင်ငူခေတ်မှာ ခေတ်တစ်ခေတ်အနေနဲ့ ထင်ရှားခဲ့ရုံသာမက၊ မင်းကြီးညို၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ နတ်သျှင်နောင် စသော မြန်မာ့သမိုင်းတွင် ထင်ရှားသော ဘုရင်မင်းမြတ်များပေါ်ထွက်ခဲ့သော ကေတုမတီ(တောင်ငူ)မြေဖြစ်ကြောင်း၊ တောင်ငူဘုရင် ဘုရင့်နောင်ကျော်ထင်အနော်ရထာသည် မြန်မာနိုင်ငံကို ဒုတိယမြန်မာနိုင်ငံတော်အဖြစ် နယ်မြေဧရိယာကို အကျယ်ဆုံးချဲ့ထွင်နိုင်ခဲ့ရုံသာမက ယိုးဒယား(ထိုင်း)နိုင်ငံအထိပင် နှစ်ကြိမ်တိုင်တိုင် စစ်ချီသိမ်းပိုက်နိုင်ခဲ့သော ဘုရင်တစ်ပါးဖြစ်ကြောင်း၊ ကေတုမတီ(တောင်ငူ)မြို့တည် နန်းတည်ပွဲတော်ကို မြို့တည်သက်နှစ် ၅၀၀ ပြည့်ချိန်မှ စတင်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ်တွင် ၉ နှစ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ထံမှသိရသည်။

ကေတုမတီ(တောင်ငူမြို့)အား မြန်မာသက္ကရာဇ် ၈၇၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် အင်္ဂါနေ့ ၂ ချက်တီးအချိန်တွင်(မဟာသီရိဇေယျသူရ)ဘွဲ့အမည်ခံ တောင်ငူဘုရင်မင်းကြီးညိုက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ဘုရင်မင်းကြီးညို နတ်ရွာစံခဲ့ပြီးနောက် သားတော်တပင်ရွှေထီးနှင့် ဘုရင့်နောင်မင်းတရားကြီးတို့က အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည်။ ၎င်းမင်းများလက်ထက်တွင် ကေတုမတီ (တောင်ငူ) မင်းနေပြည်တော်မှာ ဘုန်းတန်ခိုးအာဏာကြီးထွား၍ တောင်ငူခေတ်သည် ဒုတိယမြန်မာနိုင်ငံတော် ထူထောင်နိုင်ခဲ့သော ခေတ်တစ်ခေတ်ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရသိရသည်။















