ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေနဲ့အတူ အနုပညာရှင်တွေအချင်းချင်းကပါ ချီးကျူးရတဲ့ သရုပ်ဆောင်တစ်ဦးကတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ပါ။ ဇာတ်ကားရိုက်ကူးမှုတွေကိုစိစစ်ပြီး လုပ်ဆောင်ခဲ့သလို တစ်ကားဆိုတစ်ကားမှာ လည်း ပြောစမတ်ဖြစ်အောင်သရုပ်ဆောင်နိုင်သူ အိန္ဒြာကျော်ဇင်အနေနဲ့ နိုဝင်ဘာ လ ၇ ရက်ကစပြီး ရုံတင်ပြသမယ့် ‘Box No. 88’ ဇာတ်ကားနဲ့ ‘ရိုးမပေါ်ကျတဲ့ မျက်ရည်’ ဇာတ်ကားနှစ်ကားမှာလည်း သူမရဲ့ ထူးခြားတဲ့သရုပ်ဆောင်မှုတွေကို ပရိသတ်တွေမြင်တွေ့ရမှာဖြစ်လို့ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့တွေ့ဆုံခိုက် သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် ...
မေး- Box No. 88 ဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်းလေးသိပါရစေ။
ဖြေ- ဒီဇာတ်ကားရဲ့ ဇာတ်လမ်းလေးကို ဒါရိုက်တာ ကိုဝင်းလွင်ထက်က အမကိုပြောပြပြီး ရိုက်ကူးဖို့ကမ်းလှမ်းခဲ့တည်းက ဇာတ်လမ်းလေးကို စိတ်ဝင်စားတယ်၊ ရိုက်သင့်တဲ့ဇာတ်လမ်းလို့လည်း ခံယူတယ်။ နောက်ပြီးတော့ ဒီဇာတ်ကားထဲမှာ ကိုယ်သရုပ်ဆောင်ရမယ့်ဇာတ်ကောင် ဝတီနွယ်ရဲ့ ဇာတ် ရုပ်ကလည်း ကိုယ်တစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ ဇာတ်ကောင် ကာရိုက်တာဖြစ်နေတဲ့အတွက် ရိုက်ကူးဖို့လက်ခံဖြစ်ခဲ့တာပါ။ တကယ်ရိုက်ကူးဖြစ်တာကတော့ ဇာတ်လမ်းပြောပြပြီး တစ်နှစ်ကျော် လောက်နေမှပဲ စပြီးရိုက်ကူးဖြစ်ခဲ့ ကြတာပါ။
မေး- Box No. 88 ဇာတ်ကားထဲက ဝတီနွယ် ဇာတ်ကောင်အတွက် ဘယ်လိုတွေကြိုးစားခဲ့ရလဲ။
ဖြေ- ဇာတ်ကားရိုက်ကူးချိန်မှာတော့ ဝတီနွယ်ဖြစ်အောင် ကိုယ့်ဘက်က အတတ်နိုင်ဆုံးစိတ်နှစ်ပြီး ကြိုးစားခဲ့ပါတယ်။ နောက်ပြီး ကိုယ်က သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးတဲ့အချိန် ကိုယ့်သာတစ်ကယ် ကြုံခဲ့ရင်ဆိုတဲ့ စိတ်မျိုးနဲ့ သရုပ်ဆောင်ခဲ့တယ်။ ကိုယ်တိုင်က သမီးစိတ်နဲ့ဖြစ်လိုက် အမေစိတ်နဲ့ဖြစ်လိုက် ဆိုတဲ့နေရာတွေမှာလည်း သရုပ်ဆောင်ပိုင်းမှာ အပြောင်းလဲလေးတွေမှာ မတူညီအောင် သေချာကြိုးစား ခဲ့ရတယ်။ သရုပ်ဆောင်ရတဲ့နေရာမှာတော့ သူ့နေရာနဲ့သူ အခက်အခဲတွေကတော့ ရှိတာပါပဲ။ အဲဒါကို ကိုယ့် ဘက်ကအကောင်းဖြစ်အောင် ကြိုးစားတယ်။ ဒီဇာတ် ကားထဲမှာ ဝတီနွယ် တကယ်ဖြစ် မဖြစ်ဆိုတာကတော့ ပရိ သတ်တွေကြည့်ပြီးတဲ့အခါ ဆုံးဖြတ်ပေးပါ။
မေး- Box No. 88ဇာတ်ကားထဲမှာ ဝတီနွယ်အဖြစ်ကနေ ကိုယ့်သမီးကလေးဖြစ်သွားတဲ့ သရုပ်ဆောင်မှုတွေအတွက် ဘယ်လိုကြိုးစားခဲ့ရလဲ။
ဖြေ- အဲဒီဇာတ်ဝင်ခန်းတွေမှာကတော့ အမေက သမီးဖြစ်သူကိုစိတ်စွဲလမ်းလွန်းပြီး သမီးရဲ့ ၀ိညာဉ်က အမေကို ဝင်ကပ်သလိုဖြစ်သွားတာပေါ့။ ကိုယ်တိုင်က သမီးလိုသရုပ်ဆောင်ရတဲ့အခါကျတော့ သမီးနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ကလေးရဲ့ ပြောဆိုတဲ့ အမူအယာတွေ၊ လေယူလေသိမ်းတွေကအစ တူ မှဖြစ်မှာလေ။ အဲဒီအတွက် ကလေးကို ဒီဇာတ်ဝင်ခန်းတွေနေရာမှာ အရင် သရုပ်ဆောင်ပြခိုင်းရတယ်။ ကိုယ်က သူ့ဆီနေမှာ ပြန်ပြီး သင်ယူ သူ့ပုံစံအ တိုင်းလေးဖြစ်အောင် ကြိုးစားရတာပေါ့။ ဒီလိုသရုပ်ဆောင်မှုမျိုးကလည်း အူဝဲ အတွက်ကတော့ ဒီဇာတ်ကားက ပထမဆုံးပါပဲ။
မေး- Box No. 88 ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင် ...
ဖြေ- ဒီဇာတ်ကားလေးက ကလေးရှိတဲ့ မိဘတိုင်းလာကြည့်သင့်တဲ့ ဇာတ်ကား လေးပါ။ ကိုယ့်ကလေးစောင့်ရှောက်တဲ့အခါမှာ ဘယ်လိုအရာတွေက စ သတိထားရမယ်ဆိုတာကိုလည်း ခံစားသိရှိစေမှာပါ။
မေး- ကိုယ့်ပါဝင်ထားတဲ့ဇာတ်ကားတွေကို ပြန်ကြည့်ရတဲ့အခါမှာရော ဘယ်လိုခံစားရလဲ။
ဖြေ- ကိုယ့်ဇာတ်ကားတွေကို ပြန်ကြည့်တဲ့အခါမှာ ပရိသတ်တစ်ယောက်အနေနဲ့ ဆိုတာမျိုးမကြည့်ဖြစ်ဘူး။ ကိုယ့်သရုပ်ဆောင်မှုတွေက အဆင်ပြေရဲ့လား ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ကယ်ဖြစ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်တွေ နဲ့ပဲ ကြည့်ဖြစ်တယ်။ တစ်ကယ်ပဲ ဇာတ်လမ်းထဲက ဇာတ်ဆောင်ဖြစ်မဖြစ်ဆို တာကတော့ ပရိသတ်တွေကပဲ ဆုံးဖြတ်ပေးရမှာပါ။
မေး- ရိုးမပေါ်ကျတဲ့မျက်ရည် ဇာတ်ကားရိုက်ကူးဖို့အတွက် အကြိမ်ကြိမ်ငြင်းခဲ့ပြီးမှ လက်ခံ ရိုက်ကူးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘာလို့ အဲဒီလိုငြင်းခဲ့တာလဲ သိပါရစေ။
ဖြေ- ‘ရိုးမပေါ်ကျတဲ့ မျက်ရည်’ ဇာတ်ကားအတွက် အစပိုင်းမှာ ဒီဇာတ်ကောင်အတိုင်းမလုပ်နိုင်မှာ စိုးတဲ့အတွက် ငြင်းခဲ့တာပါ။ ကိုတိုးကာရိုက်တာကို ကိုယ်ကပီပြင်အောင်လုပ်နိုင်ပါ့မလားဆိုတာကို တွေဝေနေတဲ့အတွက် ငြင်းခဲ့ပေမယ့် နောက်တော့ ငါရအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ လက်ခံရိုက်ကူး ဖြစ်ခဲ့တာပါ။
မေး- အူဝဲအတွက် ရှေ့မှာလည်း Tomboy ပုံစံတွေသရုပ်ဆောင်ဖူးပေမဲ့ ဒီဇာတ်ကားထဲက ကိုတိုးဇာတ်ကောင်ကရော ရှေ့ဇာတ်ကားတွေနဲ့ မတူတဲ့စိန်ခေါ်မှုတွေရှိခဲ့တာလား။
ဖြေ- အရင်တုန်းက သရုပ်ဆောင်ခဲ့တဲ့ Tomboy ပုံစံတွေကတော့ လူငယ် ဖြစ်မယ် ခေတ်ပုံစံလေးတွေဆိုတော့ သိပ်မခဲယဉ်းဘူးလေ။ ဒီဇာတ်ကားမှာတော့ အရင်ခေတ်ကပုံစံလည်းဖြစ်ရမယ် ကျောင်းဆရာလည်းဖြစ်ရမယ် သူ့ စရိုက်ကလည်း နည်းနည်းကြမ်းပြီး အပြင်မှာလည်း တကယ့်ကိုတိုးက ရှိနေ တော့ ကိုတိုးပုံစံက လုံးဝယောကျာ်းကြီးပုံစံဖြစ်တဲ့အခါ အစ်မအနေနဲ့ သူ့နေရာ မှာ သရုပ်ဆောင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်အများကြီး ပြောင်းလဲယူရတယ်။ မိတ်ကပ်ကစ အသားပေါ်တဲ့နေရာတိုင်းကို ညိုညစ်ညစ်ပုံစံဖြစ်အောင် မိတ် ကပ်အညိုတွေ လိမ်းရတယ်။ ကွမ်းတွေစားရတဲ့အခါမှာလည်း အမြဲစားနေတဲ့ သူရဲ့သွားမျိုးဖြစ်အောင် ကွမ်းကလည်း အစားကျင့်ပြီး တစ်ချိန်လုံးစားနေ ရတယ်။ ဆေးလိပ်ဆိုလည်းအဲဒီလိုပဲ နောက်ပြီး ယောက်ျားလျာတွေဝတ်တဲ့ စွတ် ကျယ်ကိုလည်း ကိုယ်ကအကျင့်ဖြစ်အောင်ဝတ်ကျင့်လုပ်ခဲ့ရတယ်။ ကိုယ့် ဘက်က အများကြီးတော့ လေ့ကျင့်ပြင်ဆင်ခဲ့ရတယ်။
မေး- အပြင်မှာတကယ်ရှိနေတဲ့ ကိုတိုးနဲ့က ရိုက်ကွင်းပေါ်မှာရော ဆုံဖြစ်လား။
ဖြေ- တကယ့်ကိုတိုးက ရိုက်ကွင်းကိုလာကြည့်တဲ့ သူနဲ့လည်း စကားတွေပြော ဖြစ်တယ်။ သူကလည်း ကိုယ့်ကို သူဘယ်လိုနေလဲပြောလဲ ဆိုတာကို ပြောပြ ပေးတယ်။ သူက ခင်ဖို့လည်းကောင်းတယ်။
မေး- ကိုယ့်ဘက်က အရမ်းကိုကြိုးစားထားတဲ့ ဇာတ်ကားနှစ်ကားတစ်ပြိုင်တည်းရုံတင်ရတဲ့ ခံစားချက်က ဘယ်လိုဖြစ်မလဲ။
ဖြေ- အဲဒီလို ဇာတ်ကားနှစ်ကားတိုက်သွားတဲ့အခါကျတော့ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေကတော့ ဟိုပြေးဒီပြေးတော့ ဖြစ်သွားမှာပေါ့။
မေး- ဒီနှစ်မှာ အူဝဲရဲ့ဇာတ်ကားကောင်းတွေအများကြီး ရုံတင်ခွင့်ရတာဆိုတော့ အကယ်ဒမီ အတွက်ရော ဘယ်လိုရင်ခုန်မိလဲ။
ဖြေ- အူဝဲအနေနဲ့ကတော့ ကိုယ်ရိုက်ကူးရတဲ့ဇာတ်ကားအပေါ်မှာ ဇာတ်လမ်း အပေါ် မှာ ကိုယ့်ရဲ့ ဇာတ်ကောင်အပေါ်မှာပဲ အကောင်းဆုံးကြိုးစားခဲ့တာပါ။ အကယ်ဒမီအတွက် ထည့်တွက်ခဲ့တာမျိုးမတော့ မရှိပါဘူး။
မေး- နောက်ထပ်ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ဇာတ်ကားတွေရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ- နိုဝင်ဘာလထဲမှာတော့ စတုတ္ထမြောက် သွေးကြောမျှင် ဆိုတဲ့ ဇာတ်ကားရိုက်ကူးသွားဖို့ရှိပါတယ်။