ဥရောပဘောလုံး သတင်းတိုများ

ဥရောပဘောလုံး သတင်းတိုများ
Photo : Getty Images
Photo : Getty Images
Published 8 November 2019

■ မီလန်မြို့ခံကလပ်အသင်းနှစ်သင်းဖြစ်သည့် အင်တာမီလန်အသင်းနှင့် အေစီမီလန်အသင်းတို့သည် လက်ရှိအတူပူးတွဲကစားနေသည့် ဆန်စီရိုကွင်းနှင့် (၉)မိုင်အကွာတွင် နှစ်သင်းပူးတွဲပိုင် ကွင်းသစ်ကြီးတစ်ကွင်းကို ပေါင်သန်း (၆၃၀)ကျော် အကုန်အကျခံတည်ဆောက်ရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီး ၂၀၂၂-၂၃ ရာသီတွင် စတင်အသုံးပြုရန်အတွက် ရည်ရွယ်ထားကြောင်း သိရှိရသည်။           

■ ချယ်လ်ဆီးအသင်းသည် ၎င်းတို့အသင်း၏ ၀ါရင့်တိုက်စစ်ကစားသမားနှစ်ဦးဖြစ်သည့် ပြင်သစ်လက်ရွေးစင် ဂျရူးနှင့် စပိန်တောင်ပံကစားသမား ပတ်ဒရိုတို့အား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် စီစဉ်လျက်ရှိပြီး ဘယ်နောက်ခံလူတစ်ဦးဖြစ်သည့် မားကို့စ်အလွန်ဆိုလည်း ပါဝင်ဖွယ်ရှိနေကြောင်း သိရှိရသည်။       

■ ရက်ဒ်ဘူးလ်ဆာလ်ဇ်ဘာ့ဂ်အသင်းက ပေါင်(၈၆)သန်းစျေးနှုန်းသတ်မှတ်ထားသည့် နော်ဝေလူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်း၏ ဖခင်ဖြစ်သူ မန်စီးတီးနှင့် လိဒ်စ်အသင်းကစားသမားဟောင်း ဟာလန်းက သူ၏သားဖြစ်သူသည် ပရီးမီးယားလိဂ်အသင်းများထံ ပြောင်းရွှေ့ကစားရန် ရည်ရွယ်ထားသည်ဟု ဝန်ခံပြောကြားခဲ့သည်။  

■ ဆဲလ်တစ်အသင်း၏ ဘဏ္ဍာရေးနှစ်ချုပ်အစီရင်ခံစာတွင် လက်စတာအသင်းက ထုတ်ဖော်ကြေညာခြင်းမရှိခဲ့သည့် အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ၏ ပြောင်းရွှေ့ကြေးငွေကိစ္စပါဝင်လာခဲ့ပြီး လက်စတာအသင်းသည် ရော်ဂျာကို ခေါ်ယူရန်အတွက် ဆဲလ်တစ်အသင်းထံ လျော်ကြေးပေါင် (၉)သန်းပေးခဲ့ရသည်ဟု သိရှိရသည်။ 

■ ချယ်လ်ဆီးအသင်း၏ အင်္ဂလန်ကွင်းလယ်လူ မေဆန်မောင့်က မိမိအနေဖြင့် အသင်းကြီးများက ခေါ်ယူလိုသည်ဆိုသည့်သတင်းများအပေါ် စိတ်ဝင်စားမှုမရှိကြောင်းနှင့် ချယ်လ်ဆီးအသင်းအတွက်သာ အာရုံစိုက်ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

■ လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာသည် လာမည့်ဇန်နဝါရီလတွင် အသင်းကို အားဖြည့်ရန်အတွက် စပိန်ကလပ် ရီးယဲလ်ဆိုစီဒက်အသင်း၏ နောက်ခံလူ ဒီယေဂိုလော်ရန်တေး (၂၆ နှစ်)အား ပစ်မှတ်ထားနေပြီး ၎င်းကို ဝက်စ်ဟမ်း၊ စပါးအစရှိသောအသင်းများကလည်း စောင့်ကြည့်နေကြောင်း သိရသည်။

■ အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ၀ိန်းရွန်နီသည် သူ ကစားသမား/နည်းပြအဖြစ် တာဝန်ယူမည့် ဒါဘီအသင်းသို့ သတ်မှတ်ကာလထက် (၂)လစော၍ ရောက်ရှိလာပြီး ပြီးခဲ့သည့်အင်္ဂါနေ့မှ စတင်၍ အသင်းနှင့်အတူ လေ့ကျင့်ခန်း စဆင်းနေပြီဖြစ်ကြောင်း သိရှိရသည်။