၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 10 November 2019
စည်သူ

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအနေနဲ့ ၂၀၁၀ ပြည့်နှစ်က စတင်ပြီးတော့ ရွေးကောက်ပွဲတွေ ပြုလုပ်ခဲ့ကာ လွှတ်တော်နိုင်ငံရေးကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီလိုအကောင်အထည်ဖော်ခဲ့ရာ လက်ရှိအချိန်မှာတော့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော် သက်တမ်းမှာတော့ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်အတွင်း အသာစီးရကာ အစိုးရအဖွဲ့ကို ဦးဆောင်နိုင်ခဲ့ပြီး လက်ရှိ ဒုတိယအကြိမ် လွှတ်တော်ကိုတော့ NLD ပါတီက ဦးဆောင်ကာ အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။ မကြာခင် ၂၀၂၀ ပြည့်နှစ်မှာတော့ ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ကာ နောက်ထပ် လွှတ်တော်သက်တမ်းနဲ့ အစိုးရအဖွဲ့ကို ဘယ်သူတွေ ဦးဆောင်နိုင်မလဲဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

“မဲပေးသူ ရာခိုင်နှုန်းကျရင် ဒီမိုကရေစီ အပြောင်းအလဲအတွက်လည်း အနုတ်လက္ခဏာ ပြတာမို့ သတိကြီးကြီးထား၊ စောင့်ကြည့်ထိန်းသင့်တယ်”

မေး - အာဏာရ NLD ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်လိုရလဒ်မျိုး ရှိလာနိုင်လဲ။ ဘာကြောင့်လဲ။

ဖြေ  - အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော် ထပ်မံ အနိုင်ရရှိဖို့ အလားအလာ ရှိနေပါတယ်။ အထူးသဖြင့် တိုင်းဒေသကြီးတွေမှာ ဒီချုပ်ပါတီအနေနဲ့ သောင်ပြိုကမ်းပြို ထပ်မံအနိုင်ရဖို့ အလားအလာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီချုပ်ပါတီအနေနဲ့ တိကျရှင်းလင်းတဲ့ မူဝါဒတွေအပေါ် အခြေပြုကာ အောက်ခြေ ပြည်သူလူထုအကြားမှာ သြဇာကြီးတဲ့၊ သတင်းကြီးတဲ့၊ ယုံကြည်မှုရတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ် တာဝန်ပေးနိုင်ဖို့ လိုအပ်မှာဖြစ်သလို တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေအလိုက် မတူခြားနားတဲ့ ဗျူဟာတွေ ချမှတ်ကာ စနစ်တကျစီမံချက် ချမှတ်ချဉ်းကပ်နိုင်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ဒီချုပ်ပါတီရဲ့အစိုးရနဲ့ လွှတ်တော်တွေရဲ့ စွမ်းဆောင်ရည်အပေါ်မှာ ပြည်သူလူထုအကြား စိတ်တိုင်းမကျတာတွေ များလာနေပေမယ့် အထူးသဖြင့် တိုင်းဒေသကြီးတွေက ပြည်သူလူထုအများစုဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုနဲ့ ထောက်ခံမှုကတော့ မြင့်မြင့်မားမား ရှိနေဆဲပဲလို့ သုံးသပ်မိပါတယ်။ ဒီချုပ်ပါတီအနေနဲ့ ပြည်နယ်တွေမှာတော့ ၂၀၁၅ တုန်းကလို ထပ်တူအနိုင်ရဖို့ အလားအလာ နည်းလိမ့်မယ်လို့ သုံးသပ်မိပါတယ်။

မေး -  တိုင်းရင်းသား ဒေသတွေနဲ့ တိုင်းရင်းသားပါတီတွေရဲ့ အလားအလာကရော ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်လိုရှိလာနိုင်လဲ။

ဖြေ - ပြည်နယ်တွေမှာတော့ ဗမာ မဟုတ်တဲ့ တိုင်းရင်းသား ပါတီတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကထက် ပိုမိုအနိုင်ရရှိဖို့ ရှိလိမ့်မယ်လို့ သုံးသပ်မိပါတယ်။ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ အကြိတ်အနယ်အဖြစ် ဆုံးဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အာဏာရ ဒီချုပ်ပါတီအနေနဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ၂၀၁၅ တုန်းကလို ပြန်အနိုင်ရဖို့ အတော်လေးကို ရုန်းကန်ရလိမ့်မယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားပါတီတွေအနေနဲ့ မူပေါ်အခြေပြုတဲ့ မဟာမိတ်အစုအဖွဲ့ ပုံစံတွေကို အားကောင်းအောင်  တည်ဆောက်ဖို့လိုမယ် ထင်ပါတယ်။ နောက် ပြည်ထောင်စုလွှတ်တော်မှာရော၊ ပြည်နယ် လွှတ်တော်တွေမှာပါ တိုင်းရင်းသားပါတီတွေအနေနဲ့ ပိုမိုကျယ်ကျယ်ပြန့်ပြန့် အနိုင်ရဖို့ စီမံချက်တွေချ၊ ဗျူဟာတွေရေးဆွဲ ချဉ်းကပ်သင့်တယ်လို့ အကြံပြုလိုပါတယ်။ တိုင်းရင်းသား ပါတီတွေအနေနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို စိတ်ပိုင်းဖြတ်မှုရှိရှိ၊ ယုံယုံကြည်ကြည်နဲ့ ဖော်ဆောင်မယ့် ပါတီတွေနဲ့ လက်တွဲဖို့၊ မဟာမိတ်ပြုနိုင်ဖို့ စဉ်းစားသင့်သလို ပြည်သူလူထုအကြားမှာ အော့နှလုံးနာနေတဲ့ ပါတီတွေနဲ့ ယောင်မှား လက်တွဲမိတာမျိုးမဖြစ်ဖို့ သတိကြီးကြီး ထားသင့်ပါတယ်။

မေး - နိုင်ငံရေး အတွေ့အကြုံရှိတဲ့သူတွေလည်း ပါတီထောင်လာတွေ ရှိတယ်။ ဒီပါတီတွေရော၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်လိုအခြေအနေ ရှိလာနိုင်မလဲ။

ဖြေ - ကျွန်တော် လေ့လာသုံးသပ်မိသလောက်တော့ ၂၀၂၀ ရွေးကောက်ပွဲ အခင်းအကျင်းမှာ နိုင်ငံရေး အတွေ့အကြုံရှိတဲ့သူတွေက ဦးဆောင်တယ်လို့ဆိုရင် ဆိုနိုင်မယ့် ပါတီသစ်တွေအတွက် အလားအလာ သိပ်မကောင်းနိုင်ဘူးလို့ မြင်မိပါတယ်။ အဲဒီလိုလူထုအကြားမှာ အတန်အသင့်သြဇာရှိတဲ့ ပါတီတွေအနေနဲ့ ကိုယ်စားလှယ် ရွေးတဲ့နေရာမှာ၊ မဲဆန္ဒနယ် ရွေးတဲ့နေရာမှာ ဆုံးဖြတ်ချက်မှန်ခဲ့မယ်ဆိုရင်၊ ခြေနိုင်လက်နိုင် ဗျူဟာမြောက် ချဉ်းကပ်ပြိုင်လာမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်နေရာ ရတာမျိုးတော့ ဖြစ်လာနိုင်ပါတယ်။ ပြိုင်ဘက်ကို လျှော့မတွက်ဘဲ ကိုယ့်အခြေအနေကို အရှိအရှိအတိုင်း ဆန်းစစ်သုံးသပ် ပြင်ဆင်နိုင်ရင် အတန်အသင့် အနိုင်ရဖို့ အလားအလာ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။

မေး -  အုပ်ချုပ်ရေး အတွေ့အကြုံရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ရော လာမယ့် ရွေးကောက်ပွဲမှာ အခြေအနေ ပြန်ကောင်းလာနိုင်လား။

ဖြေ -  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ အစိုးရ ဖွဲ့နိုင်လောက်တဲ့အထိ အခြေအနေ ပြန်ကောင်းလာဖို့တော့ မရှိသေးဘူးလို့ သုံးသပ်လိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးသူ ရာခိုင်နှုန်း သိသိသာသာ လျော့နည်းလာမယ်ဆိုရင် အဲဒီအခင်းအကျင်းဟာ ပြည်ခိုင်ဖြိုးပါတီအတွက် အခွင့်အလမ်းကောင်း ဖြစ်သွားနိုင်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးသူ ရာခိုင်နှုန်း နည်းလေလေ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရဖို့ အလားအလာ များလေလေ ဖြစ်လာနိုင်စရာ ရှိပါတယ်။

မေး -  ပြည်သူတွေ အနေနဲ့ရော ဘယ်လိုရွေးချယ်မှုတွေ လုပ်လာနိုင်ခြေရှိလဲ။ ဘယ်လိုရော ရွေးသင့်လဲ။

ဖြေ -  ၂၀၁၅ တုန်းက ပြည်သူအများစုက ပါတီကိုကြည့်၊ အလံကိုကြည့် မဲပေးခဲ့ကြပါတယ်။ အခုလာမယ့် ၂၀၂၀ မှာတော့ ပြည်သူတွေထဲမှာ ပါတီကိုကြည့် မဲပေးတဲ့သူတွေ ရှိမြဲရှိနိုင်သလို ပါတီကိုရော ကိုယ်စားလှယ်လောင်းကိုရောကြည့် မဲပေးတဲ့သူတွေလည်း ရှိလာမှာကတော့ မြေကြီးလက်ခတ်မလွဲပဲ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ပါတီကိုရော ကိုယ်စားလှယ်လောင်းကိုပါ ကြည့်ပြီး လာမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ရင် ပိုကြောင်းကျိုးဆီလျော်မယ်လို့ ယူဆမိပါတယ်။ မဲလာမပေးပဲ နေမယ့်သူတွေ အများကြီးရှိလာရင် ရွေးကောက်ပွဲ ရလဒ်အပေါ် သက်ရောက်မှု ကြီးနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ မဲပေးသူ ရာခိုင်နှုန်းကျရင် ဒီမိုကရေစီ အပြောင်းအလဲအတွက်လည်း အနုတ်လက္ခဏာပြတာမို့ သတိကြီးကြီးထား၊ စောင့်ကြည့် ထိန်းသင့်တယ်လို့ မြင်မိပါတယ်။ ပြည်သူလူထုဟာ ရွေးကောက်ပွဲမှာ မဲပေးဖို့ ချီတုံချတုံ ဖြစ်လာပြီဆိုရင် အဲဒါ ဒီမိုကရေစီစနစ်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ 

မေး  - ညွန့်ပေါင်းအစိုးရတစ်ရပ် အနေနဲ့ရော ပေါ်လာနိုင်လား။

ဖြေ -  ညွန့်ပေါင်းအစိုးရ ဆိုတာကို ကျယ်ကျယ်လောင်လောင် ပြောသံဆိုသံ ကြားနေရပါတယ်။ တကယ့် တကယ်တော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ညွန့်ပေါင်းအစိုးရစစ်စစ် ပုံပေါ်လာဖို့ ဖြစ်နိုင်ခြေ မရှိပါဘူး။ ဖြစ်နိုင်တာက အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတာမျိုးပါ။ ပြည်ထောင်စုလွှတ်တော်မှာ အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းခွင့်ကို၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်း ခွင့်ပြုထားတာ မတွေ့ရတာဟာ ညွန့်ပေါင်းအစိုးရစစ်စစ် မဖြစ်နိုင်တဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

မေး -  ဟုတ်ကဲ့။ နောက်ဆုံးအနေနဲ့ လက်ရှိအခြေအနေအရ တစ်ပါတီအာဏာရတဲ့ အုပ်ချုပ်ရေးနဲ့ ညွန့်ပေါင်းအစိုးရ ဘယ်ဟာက တိုင်းပြည်အတွက် ပိုအဆင်ပြေနိုင်မလဲ။

ဖြေ  -  ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အခင်းအကျင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (National Solidarity Government) ဆိုတာမျိုး ဖွဲ့နိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်။ ပွင့်ပွင့်လင်းလင်း အကြိတ်အနယ် အမြင်ဖလှယ် ဆွေးနွေးမှုတွေကနေ ရလာတဲ့ နိုင်ငံရေး သဘောတူညီချက်တွေအပေါ်မှာ အခြေခံကာ ဖွဲ့စည်းတဲ့ အမျိုးသားညီညွတ်ရေး အစိုးရမျိုးကတော့ ပိုကောင်းမလားလို့ ထင်မိပါတယ်။ ဒါပေမဲ့ ဒီလိုအစိုးရမျိုးကလည်း အခုထက်ထိတော့ စိတ်ကူးအိပ်မက် သက်သက်ပဲ ဖြစ်နေဆဲပါ။                  

 

Most Read

Most Recent