KIO အနေဖြင့် Bilateral လက််မှတ်ရေးထိုးရာတွင် တစ်ဖွဲ့တည်း သီးခြားရေးထိုးမည်မဟုတ်ဘဲ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့စလုံး တစ်နေ့တည်း၊ တစ်နေရာတည်း၌ အတူတကွလက်မှတ်ရေးထိုးမည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ပြောကြား

KIO အနေဖြင့် Bilateral လက််မှတ်ရေးထိုးရာတွင် တစ်ဖွဲ့တည်း သီးခြားရေးထိုးမည်မဟုတ်ဘဲ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့စလုံး တစ်နေ့တည်း၊ တစ်နေရာတည်း၌ အတူတကွလက်မှတ်ရေးထိုးမည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်က အစိုးရနှင့် KIO အဖွဲ့အပါအဝင် မြောက်ပိုင်းလေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်က အစိုးရနှင့် KIO အဖွဲ့အပါအဝင် မြောက်ပိုင်းလေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
Published 10 November 2019
မင်းနိုင်စိုး

ကချင်လက်နက်ကိုင် ((KIO/KIA)) အနေဖြင့် အပစ်အခတ်ရပ်စဲရေးစာချုပ် Bilateral လက်မှတ်ရေးထိုးရာတွင် တစ်ဖွဲ့တည်း သီးခြားလက်မှတ်ရေးထိုးမည်မဟုတ်ဘဲ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့လုံး တစ်နေ့တည်း တစ်နေရာတည်းတွင် အတူတကွ လက်မှတ်ရေးထိုးသွားမည်ဟု (KIO/KIA) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်များက (KIO/KIA) သည် Bilateral လက်မှတ်ရေးထိုးတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ထိုသို့ထွက်ပေါ်ခဲ့သော သတင်းများနှင့်ပတ်သက်၍ (KIO/KIA) အဖွဲ့၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အထက်ပါအတိုင်း အတည်ပြုပြောကြားခဲ့့ခြင်းဖြစ်သည်။

(KIO/KIA) အဖွဲ့အနေဖြင့် အပစ်အ ခတ်ရပ်စဲရေးစာချုပ် BILATERAL တွင် လက်မှတ်ရေးထိုးရန် မူဝါဒရှိသည်မှာ မှန်ကန်သော်လည်း မည်သည့်အချိန်၊ မည်သည့်နေရာတွင် ထိုးမည်ဆိုသည်ကိုမူ လက်ရှိအ ချိန်တွင် တိတိကျကျဆုံးဖြတ်ထားမှု မရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

“အဲဒါက ကျွန်တော်တို့ တစ်ဖွဲ့ချင်းနဲ့ BILATERAL ထိုးဖို့ဆိုတာ အဲဒါမမှန်ဘူး။ ဒါပေမဲ့ ဘယ်ကတက်တာလဲဆိုတော့ KNG သတင်းဌာနကတက်တဲ့ သတင်းပဲဖြစ်ပါတယ်။ အဲဒါလည်း မှန်ကန်မှုမရှိဘူး။ ကျွန်တော်တို့ ထိုးဖို့ဆိုတာကတော့ မူဝါဒရှိပါတယ်။ ဒါကတော့ ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမဲ့ ဘယ်တော့ထိုးမယ်၊ ဘယ်နေရာမှာ ထိုးမယ်ဆိုတာကို အခုလောလောဆယ် ဘာမှ တိကျတဲ့ဆုံးဖြတ်ချက်တွေ မချသေးဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ KIO တစ်ဖွဲ့တည်း ထိုးမယ်ဆိုတာကလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ထိုးရင်တော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့အားလုံး လေးဖွဲ့စလုံးပေါ့။ တစ်ရက်တည်း တစ်နေ့တည်း တစ်နေရာတည်းမှာ ထိုးမှာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြား သည်။

ထာဝရငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် တပ်မတော်က အပစ်အခတ်ရပ်စဲပေးခဲ့သည့် ကိုးလတာကာလအတွင်း တပ်မတော်နှင့် KIO အကြား တိုက်ပွဲများ မရှိသလောက်နီးပါးဖြစ်ခဲ့သည့်အတွက် (KIO/KIA) သည် အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် တစ်ဖွဲ့တည်းသီးခြားအပစ် ရပ်လက်မှတ်ထိုးတော့မည်ဟု ခန့်မှန်းပြောဆိုမှုများ ရှိခဲ့သော်လည်း ယခုအခါ ဗိုလ်မှူးကြီးနော်ဘူက မြောက်ပိုင်းလေးဖွဲ့လုံး အတူလက်မှတ်ရေးထိုးမည်ဟု အတည်ပြုပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက (KIO/KIA) ထိန်းချုပ်ဌာနဖြစ်သော လိုင်ဇာရှိ စခန်းကုန်းတစ်ခုကို တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အဆိုပါသတင်းမှာ မှန်ကန်ခြင်းမရှိဘဲ သတင်းအမှားသာဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

“အဲဒီသတင်းကတော့ မှန်ကန်မှု လုံးဝမရှိပါဘူး။ ကျွန်တော်တို့ဆီမှာ လက်နက်ကြီးလည်း လုံးဝမကျဘူး။ လက်နက်ငယ်လည်း မရှိဘူး။ တိုက်ပွဲလည်းမရှိဘူး။ ကြားက လော်ဘီသမားတွေ ရေးတဲ့သတင်းပါ။ ဘာမှမှန် ကန်မှုမရှိဘူး။ လုံးဝမဟုတ်ပါဘူး။ ကျွန်တော် အာမခံပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့(KIO) ၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA) နှင့် ရခိုင်အဖွဲ့(AA) တို့သည် Bilateral လက်မှတ်ရေးထိုးရန်အတွက် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေပြီး လက်ရှိတွင် နောက်တစ်ကြိမ်ထပ်မံ တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိနှိုင်းမှုများပြုလုပ်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။                                    

 

 

 

Most Read

Most Recent