ထားဝယ်ဒေသ၏အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်သော (၁၁၀)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့လုံးကျွတ် လှည့်လည်အပူဇော်ခံပွဲတော်ကျင်းပ

ထားဝယ်ဒေသ၏အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်သော (၁၁၀)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့လုံးကျွတ် လှည့်လည်အပူဇော်ခံပွဲတော်ကျင်းပ
ထားဝယ်ဒေသ၏အထင်ကရ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်အပူဇော်ခံပွဲ စတင်ကျင်းပနေသည့် ရွှေတောင်စားစေတီတော် ရင်ပြင်မှ ဘုရားများ မြို ့့တွင်းသို ့ ကြွချီအပူဇော်ခံနေသည်ကိုတွေ ့ရစဉ်
ထားဝယ်ဒေသ၏အထင်ကရ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်အပူဇော်ခံပွဲ စတင်ကျင်းပနေသည့် ရွှေတောင်စားစေတီတော် ရင်ပြင်မှ ဘုရားများ မြို ့့တွင်းသို ့ ကြွချီအပူဇော်ခံနေသည်ကိုတွေ ့ရစဉ်
Published 10 November 2019
ဖြိုးဇင်(ထားဝယ်)

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်သည့် (၁၁၀) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားဒေသစာရီကြွချီပူဇော်ပွဲတော်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ (တန်ဆောင်မုန်းလဆန်း ၁၄ ရက်)ည ၆ နာရီခွဲအချိန်မှစတင်ကာ မြို့လုံးကျွတ် လှည့်လည်အပူဇော်ခံနေကြောင်း သိရသည်။ ထားဝယ်ဒေသ၏ အထင်ကရ ပွဲတော်တစ်ခုလည်းဖြစ်သည့် ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ မြို့လုံးကျွတ် လှည့်လည်အပူဇော်ခံပွဲတော်ကို ညနေ ၆ နာရီခွဲအချိန်ခန့်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြို့တွင်းသို့ လှည့်လည်အပူဇော်ခံရန်အတွက် ရွှေတောင်စား စေတီတော်ရင်ပြင်ရှိ ယာယီစံကျောင်းဆောင်၌ အပူဇော်ခံထားရှိသော ဘုရားများအား သက်ဆိုင်ရာရပ်ကွက် အပူဇော်ခံအဖွဲ့များ ဝန်းရံလျှက် သတ်မှတ်လမ်းကြောင်းများ ဖြစ်သည့်ရွှေတောင်စားလမ်းမှ ဆေးရုံလမ်းအတိုင်း၊ ၄င်းမှအာဇာနည်လမ်းမတစ်လျှောက်သို့ ကြွချီအပူဇော်ခံပြီးနောက် မြို့တွင်းရှိ သတ်မှတ်လမ်းကြောင်းများအတိုင်း ဆက်လက်အပူဇော်ခံနေကြောင်း သိရသည်။

 

 နှစ်ကျိတ်ရှစ်ဆူဘုရားများ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံချိန်၌ ဘုရားလှည့်လည်ရာတွင်ပါဝင်သည့် ရပ်ကွက်၊ ကျေးရွာအချို့က ရပ်ကွက်၊ ကျေးရွာနံမည်များကို ထားဝယ်လိုဖြင့် ရေးသားဖော်ပြမှုရှိခဲ့ပြီး သရုပ်ဖော်ရုပ်လုံးရုပ်ကြွများဖြင့် ထည့်သွင်းလှည့်လည်ခဲ့သောကြောင့် ဘုရားဖူးလာရောက်သူများ စိတ်ဝင်စားမှုရှိခဲ့ကြသည်။ နှစ်ကျိတ်ရှစ်ဆူဘုရားများမှာ ထားဝယ်မြို့ပေါ်သို့ ညလုံးပေါက် လှည့်လည်အပူဇော်ခံခဲ့ဲပြီးနောက် တန်ဆောင်မုန်းလပြည်နေ့ နံနက်အာရုံတက်ချိန်တွင် ယာယီစံကျောင်းဆောင်များ တည်ရှိရာ ရွှေတောင်စားစေတီတော်ရင်ပြင်သို့ ပြန်လည်ကြွချီဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဘုရားလှည့်လည်ရာ မြို့တွင်းရှိ လမ်းတလျောက်တွင် စတုဒီသာကျွေးမွေးလှူဒါန်းကြသူများ၊ ဘုရားဖူးသူများဖြင့်စည်ကားနေပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များပြားသောကြောင့် မြို့တွင်းရှိ လမ်းပိုင်းအချို့ လမ်းပိတ်ဆို့မှုရှိခဲ့သည်။ ထို့အပြင် ဘုရားလှည့်လည်ရာလမ်းကြောင်းတစ်လျောက်၌ ကုသိုလ်ယူအမှိုက်ကောက်သည့်အဖွဲ့များဖြင့် အမှိုက်ကောက်ယူမှုများ ပြုလုပ်ခဲ့ကြပြီး ဇမ္ဗူသီရိအခမဲ့ အရေးပေါ်လူနာတင်ယာဉ်အသင်းနှင့် ထားဝယ်ခရိုင်အတွင်းရှိ အရေးပေါ်လူနာတင်ယာဉ်အသင်းအဖွဲ့များကလည်း မြို့တွင်းရှိ လူစည်ကားရာနေရာများနှင့် မြို့ဝင်မြို ့ထွက်လမ်းပိုင်းများတွင် ဘုရားပွဲသို ့လာရောက်သူများ ယာဉ်မတော်တဆမှုများ ဖြစ်ပွားပါက အချိန်မီကုသမှုပေးနိုင်ရန် အရေးပေါ်လူနာတင်ယာဉ်များဖြင့် အဆင်သင့်နေရာချထားခဲ့ကြောင်း တွေ ့ရသည်။ ထားဝယ်ရိုးရာနှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲမှာဒေသတွင်း အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်ပြီး ဒေသအသီးသီးမှ ထားဝယ်ဒေသခံများ နှစ်စဉ်ပါဝင်ဆင်နွှဲလေ့ရှိသည့် ပွဲတော်တစ်ခုလည်းဖြစ်သည််။

Most Read

Most Recent