တပ်မတော်၏ တရားစွဲဆိုထားမှုများကို အမြန်ဆုံးရုပ်သိမ်းပေးပြီး အစိုးရအနေဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများအား ပြန်လွှတ်ပေးရန် Generation Wave ထုတ်ပြန်

တပ်မတော်၏ တရားစွဲဆိုထားမှုများကို အမြန်ဆုံးရုပ်သိမ်းပေးပြီး အစိုးရအနေဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများအား ပြန်လွှတ်ပေးရန် Generation Wave ထုတ်ပြန်
Published 3 November 2019
မျိုးထွန်း

တပ်မတော်၏တရားစွဲဆိုမှုများနှင့် ပြစ်ဒဏ်ချမှတ်မှုများကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် လက်ရှိတရားစွဲဆိုထားမှုများကို အမြန်ဆုံးရုပ်သိမ်းပေးပြီး အစိုးရအနေဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် Generation Wave (မျိုးဆက်လှိုင်း) အဖွဲ့က နိုဝင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ၂၀၁၉ ဧပြီလကတည်းက တပ်မတော်၏ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး တရားရင်ဆိုင်နေရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးကို အောက်တိုဘာ ၃၁ ရက်တွင် မရမ်းကုန်းမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ကြောင်း၊ ထို့ပြင်တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်၊ ကဗျာဆရာ စောဝေနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်တို့အား ၂၀၁၉ ခုနှစ် မေလအတွင်းက ကော့သောင်းမြို့နယ်တွင် ကျင်းပခဲ့သည့် ဟောပြောပွဲတစ်ခု၌ ဟောပြောချက်များကြောင့် တပ်မတော်က ကော့သောင်းမြို့နယ် တရားရုံးသို့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)ဖြင့် ဦးတိုက်လျှောက်ထားခဲ့ပြီး တရားရုံးက အမှုကိုလက်ခံခဲ့ကြောင်း၊ ဦးနေမျိုးဇင်သည် အလားတူအမှုများဖြင့် လက်ရှိအချိန်တွင် ထောင်ဒဏ်ကျခံနေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။  

အလားတူ မြဝတီမင်းကြီးဆရာတော်နှင့် အရှင်အရိယာဝံသဘိဝံသအား မီဒီယာအင်တာဗျူးတစ်ခု၌ တပ်မတော်ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ပြောဆိုသည်ဟုဆိုကာ မန္တလေးတိုင်းပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅၊ အသရေဖျက်မှုပုဒ်မ ၅၀၀ တို့ဖြင့် တရားစွဲဆိုရန် တပ်မတော်က ဦးတိုက်လျှောက်ထားခဲ့ပြီး အောက်တိုဘာ ၂၄ ရက်တွင် တရားရုံးကပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုရန် လက်ခံခဲ့ကြောင်း၊ ယင်းတရားစွဲဆိုမှုများအပြင် ၂၀၁၉ ခုနှစ် ဧပြီလအတွင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား လူမှုကွန်ရက်တွင် တပ်မတော်အပေါ် ကန့်ကွက်ဝေဖန်ရေးသားမှုများအတွက် ပုဒ်မ ၅၀၅ (က)ဖြင့် အင်းစိန်မြို့နယ် တရားရုံးတွင် တရားစွဲဆို ဖမ်းဆီးခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့နောက် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ဦးတည်၍ လျှောက်လှမ်းနေသောကာလဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း ဆောင်ရွက်နေချိန်ဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်များတွင် လွတ်လပ်စွာထုတ်ဖော်ခွင့်သည် အရေးကြီးဆုံးသော အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ၎င်းကို တပ်မတော်အပါအဝင် နိုင်ငံတော်၏မဏ္ဍိုင်များ၊ ယန္တရားများ၊ အဖွဲ့အစည်းများနှင့် ဥပဒေများမှ အလေးအနက်ထား၍ ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတွင်လည်း နိုင်ငံတော်၏ ယန္တရားများနှင့် ပြည်သူများအကြား ယုံကြည်မှုများ တည်ဆောက်ရန်မှာ အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးအချက်တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။             

 

 

Most Read

Most Recent