ရက် ၉၀ နေရုံနဲ့ ရောက်ရာမဲဆန္ဒနယ်မှာ မဲပေးခွင့်ရှိခြင်းက တိုင်းရင်းသားပါတီတွေ ထိခိုက်စေနိုင်သလား

ရက် ၉၀ နေရုံနဲ့ ရောက်ရာမဲဆန္ဒနယ်မှာ မဲပေးခွင့်ရှိခြင်းက တိုင်းရင်းသားပါတီတွေ ထိခိုက်စေနိုင်သလား
ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒရုံတစ်ခုတွင် မဲစာရင်းကြည့်ရှုနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒရုံတစ်ခုတွင် မဲစာရင်းကြည့်ရှုနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 10 November 2019
အလင်းဒီ

လွှတ်တော်သုံးရပ်၏ ရွေးကောက်ပွဲနည်းဥပဒေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ရန် စီစဉ်နေသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့၏ ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်ထားသည့် ဥပဒေကြမ်းများကို လွှတ်တော်ကိုယ်စားလှယ်များ လေ့လာနိုင်ရန် အောက်တိုဘာ ၃ ရက်နေ့စွဲဖြင့် ကော်မရှင်က ဖြန့်ဝေခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲ နည်းဥပဒေပြင်ဆင်ချက်များထဲမှ လူသိများသည့်အချက်မှာ တပ်တွင်းမဲရုံများတပ်ပြင်ပရွှေ့ပြောင်းသည့် ပုဒ်မဖြစ်သော်လည်း နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်နှင့် သက်ဆိုင်သည့်ပုဒ်မကို ပြင်ဆင်ချက်လည်း နိုင်ငံရေးပါတီများ သတိပြုမိကြသည်။

ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၁၀ ဖြစ်ပြီး ထိုပုဒ်မသည် မြန်မာပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ၊ ရွှေ့ပြောင်းလုပ်သားများ ဆန္ဒမဲပေးနိုင်ရေး ရည်ရွယ်သည့်ပုဒ်မဟု ခေါ်ဆိုကြသည်။

မဲဆန္ဒနယ်ပြင်ပရောက်ရှိနေပြီး မိမိနေရပ်သို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်မဲမပေးလိုသည့် မဲဆန္ဒရှင်များအနေဖြင့် မိမိရောက်ရှိရာ မဲဆန္ဒနယ်အတွင်း မဲပေးလိုလျှင် ရွေးကောက်ပွဲနည်းဥပဒေ ၁၀ အရ အနည်းဆုံး ရက်ပေါင်း ၁၈၀ (တစ်နည်း ခြောက်လ) နေထိုင်ပြီးဖြစ်ရမည် ဖြစ်သည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်ရန် အဆိုပြုထားသည့် နည်းဥပဒေ ပြင်ဆင်ချက်အရ ရက် ၉၀ (တစ်နည်း သုံးလ) နေထိုင်ရုံမျှဖြင့် မိမိရောက်ရှိရာ မဲဆန္ဒနယ်မြေအတွင်း မဲပေးနိုင်မည်ဖြစ်သည်။

အဆိုပါ နည်းဥပဒေပုဒ်မသည် နည်းဥပဒေ စတင်အသက်ဝင်သည့် ၂၀၁၀ ပြည့်နှစ် မတ် ၁၇ ရက်ကတည်းက ပါဝင်ခဲ့ခြင်းဖြစ်ပြီး ယခုပြင်ဆင်ချက် အဆိုမပြုသေးခင်အထိဆိုလျှင် သက်တမ်းအားဖြင့် ကိုးနှစ်နီးပါး သက်တမ်းရှိ နည်းဥပဒေပုဒ်မ တစ်ခုဟု ဆိုနိုင်သည်။

“အဲဒီဟာက အရင် ၂၀၀၈၊ ၂၀၁၀ တုန်းက နေပြည်တော်မြို့တွေကို ပြောင်းတဲ့အခါမှာ ဝန်ထမ်းတွေရှိတဲ့အတွက်ကြောင့် သူတို့မဲပေးလို့ရအောင်လုပ်ပေးတဲ့ Mechanism” ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောကြားသည်။

သို့ရာတွင် လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနည်းဥပဒေများကို ပဥ္စမအကြိမ်မြောက်အဖြစ် ပြင်ဆင်ရန် ကြိုးပမ်းလာချိန် ကိုးနှစ်သက်တမ်းရှိ နည်းဥပဒေပုဒ်မ ၁၀ လည်း ပါဝင်လာခဲ့ပြီး အဆိုပါဥပဒေအတည် ဖြစ် မဖြစ်မှာ လွှတ်တော်တွင်း ကန့်ကွက်မှု ရှိ၊ မရှိနှင့် ကိုယ်စားလှယ်ဦးရေ အများဆုံးရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထား စသည်တို့အပေါ် အဓိကမူတည်ကြောင်း ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုသည်။

ဘာလဲ၊ ဘယ်လဲ မေးခွန်းထုတ်ခံနေရသည့် ရွေးကောက်ပွဲနည်းဥပဒေ  ပုဒ်မ ၁၀ ပြင်ဆင်ချက်

ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၁၀ ကို ပြင်ဆင်ထားခြင်းဖြစ်ပြီး ယင်းပုဒ်မသည် ရွှေ့ပြောင်းလုပ်သားများ၏ ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးအတွက် ဆောင်ရွက်သည်ဟု ထင်မှတ်စရာရှိသော်လည်း တစ်ဖက်တွင် မဲဆန္ဒရှင်နည်းပါးရာ မဲဆန္ဒနယ်များအတွက် စိုးရိမ်စရာ အနေအထားဖြစ်ကြောင်း တိုင်းရင်းသားပါတီများနှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက မှတ်ချက်ပြုသည်။

ပြင်ဆင်ချက်ကို နားလည်လက်ခံသည့် ပါတီအချို့ရှိသလို ပြင်ဆင်ချက်ရော မူလနည်းဥပဒေပါ ပြဋ္ဌာန်းချက်ကိုရော လက်မခံသည့် ပါတီများလည်း အများအပြားရှိနေသည်။

“ကျွန်တော်တို့က ဒီပုဒ်မကို အပြီးတိုင်ဖျက်ချင်တာ။ ဒါက ကြိုတင်မဲပဲပေးရမှာ။ ဒီကိစ္စက သိသိကြီးနဲ့ လုပ်တဲ့ကိစ္စ။ ပွင့်ပွင့်လင်းလင်းပြောရင် ၂၀၂၀ အတွက် ပြည်မပါတီတွေက တိုင်းရင်းသားဒေသတွေမှာ အခြေအနေမကောင်းတာ သူတို့သိတယ်။ သိတော့ ဒီကိစ္စကို တမင်လုပ်လာတာလို့မြင်တယ်” ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လက ပြောကြားသည်။

ရွှေ့ပြောင်းလုပ်သားများနှင့် ယာယီရွှေ့ပြောင်းသူများအတွက် နိုင်ငံရေးအခွင့်အလမ်းကို ၎င်း၏ မူရင်းဒေသ၌သာ အကောင်အထည်ဖော်သင့်ပြီး ခေတ္တရောက်ရှိရာ ဒေသအတွက် နိုင်ငံရေးအဆုံးအဖြတ်ပေးခိုင်းခြင်းမှာ ဒေသခံများ၏ နိုင်ငံရေး အခွင့်အလမ်းကို စွက်ဖက်ကျူးကျော်ခွင့် ပေးခြင်းဟုသုံးသပ်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီက နိုဝင်ဘာ ၈ ရက်တွင် သဘောထား ထုတ်ပြန်သည်။

မဲဆန္ဒနယ် ပြင်ပရောက် အခြားမဲဆန္ဒရှင်များ မဲစာရင်းလျှောက်ထားရမည့် လုပ်ထုံးလုပ်နည်းကို နည်းဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည်။

ထို့သို့ လျှောက်ထားမှုကြောင့် အိမ်ထောင်စုစာရင်းရှိရာ မဲဆန္ဒနယ်တွင် မဲစာရင်းပယ်ဖျက်ရမည်ဖြစ်ပြီး ယင်းအချက်ကို ပုဒ်မခွဲ (ခ)တွင် ပြဋ္ဌာန်းထားပြီး နည်းဥပဒေအရ သက်ဆိုင်ရာမြို့နယ်ကော်မရှင် အဖွဲ့ခွဲနှစ်ခုက ယင်းလုပ်ငန်းစဉ်ကို အဓိကဆောင်ရွက်ရမည် ဖြစ်သည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က စောင့်ကြည့်ခဲ့သည့် ရွေးကောက်ပွဲဖြစ်စဉ်များအရ နည်းဥပဒေပုဒ်မ ၁၀ သည် ဖယ်ရှားသင့်သည့် နည်းဥပဒေပုဒ်မတစ်ခုဖြစ်ကြောင်း ဆိုသည်။

“ရက် ၁၈၀ က ရှုပ်လည်း ရှုပ်ထွေးတယ်။ မဲဆန္ဒရှင်စာရင်း ကြိုတင်ကြေညာပြသတဲ့အချိန်မှာ ပြောင်းရတာကိုး။ သူ့မဲစာရင်းတွေကို သွားပြီး လျှောက်လွှာတင်ရတယ်။ သာမန်နိုင်ငံသားတွေအနေနဲ့ ပြောင်းလဲရတယ်။ အဲဒီလုပ်ငန်းစဉ်တွေရှိတော့ ကြိုတင်မဲစနစ်မှာပဲထည့်ဖို့ ကော်မရှင်ကို အကြံပြုထားတာရှိတယ်” ဟု PACE အဖွဲ့ ပရိုဂရမ်မန်နေဂျာ ကိုဟန်းစိုးထွန်းက ပြောကြားသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှောက်ထားသည့် ရက် ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင် ၁၀ သိန်း  (တစ်သန်း ) ကျော်သာရှိခဲ့ပြီး ယင်းအရေအတွက်က အမှန်တကယ်ရှိသင့်သည့် အရေအတွက်ထက် အလွန်နည်းပါးနေကြောင်း ထောက်ပြဝေဖန်မှုများရှိခဲ့ကာ ထိုသို့ဖြစ်ရခြင်းက မဲဆန္ဒရှင်အသိပညာပေးမှုအား နည်းခြင်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှုပ်ထွေးမှုများကြောင့်ဟု သုံးသပ်မှုများ ရှိခဲ့သည်။

ထို့ကြောင့် ပြင်ဆင်နည်းဥပဒေအရ သုံးလသာအချိန်ယူ ဆောင်ရွက်မည်ဆိုလျှင် အငြင်းပွားမှုများ ပိုမိုဖြစ်ပွားနိုင်မည်လားဆိုသည့် စိုးရိမ်မှုများလည်း နိုင်ငံရေးပါတီအချို့တွင် ရှိသည်။

“ရက်ပေါင်း ၁၈၀ တောင် စိစစ်ရခက်တာ။ ရက်ပေါင်း ၉၀ ဆိုရင် ပိုပြီးတော့ အငြင်းပွားမှုတွေ ဖြစ်နိုင်မလား ဒီလိုလည်းတွက်ဖို့လိုတာပေါ့” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဆိုသည်။

အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ နည်းဥပဒေ ပြင်ဆင်ချက်ကို မလေ့လာရသေးသည့်အတွက် မှတ်ချက်မပေးလိုသေးဟု ဆိုသည်။

နည်းဥပဒေ ပုဒ်မ (၁၀) ကို မည်သည့် ရည်ရွယ်ချက်ဖြင့် ပြင်ဆင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို နိုဝင်ဘာ ၉ ရက်က ဖုန်းဖြင့်ဆက်သွယ်သော်လည်း ခေါ်ဆိုမှု မရခဲ့ချေ။

တိုင်းရင်းသားပါတီအချို့၏ စိုးရိမ်မှုများ

ရက် ၁၈၀ မှ ရက် ၉၀ လျှော့ချသည့် နည်းဥပဒေ ပြင်ဆင်ချက်သည် မဲဆန္ဒရှင်များပြားသည့် မဲဆန္ဒနယ်များတွင် ကြီးမားသည့် သက်ရောက်မှု မရှိနိုင်သော်လည်း မဲဆန္ဒရှင် နည်းပါးသည့် ပြည်နယ်မဲဆန္ဒနယ်များတွင် အငြင်းပွားစရာကိစ္စရပ်များ ဖြစ်လာမည်ကို စိုးရိမ်မှုရှိကြောင်း တိုင်းရင်းသားပါတီအချို့နှင့် လေ့လာစောင့်ကြည့်သူတို့က ပြောကြားသည်။ 

“တချို့ဒေသတွေမှာ မဲကွာဟချက်က လေး၊ ငါးရာ၊ တစ်ထောင် အဲဒီလောက်ပဲရှိတယ်။ အဲဒီလောက်ပဲ ရှိတဲ့အခါကျရင် ဒီရဲ့သတ်မှတ်ချက်က ရက်တိုတောင်းတဲ့အတွက် ဥပမာစိုက်ပျိုးရေးကုမ္ပဏီတွေရှိတဲ့ ဧရိယာတွေ၊ သတ္တုကုမ္ပဏီတွေရှိတဲ့ ဧရိယာတွေ၊ နောက်တစ်ခါ ဆောက်လုပ်ရေးလုပ်ငန်းတွေရှိတဲ့ မဲဆန္ဒနယ်တွေမှာ တစ်ဖက်က လုပ်ငန်းရှင်တွေက အလုပ်သမားတွေ အများကြီးခေါ်လာပြီးမှ မဲပေးခိုင်းလိုက်ရင် ဒေသခံတိုင်းရင်းသားပါတီတွေအတွက် အများကြီးနစ်နာနိုင်တယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ မိုင်းရှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောကြားသည်။

တိုင်းရင်းသားပါတီများက နည်းဥပဒေပြင်ဆင်ချက်ထက် မူလဥပဒေပါ ရည်ရွယ်ရင်းကိုပါ နှစ်သက်မှု မရှိကြခြင်းဖြစ်ပြီး ၎င်းတို့ လိုလားသည်က မူရင်းမဲဆန္ဒနယ်သို့့ ပြန်လည်မဲပေးခြင်းနှင့် ကြိုတင်မဲစနစ်ဖြင့် မဲပေးခြင်းတို့ဖြစ်သည်။

“ဒေသခံတွေ ရွေးချယ်တာနဲ့ မူရင်းမဲဆန္ဒနယ်က အဝေးရောက်မဲဆန္ဒရှင်များ ရွေးချယ်တာမတူကွဲပြားရင် ဒေသခံတွေမှာ နစ်နာဆုံးရှုံးမှု ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ အကောင်းဆုံးကတော့ ကိုယ့်ရဲ့ဒေသမှာ မဲပေးတာကောင်းတယ်။ ပြန်ပြီးမဲပေးနိုင်လည်း ပေး။ ဒါမှမဟုတ် အခက်အခဲရှိရင် ကြိုတင်မဲပေး။ ဒါ အကောင်းဆုံးပဲ” ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောကြားသည်။

ရွှေ့ပြောင်းလုပ်သားများ မူလမဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေးနိုင်မည့် နည်းလမ်းများအား ဖော်ဆောင်ပေးရန် စက်တင်ဘာလအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ် တောင်းဆိုခဲ့ပြီး လက်ရှိနည်းဥပဒေပြင်ဆင်ချက်က ယင်းတောင်းဆိုချက်များအပေါ် ထည့်သွင်းစဉ်းစားခြင်း ရှိ၊ မရှိ မေးခွန်းထုတ်ဖွယ်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

“ပြည်ပရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုတောင်မှ ကြိုတင်မဲပေးဖို့ စီစဉ်နိုင်သေးတာပဲ။ ဆိုတော့ ပြည်တွင်းရွှေ့ပြောင်း လုပ်သားတွေကိုလည်း မူလဒေသမှာ အရွေးခံတဲ့ကိုယ်စားလှယ်တွေကို ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်သင့်တယ်” ဟု ၎င်းက ထောက်ပြသည်။

ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူများ၏  ကြိုတင်မဲနှင့် ပြည်ပရောက်မဲဆန္ဒရှင်၏ ကြိုတင်မဲ ဘာကွာလဲ

ရွေးကောက်ပွဲနည်းဥပဒေအရ တပ်မတော်သားများနှင့်အတူနေ အိမ်ထောင်စုဝင်များ၊ မဲဆန္ဒနယ် ပြင်ပရောက်ကျောင်းသားများ၊ မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ၊ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊ အချုပ်ခံနေရသူများ၊ ဆေးရုံသို့ တက်ရောက်နေသော အတွင်းလူနာများ၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများသည် ကြိုတင်မဲပေးခွင့်ရှိသူများ ဖြစ်သည်။

ထို့ကြောင့် ရက်ပေါင်း ၁၈၀ ထက်မနည်း (ပြင်ဆင်ချက်တွင် ရက်ပေါင်း ၉၀) မဲဆန္ဒနယ်ပြင်ပရောက်နေသူများအနေဖြင့် ကြိုတင်မဲပေးခွင့်ရှိသော်လည်း ၎င်းတို့ ကြိုတင်မဲပေးခွင့်ပုံစံနှင့် ပြည်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးပုံစံ တူညီခြင်း မရှိပေ။

အစိုးရ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်မဲဆန္ဒရှင်များ အနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးတို့တွင် ကြိုတင်မဲပေးခွင့် ပုံစံ (၁၅)လျှောက်လွှာများကို တောင်းခံဖြည့်စွက်ပြီး မဲပေးပိုင်ခွင့် လျှောက်ထားရမည်ဖြစ်သည်။    

သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံး အကြီးအမှူးများက ဆန္ဒမဲပေးနိုင်ရေး စီစဉ်ပေးရမည်ဖြစ်ပြီး ၎င်းတို့ပေးသည့် ကြိုတင်မဲမှာလည်း ၎င်းတို့ အိမ်ထောင်စုစာရင်းရှိရာ မူလနေရပ်မှ လွှတ်တော်ကိုယ်စားလှယ်နှင့်သာ သက်ဆိုင်မည်ဖြစ်သည်။

ပြည်တွင်းတွင် ရွှေ့ပြောင်းနေထိုင်ပြီး မိမိ၏မူလနေရပ် မဲဆန္ဒနယ်သို့ အကြောင်းကြောင်းကြောင့် ပြန်လည်မဲပေးရန် အခက်အခဲရှိသူများအနေဖြင့် နိုင်ငံသားအခွင့်အရေးအရ မဲပေးခွင့်မဆုံးရှုံးလိုလျှင် ရောက်ရှိရာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးကောက်ပွဲနေ့တွင် သော်လည်းကောင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ ကြိုတင်မဲပေးခွင့်ရချိန်တွင်သော်လည်းကောင်း မဲပေးခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိပေ။

“ရောက်နေတဲ့ဒေသက အရွေးခံတဲ့ ကိုယ်စားလှယ်ကို မဲပေးတာက ဒီမိုကရေစီအနှစ်သာရလည်း မပေါ်လွင်ဘူး။ ကိုယ်စားပြုမှုမှာလည်း အရွေးခံရတဲ့ ကိုယ်စားလှယ်အတွက်က ခိုင်မာမှုမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ ဖြစ်ချင်တာက ဒီမှာမဲပေးခွင့်မပေးဘဲနဲ့ သူတို့ဒေသမှာအရွေးခံတဲ့ ကိုယ်စားလှယ်လောင်းကို ကြိုတင်မဲပေးနိုင်အောင် စီစဉ်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြောလိုပါတယ်” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

နည်းဥပဒေ ပုဒ်မ (၁၀) ကို မဲဆန္ဒရှင်ဘက်မှ ကြည့်လျှင် မဲဆန္ဒနယ်တစ်ခုခုတွင် မဲပေးနိုင်သည့် အခွင်အရေးရရှိပြီး ရက် ၉၀ ပြင်ဆင်ချက်ကြောင့် မဲဆန္ဒနယ်ပြင်ပရောက် မဲပေးသူဦးရေ တိုးလာနိုင်ကြောင်း ရခိုင်အမျိုးသားပါတီဝင် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်သည်။

“ကျွန်တော်ပြောတာက မဲပေးသူရဲ့ အခွင့်အရေးကို ပြောတာပါ။ မဲပေးတဲ့သူက သုံးလလောက် အဲဒီနယ်မြေမှာ ရောက်နေပြီဆိုတော့ သူ့ကို ပေးသင့်တယ်ဆိုတဲ့ သဘောမျိုးပါ။ ကျွန်တော့်အမြင်မှာတော့ မဲပေးတာက နှစ်ခါမပေးရင်ပြီးရော” ဟု ၎င်းက ပြောကြားသည်။

ရက် ၉၀ လျှော့ချလိုက်သည့် နည်းဥပဒေပြင်ဆင်ချက်ကို အသုံးချပြီး လူအင်အားသုံး မဲအသာရရန် ဆောင်ရွက်မည်လားဆိုသည့် စိုးရိမ်မှုများက မှားယွင်းသည့်ယူဆချက် မဟုတ်သော်လည်း ထိုအခြေအနေများသည် ဖြစ်နိုင်ခြေနည်းပါးသည်ဟု ထင်မြင်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးငွေလင်းက ဆိုသည်။

၎င်းက “အဲဒီလိုလှိမ့်ပြီးသွင်းလိုက်ရုံနဲ့ ရွေးကောက်ပွဲကို မဲအပြတ်အသတ်နိုင်သွားဖို့ဆိုတာ ခဲယဉ်းပါတယ်။ မလွယ်လှပါဘူး။ ညစ်ပတ်တဲ့သဘောနဲ့ ကြိုးစားရင်လည်း သိပ်လွယ်လွယ်ကူကူနဲ့ ရသွားတယ်လို့ ကျွန်တော်မယူဆပါဘူး” ဟု ပြောကြားသည်။

ပြင်ဆင်နည်းဥပဒေကြမ်း ဘာဆက်ဖြစ်နိုင်လဲ

ရွေးကောက်ပွဲ နည်းဥပဒေပြင်ဆင်ချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့လာခြင်းဖြစ်သော်လည်း ကော်မရှင်ကို အာဏာရပါတီက ခန့်အပ်ခြင်း ဖြစ်သည့်အတွက် နည်းဥပဒေ ပြင်ဆင်ချက်များသည် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လိုလားသည့် ပြင်ဆင်ချက်များဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောကြားသည်။

ထို့ကြောင့် ရက် ၉၀ လျှော့ချသည့် နည်းဥပဒေပြင်ဆင်ချက်ကို ကန့်ကွက်လိုလျှင်ပင် လွှတ်တော်တွင်း ပါတီဝင်ကိုယ်စားလှယ်နည်းပါးမှုက ၎င်းတို့ကန့်ကွက်မှုကို ရှုံးနိမ့်စေမည်ဟု ၎င်းကဆိုသည်။

နည်းဥပဒေကို ပြင်ဆင်ခြင်းဖြစ်သည့်အတွက် လွှတ်တော်ကဆွေးနွေးရန်မလိုဘဲ ကန့်ကွက်မှုရှိမှာသာ ဆွေးနွေးကြရမည်ဖြစ်ပြီး ကန့်ကွက်မှုမရှိလျှင် ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေပြင်ဆင်ချက်များက အလိုအလျောက် အတည်ဖြစ်သွားမည်ဖြစ်သည်။

“ကန့်ကွက်ဖို့ အခွင့်အရေးတော့ ရှိတယ်။ ဒီဥပဒေတွေကို ရက် ၉၀ အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်လို့ရတယ်။ ဒါပေမဲ့ ဒါဟာ အာဏာရပါတီကလိုချင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ကန့်ကွက်ရင်လည်း သူတို့ဆန္ဒမဲအများနဲ့ ပယ်လိုက်ရင် ဘာမှထိရောက်မှုရှိမှာမဟုတ်ဘူး” ဟု ဦးစိုင်းထွန်းအေးက ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေအရရွေးကောက်ပွဲ အနိုင်ရပါတီက ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို ခန့်အပ်ရခြင်းဖြစ်သည့်အတွက် ကော်မရှင်အနေဖြင့် အာဏာရပါတီအပေါ် ဘက်လိုက်နိုင်သည်ဆိုသော ဝေဖန်မှုများကို ယခင်ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရော ယခုပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်လည်း ရင်ဆိုင်ရသည်ကို တွေ့ရှိရသည်။

အာဏာရပါတီ လိုလားသည့် ပြင်ဆင်ချက်များဖြစ်သည်ဆိုသည့် ဝေဖန်မှုများအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက “သဘောကျတယ်လို့တော့ မဟုတ်ပါဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ လုပ်ရကိုင်ရတာ လွယ်ကူစေရန်၊ အဆင်ပြေစေရန်၊ တရားမျှတမှုရှိစေရန်ဆိုတဲ့ သူတို့ရဲ့ကိစ္စရပ်တွေအပေါ် မူတည်ပြီးတော့ ရေးတင်လာတဲ့အပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက မကျေနပ်ရင် မကျေနပ်တဲ့ အပေါ်မှာမူတည်ပြီးတော့ ကန့်ကွက်လို့ရပါတယ်” ဟု ပြောကြားသည်။

နည်းဥပဒေ ပြင်ဆင်ချက်တွင် တပ်မတော်တွင်းမဲရုံများကို တပ်ပြင်ပရွှေ့ပြောင်းမည့်အချက်၊ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ မဲပေးနိုင်မည့် ရက်ကန့်သတ်ချက်နှင့် ကြိုတင်မဲဆိုင်ရာ နည်းဥပဒေပုဒ်မ အချို့ကို ပြင်ဆင်ထားရာ တပ်တွင်းမဲရုံတပ်ပြင်ပရွှေ့သည့်အချက်နှင့် ရက် ၉၀ လျှော့ချသည့် နည်းဥပဒေပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍ ကန့်ကွက်ဆွေးနွေးမှုများ ပေါ်ပေါက်ဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က သုံးသပ်မှုများရှိနေသည်။

လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ပါတီတာဝန်ရှိသူများ၏ အမြင်များ

 

ဦးရဲနိုင်အောင် (ပြည်သူ့ပါတီအတွင်းရေးမှူး)

သုံးလအထိကိုသိနိုင်တဲ့ စနစ်မျိုးရှိမလား။ မှန်တာဆိုရင်တော့ ကျွန်တော်တော့ နည်းနည်းသံသယရှိတယ်။ အဲဒီကိစ္စ္စတွေသည် သုံးလအတွင်း လုံလောက်မှု ရှိ၊ မရှိဆိုတာတွေသည် မှန်တာပြောရင်တော့ သိပ်မရှင်းဘူး။ အဓိကက ကျွန်တော့်စိတ်ထဲမှာ စိုးရိမ်တာသည် ရွှေ့ပြောင်းလုပ်သားတွေကိစ္စပေါ့။ ရွှေ့ပြောင်းလုပ်သားတွေကိစ္စဆိုရင် သူတို့ဘယ်လိုမဲပေးမလဲ။ ဥပမာ လှိုင်သာယာထဲက အလုပ်သမားအများစုသည် နယ်တွေက လာကြတာပေါ့ဗျာ။ ဒီရွှေ့ပြောင်းလုပ်သားတွေရဲ့ မဲစာရင်းကို သူတို့ဘယ်လိုစီစဉ်မလဲ။ ကျွန်တော်ထင်တာတော့ ဒီကိစ္စသည် အချိန်အတိုးအလျှော့နဲ့တော့ အများကြီးမသက်ဆိုင်ဘူးဗျ။ အဲဒီတော့ ရွှေ့ပြောင်းလုပ်သားပဲဖြစ်ဖြစ်၊ မူရင်းနေရာမှာ မဟုတ်တဲ့သူတွေပဲဖြစ်ဖြစ် မဲပေးခွင့်ကို ဘယ်လို စီစဉ်မလဲဆိုတဲ့စနစ်ပေါ့။ အဲဒါက အချိန်ထက်ပိုအရေးကြီးတယ်။ အဲဒါကို ရှင်းအောင် လုပ်ဖို့လိုတယ်။ အဲဒီတော့ ဒီကိစ္စသည် အချိန်ပြဿနာမဟုတ်ဘူး။ သေချာအောင်လုပ်ရမယ်။ သူကနှစ်နေရာမှာ မဲပေးတာမျိုးမဖြစ်အောင်၊ သူ့မဲပေးခွင့်လည်း ဆုံးရှုံးမှုမရှိအောင် စနစ်တစ်ခုကို ကျကျနနချဖို့လိုတယ်။

မဲပေးခွင့်ရှိသူ အမှန်တကယ် မဲပေးခွင့်ရှိရမှာဖြစ်သလို တစ်ဖက်မှာလည်း ဒီမဲပေးခွင့်ကို အလွဲသုံးစားလုပ်တာမျိုးမဖြစ်အောင် ဖြစ်ပေါ်နိုင်တဲ့ အနေအထားအားလုံးကို ဟန့်တားနိုင်တဲ့၊ ကာကွယ်နိုင်တဲ့စနစ်တစ်ခုတော့ ကျကျနနစဉ်းစားဖို့လိုတယ်။

ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ကောင်းပါတယ်။ ဘာပဲပြောပြော မဲဆန္ဒနယ်တစ်ခုခုမှာတော့ မဲပေးခွင့် ရသင့်တာပေါ့နော်။ မဲပေးတဲ့ရက် တစ်ရက်မှာပဲရှိမှာပဲလေ။ ဟိုဘက်ဒီဘက် ခွပေးလို့ရတာမှ မဟုတ်တာ။ အဲဒါကြောင့် သုံးလလောက်သတ်မှတ်လည်း ဖြစ်သင့်ပါတယ်။ ဘာလို့ဆို တချို့နေရာတွေမှာကျတော့ အတည်တကျ နေထိုင်သူတွေ မဟုတ်ဘူးလေ။ ဥပမာ လှိုင်သာယာတို့၊ ဖားကန့်တို့ပုံစံမျိုးပေါ့။ ပျံကျအလုပ်သမားတွေက ရွှေ့ပြောင်းသွားလာတယ်။ တော်ကြာ မရှိပြန်ပြီ။ တော်ကြာရောက်လာပြန်ပြီဆိုတဲ့လူတွေလည်း သုံးလလောက်ဆိုရင် မဲပေးခွင့်ရတာ အရင်ကထက် တစ်ဆလောက်တော့ တိုးသွားမှာပေါ့။

ဒေါက်တာ Mကောန်လ (ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ)

ဒီပုဒ်မကို အပြီးတိုင်ဖျက်ချင်တာ။ ကျွန်တော်တို့က။ အမှန်တော့ ဒါက ကြိုတင်မဲပဲပေးရမှာ။ ဒီကိစ္စက သိသိကြီးနဲ့ လုပ်တဲ့ကိစ္စ။ ပွင့်ပွင့်လင်းလင်းပြောရင် ၂၀၂၀ အတွက် ပြည်မပါတီတွေက တိုင်းရင်းသားဒေသတွေမှာ အခြေအနေမကောင်းတာ သူတို့သိတယ်။ သိတော့ ဒီကိစ္စကို တမင်လုပ်လာတာလို့ မြင်တယ်။ နည်းဥပဒေ ၁၀ က လုံးဝအဆင်မပြေဘူး။ ၁၈၀ လည်း အဆင်မပြေဘူး။ အဓိပ္ပာယ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမြဲနေတဲ့သူ မဟုတ်တဲ့သူတွေက ဒေသခံရဲ့ နိုင်ငံရေးအခွင့်အလမ်းကို လာပြီးခြယ်လှယ်မှာလေ။

ဒေါက်တာ မျိုးညွန့် (NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ)

မသုံးသပ်ရသေးတော့ မှတ်ချက်မပေးလိုပါဘူးခင်ဗျ။ ဥပဒေနဲ့ဆိုင်တဲ့ကိစ္စဆိုတော့ နည်းနည်းလေ့လာပြီးတော့မှ ပြောလို့ရပါမယ်။

ဒေါက်တာ တူးဂျာ (ကချင်ပြည်နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ)

ကျွန်တော်တို့ဖြစ်စေချင်တာက အဝေးကိုရောက်နေတဲ့လူတွေလည်း ရွေးကောက်ပွဲနေ့ကျရင် ဖြစ်နိုင်ရင် သူတို့ဒေသပြန်ပြီး မဲပေးတာကောင်းတယ်။ သူတို့ဒေသပြန်ဖို့ အခက်အခဲရှိတယ်ဆိုလည်း ကြိုတင်မဲသဘောပေါ့။ သူတို့ဒေသမှာ ကြိုတင်မဲထည့်။ အဲဒီလမ်းပဲ အကောင်းဆုံးဖြစ်မယ်ထင်တယ်။ ကိုယ်ရောက်နေတဲ့နေရာကနေ ရက်ပေါင်း ၉၀ ကြာရတယ်။ ရက်ပေါင်း ၁၈၀ ကြာရတယ်။ ဒါမျိုးက အမှန်ဆိုရင် မဖြစ်သင့်ဘူးမြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒေသခံတွေမှာနာတယ်။ ဒေသခံတွေ ရွေးချယ်တာနဲ့ မူရင်းမဲဆန္ဒနယ်မှ အဝေးရောက်မဲဆန္ဒရှင်များ ရွေးချယ်တာမတူကွဲပြားရင် ဒေသခံတွေမှာ နစ်နာဆုံးရှုံးမှုဖြစ်နိုင်တယ်။ ဒါကြောင့်မို့ အကောင်းဆုံးကတော့ ကိုယ့်ရဲ့ဒေသမှာမဲပေးတာ ကောင်းတယ်။ ပြန်ပြီး မဲပေးနိုင်လည်းပေးပါ။

ဒါမှမဟုတ် အခက်အခဲရှိရင် ကြိုတင်မဲပေးပါ။ ဒါက အကောင်းဆုံးပဲ။ အဝေးကရောက်လာတဲ့သူတွေရဲ့ မဲပေးပိုင်ခွင့်က လုံးဝမဖြစ်သင့်တဲ့ကိစ္စ။ ဒါကတော့ ဒေသခံတွေရဲ့ အခွင့်အရေးကို ဆုံးရှုံးစေတယ်။ ထိခိုက်နစ်နာမှုရှိတယ်။ ဒါကြောင့် ရက်ပေါင်း ၉၀ ပဲပြောပြော၊ ရက်ပေါင်း ၁၈၀ ပဲပြောပြော လက်မခံနိုင်ပါဘူး။ ကိုယ့်ရဲ့ အိမ်ထောင်စုရှိတဲ့နေရာမှာ မဲထည့်ဖို့ပဲ ထောက်ခံနိုင်တယ်။

နိုင်လယိတမ (မွန်ညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁)

အဲဒါကို ကန့်ကွက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့တုန်းကလည်း အဲဒီကိစ္စကိုတင်ပြခဲ့တယ်။ ရွှေ့ပြောင်းလုပ်သားတွေဟာ သူတို့ရောက်ရှိနေတဲ့နေရာမှာ ခြောက်လပြည့်လို့ သူတို့ရောက်ရှိနေတဲ့ နေရာက လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်တာဟာ မဲပေးလိုက်တဲ့ ရွှေ့ပြောင်းလုပ်သားအတွက်လည်း ဒီမိုကရေစီအနှစ်သာရ မပေါ်လွင်ဘူး။ နောက်တစ်ခါ အဲဒီမဲစာရင်းတွေကြောင့် ရလဒ်တွေက ကွဲပြားမှုဖြစ်သွား နိုင်တယ်။ ကွဲပြားမှုဖြစ်သွားမယ်ဆိုရင် ရွေးချယ်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကလည်း ကိုယ်စားပြုမှုမှာ သိပ်တော့အားမကောင်းဘူးပေါ့။ ကျွန်တော်တို့ဖြစ်ချင်တာက ဒီရွှေ့ပြောင်းလုပ်သားတွေ ဘယ်နေရာမှာပဲ ရှိနေသည်ဖြစ်စေ သူတို့က ယာယီပဲ ဒီမှာအလုပ်လုပ်ကိုင်နေတာဖြစ်တဲ့အတွက် သူတို့ရောက်ရှိနေတဲ့နေရာကနေ သူတို့ မူလဒေသမှာအရွေးခံတဲ့ ကိုယ်စားလှယ်တွေကို ကြိုတင်မဲစနစ်နဲ့ မဲပေးနိုင်အောင် အစိုးရက စီစဉ်ပေးတယ်။ ရွေးကောက်ပွဲကော်မရှင်က စီစဉ်ပေးသင့်တယ်။ ပြည်ပရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုတောင်မှ ကြိုတင်မဲပေးဖို့ စီစဉ်နိုင်သေးတာပဲ။ ဆိုတော့ ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေကိုလည်း မူလဒေသမှာ အရွေးခံတဲ့ ကိုယ်စားလှယ်တွေကို ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်သင့်တယ် ရောက်နေတဲ့ဒေသက အရွေးခံတဲ့ ကိုယ်စားလှယ်ကို မဲပေးတာက ဒီမိုကရေစီအနှစ်သာရလည်း မပေါ်လွင်ဘူး။ ကိုယ်စားပြုမှုမှာလည်း အရွေးခံရတဲ့ ကိုယ်စားလှယ်အတွက်က ခိုင်မာမှုမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ ဖြစ်ချင်တာက ဒီမှာမဲပေးခွင့်မပေးဘဲနဲ့ သူတို့ဒေသမှာ အရွေးခံတဲ့ ကိုယ်စားလှယ်လောင်းကို ကြိုတင်မဲပေးနိုင်အောင် စီစဉ်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့တာရှိတယ်။ အခုက မပြင်တဲ့အပြင်ကို ခြောက်လကနေ သုံးလတောင် လျှော့လိုက်တယ်ဆိုတော့ ဒါက ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ ကျွန်တော်တို့မှာ စဉ်းစားစရာတွေ ဖြစ်လာတော့တာပေါ့။ သဘောမတူတဲ့အပြင် အဲဒီအချက်ကိုပါ ပယ်ဖျက်ချင်တယ်ပေါ့နော်။ ဒီဥပဒေ မထွက်ခင်တည်းက ကော်မရှင်ကို ဆွေးနွေးတင်ပြခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ်က တစ်ယောက်ပဲရှိတယ်။ ဟိုမှာက အများစုရှိနေတော့ ကျွန်တော်တို့ဆွေးနွေးတာ သိပ်သက်ရောက်မှုမရှိခဲ့ဘူး။

ဦးငွေလင်း (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်)

အဲဒါတော့ ကျွန်တော်မြင်တာ ကောင်းတယ်လို့ယူဆတယ်။ အထူးသဖြင့် အဲဒါက ရွှေ့ပြောင်းအလုပ်သမားတွေ ကိစ္စပေါ့။ အဲဒါကလေ။ ရွှေ့ပြောင်းအလုပ်သမားတွေက မဲပေးခွင့်မရသလောက်ဖြစ်တယ်။ သူတို့က ဒီမှာလည်း မဲမပေးဖြစ်။ ကိုယ့်ဒေသကိုလည်း ခရီးစရိတ်ကုန်မှာစိုးလို့ ပြန်မပေးဖြစ်။ အဲဒီလိုနဲ့ မဲပေးခွင့်တွေ ဆုံးရှုံးတာပေါ့။ အဲဒီတော့ အခုအတိုင်း သုံးလလောက်ဆိုတာတော့ စက်ရုံအရွှေ့အပြောင်းပဲဖြစ်ဖြစ်၊ စက်မှုဇုန် အရွှေ့အပြောင်းပဲဖြစ်ဖြစ် ဒီရွှေ့ပြောင်းအလုပ်သမားတွေအတွက် အများကြီး ပိုကောင်းသွားတယ်လို့ ယူဆပါတယ်။

တချို့စိုးရိမ်စိတ်က မဲဆန္ဒနယ်မြေမှာ လူအားကိုးနဲ့ သုံးလဆိုတော့ လှိမ့်သွင်းချိန် ပိုပြီးလွယ်တာပေါ့။ အဲဒီလိုယူဆရင်လည်း ဒါလည်းမမှားတဲ့ အယူအဆပါပဲ။

ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလိုဖြစ်နိုင်ခြေနည်းတယ်လို့ထင် ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေကို ဘယ်ပါတီပဲဖြစ်ဖြစ် အဲဒီလိုလှိမ့်ပြီးသွင်းလိုက်ရုံနဲ့ ရွေးကောက်ပွဲကို မဲအပြတ်အသတ် နိုင်သွားဖို့ဆိုတာ ခဲယဉ်းပါတယ်။ မလွယ်လှပါဘူး။ ညစ်ပတ်တဲ့သဘောနဲ့ ကြိုးစားရင်လည်း သိပ်လွယ်လွယ်ကူကူနဲ့ ရသွားတယ်လို့ ကျွန်တော် မယူဆပါဘူး။

ဦးသိန်းထွန်းဦး (ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ)

ရက်ပေါင်း ၁၈၀ တောင် စိစစ်ရခက်တာ။ ရက်ပေါင်း ၉၀ ဆိုရင် ပိုပြီးတော့ အငြင်းပွားမှုတွေ ဖြစ်နိုင်မလား ဒီလိုလည်းတွက်ဖို့လိုတာပေါ့။

ဦးစိုင်းထွန်းအေး (မိုင်းရှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်)

အခုတစ်ခေါက် နည်းဥပဒေမှာက တစ်ဝက် ဒီလိုရက်ကို လျှော့ချတဲ့အခါမှာ ကျွန်တော်တို့ ပြည်နယ်မှာရှိတဲ့ မဲဆန္ဒရှင်နည်းတဲ့ မဲဆန္ဒနယ်မြေတွေအတွက်တော့ စိုးရိမ်မှုရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဒေသတွေမှာ မဲကွာဟချက်က လေး၊ ငါးရာ၊ တစ်ထောင်အဲဒီလောက်ပဲရှိတယ်။ အဲဒီလောက်ပဲ ရှိတဲ့အခါကျရင် ဒီရဲ့သတ်မှတ်ချက်က ရက်တိုတောင်းတဲ့အတွက် ဥပမာ စိုက်ပျိုးရေးကုမ္ပဏီတွေရှိတဲ့ ဧရိယာတွေ၊ သတ္တုကုမ္ပဏီတွေရှိတဲ့ ဧရိယာတွေ၊ နောက်တစ်ခါဆောက်လုပ်ရေးလုပ်ငန်းတွေရှိတဲ့ မဲဆန္ဒနယ်တွေမှာ တစ်ဖက်က လုပ်ငန်းရှင်တွေက အလုပ်သမားတွေ အများကြီးခေါ်လာပြီးမှ မဲပေးခိုင်းလိုက်ရင် ဒေသခံတိုင်းရင်းသားပါတီတွေအတွက် အများကြီးနစ်နာနိုင်တယ်ပေါ့။

ရွေးကောက်ပွဲကော်မရှင်က ပေးပို့လာတာဖြစ်တယ်။ ရွေးကောက်ပွဲကော်မရှင်က အစိုးရက ခန့်ထားတာဖြစ်တဲဲ့အတွက် အာဏာရပါတီက တစ်ပန်းသာတာပေါ့။ သူတို့ရဲ့ဖြစ်ချင်တာကို အကောင်အထည်ဖော်တဲ့ဟာ ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့ လွှတ်တော်ထဲမှာကျ ကျွန်တော်တို့ ကိုယ်စားလှယ်တွေက ကန့်ကွက်လို့လည်း အောင်မြင်နိုင်မှာမဟုတ်ဘူး။ လူအင်အား လေး၊ ငါးရာလောက်ဝင်ပြီး မဲပေးသွားရင် အဲဒီမှာရှိတဲ့ ကိုယ်စားလှယ်လောင်းကို ထိခိုက်နိုင်တယ်။ သူ့ရဲ့မဲအရေအတွက် လျော့ကျနိုင်တယ်။

ငွေကြေးတတ်နိုင်တဲ့ ပြိုင်ဘက်တစ်ယောက်က အဲဒီလိုမျိုး ဆောင် ရွက်လာရင် သူ့အတွက် နစ်နာစရာရှိတယ်။ ကန့်ကွက်ဖို့ အခွင့်အရေးတော့ ရှိတယ်။ ဒီဥပဒေတွေကို ရက် ၉၀ အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်လို့ရတယ်။

ဒါပေမဲ့ ဒါဟာ အာဏာရပါတီက လိုချင်တဲ့အချက်တွေဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ကန့်ကွက်ရင်လည်း သူတို့ ဆန္ဒမဲအများနဲ့ပယ်လိုက်ရင် ဘာမှထိရောက်မှုရှိမှာမဟုတ်ဘူး။

 

Most Read

Most Recent