မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းဂိုးသမား အီဒါဆန်သည် လီဗာပူးလ်အသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းဂိုးသမား အီဒါဆန်သည် လီဗာပူးလ်အသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အီဒါဆန်သည် နိုဝင်ဘာ (၆)ရက်က ကစားခဲ့သည့် အတ္တလန်တာအသင်းနှင့် (၁-၁)ဂိုးဖြင့် သရေကျခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်၌ ကြွက်သားဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် (၄၆)မိနစ်တွင် အခြားဂိုးသမားတစ်ဦးဖြစ်သူ ဘရာဗိုနှင့် လူစားလဲခဲ့ရသည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် အန်ဒါဆန်မှာ လီဗာပူးလ်နှင့်ပွဲတွင် ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်းနှင့် ၎င်းနေရာတွင် ဘရာဗို ဝင်ရောက်ကစားမည်ဖြစ်ကြောင်း နိုဝင်ဘာ (၈)ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဂွါဒီယိုလာက "အီဒါဆန်အနေနဲ့ လောလောဆယ်မှာ ဘောလုံးကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ပြီးတော့ သူ့အနေနဲ့ ဘယ်လောက်အထိ အနားယူရမယ်ဆိုတာကိုလည်း ကျွန်တော် မသိပါဘူး။ တနင်္ဂနွေနေ့မှာ ကစားမယ့် လီဗာပူးလ်နဲ့ပွဲမှာ အီဒါဆန် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ နောက်ထပ် ထိပ်တန်းဂိုးသမားတစ်ဦး ရှိပါတယ်။ ဘရာဗိုကလည်း အီဒါဆန်လို အကောင်းဆုံးစွမ်းဆောင်နိုင်သူပါ။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ လိဂ်ဖလားရခဲ့တာ ဘရာဗိုကြောင့်ပါ"ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီးတွင် ရမှတ် (၂၅)မှတ်ဖြင့် အဆင့် (၂)နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ် (၃၁ မှတ်)နှင့် (၆)မှတ်အထိ ကွာဟလျက်ရှိသည်။
လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့သည် နိုဝင်ဘာ (၁၀)ရက် (တနင်္ဂနွေနေ့)တွင် အန်ဖီးလ်ကွင်း၌ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)အဖြစ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။