ထိုင်းနိုင်ငံ လန်ချဘန်ဆိပ်ကမ်းမှ သီလဝါဆိပ်ကမ်းအထိ ကွန်တိန်နာယာဉ်များ အပြန်အလှန် သွားလာနိုင်ရေး ဆောင်ရွက်နေသဖြင့် သီလဝါ အထူးစီးပွားရေးဇုန်၏ တိုးတက်မှု ပိုမိုမြန်ဆန်လာမည်ဟုဆို

ထိုင်းနိုင်ငံ လန်ချဘန်ဆိပ်ကမ်းမှ သီလဝါဆိပ်ကမ်းအထိ ကွန်တိန်နာယာဉ်များ အပြန်အလှန် သွားလာနိုင်ရေး ဆောင်ရွက်နေသဖြင့် သီလဝါ အထူးစီးပွားရေးဇုန်၏ တိုးတက်မှု ပိုမိုမြန်ဆန်လာမည်ဟုဆို
Published 2 November 2019
နီလာ

ထိုင်းနိုင်ငံ လန်ချဘန်ဆိပ်ကမ်းမှ သီလ၀ါဆိပ်ကမ်းအထိ ကွန်တိန်နာယာဉ်များ အပြန်အလှန် သွားလာနိုင်ရေး ဆောင်ရွက်နေသဖြင့် သီလဝါ အထူးစီးပွားရေးဇုန်၏ တိုးတက်မှု ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“သီလဝါ အထူးစီးပွားရေးဇုန်ကတော့ အတိုးတက်ဆုံးပေါ့။ သီလဝါက နိုင်ငံနှစ်ခုက အစိုးရနှစ်ခုက ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ မြန်မာရယ်၊ ဂျပန်ရယ်၊ ဒီအစိုးရနှစ်ခုက ဘာကို Provide လုပ်လဲဆိုတော့ လိုအပ်တဲ့ အခြေခံ အဆောက်အအုံပိုင်းကို လုပ်တယ်။ ရေ၊ မီး၊ ဆိပ်ကမ်းတွေ လုပ်ပေးတယ်။ လုပ်ပေးတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အခြေခံ လိုအပ်ချက်ကလည်း ဒါတွေပဲဖြစ်နေတယ်။ ဒါတွေပြည့်စုံတာနဲ့အမျှ ရင်းနှီးမြှုပ်နှံသူတွေက ရောက်လာတာ တွေ့ရတယ်။ ဒါကြောင့်မို့ သီလဝါဟာဆိုရင် တိုးတက်လာတဲ့ အခြေအနေရှိတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

“၃၀ ရက်ကဆိုရင် ထိုင်းနိုင်ငံ လန်ချဘန်ဆိပ်ကမ်းကနေ သီလဝါဆိပ်ကမ်းအထိ ကွန်တိန်နာကားတွေ အပြန်အလှန်သွားဖို့ လုပ်နေတာ ရှိနေပါတယ်။ ဆိုတဲ့အခါ သီလဝါရဲ့ အနာဂတ်က ပိုပြီးကောင်းလာတဲ့ သဘောမှာ ရှိနေပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် အထူးစီးပွားရေးဇုန် ဥပဒေအရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) က ခွင့်ပြုခဲ့သည့်  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၌ ကုန်ထုတ်လုပ်မှုလုပ်ငန်း ရာခိုင်နှုန်း ၈၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး အရောင်းအဝယ်လုပ်ငန်း ကိုးရာခိုင် နှုန်းနီးပါးနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတွင် ငါးရာခိုင်နှုန်းခန့် ပါဝင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

“သီလဝါ အထူးစီးပွားရေးဇုန်မှာ ကုမ္ပဏီများက လုပ်ငန်းလည်ပတ်လျက်ရှိတဲ့ စက်ရုံအရေအတွက် များလာတာနဲ့အမျှ ရေနဲ့လျှပ်စစ်ဓာတ်အား အသုံးပြုနှုန်းကလည်း တိုးတက်လာမယ်လို့ မျှော်မှန်းထားပြီး အဲဒီလုပ်ငန်းတွေက ဝင်ငွေတိုးတက်လာမယ်လို့ သုံးသပ်ပါတယ်” ဟု Myanmar Thilawa SEZ Holding & Public Co.,Ltd ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၆၂ ဒသမ ၂၈၀ သန်းဖြစ်ကြောင်း MIC မှ သိရသည်။

“အနာဂတ်ကာလမှာ စီးပွားရေးအရ ယှဉ်ပြိုင်မှုတွေ ပိုမိုပြင်းထန်လာနိုင်သော်လည်း သီလဝါ အထူးစီးပွားရေးဇုန်ဟာ မြန်မာ-ဂျပန် နှစ်ဖက်အစိုးရအဖွဲ့များက ဇုန်နဲ့ ဇုန်ပတ်ဝန်းကျင်မှာရှိတဲ့ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေး ဆောင်ရွက်နေတဲ့အတွက် သီလဝါ အထူးစီးပွားရေးဇုန်ဟာ ရင်းနှီးမြှုပ်နှံသူများ စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံး နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးဝင်းအောင်က ဆက်လက်ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန်ရှိ စက်ရုံများတွင် အမြဲတမ်းလုပ်သား ၉၀၀၀ ကျော်ရှိပြီး ဆောက်လုပ်ရေး လုပ်ငန်းများ၌ လုပ်ကိုင်သူများ အပါအဝင် စုစုပေါင်း ၂၀၀၀၀ ကျော် အလုပ်လုပ်ကိုင် လျက်ရှိသည်။ သီလဝါ အထူးစီးပွားရေးဇုန် Zone A ၄၀၅ ဟက်တာကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် စီးပွားဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းပေါင်း ၈၇ ခုကို ခွင့်ပြုမိန့်ထုတ်ပေးထားကာ Zone B ကို အဆင့်လိုက် ဆက်လက် အကောင်အထည် ဖော်လျက်ရှိရာ လုပ်ငန်းပေါင်း ၁၈ ခု ခွင့်ပြုမိန့် ထုတ်ပေးထားပြီးဖြစ်သည်။

သီလဝါ အထူးစီးပွားရေးဇုန် Zone B ၏ တည်ဆောက်မှု အကျယ်အဝန်းမှာ ၂၆၂ ဟက်တာဖြစ်ပြီး အားလုံးမှာ စက်ရုံဧရိယာဖြစ်၍ ဆောက်လုပ်ရေးကို အပိုင်းသုံးပိုင်း ခွဲခြားထားကြောင်း MTSH မှ သိရသည်။

အပိုင်း (၁) ၏ ဆောက်လုပ်ရေးကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ခဲ့သည်။ အပိုင်း (၂) ၏ ဆောက်လုပ်ရေးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့သည်။

Zone A နှင့် Zone B ၏ ဆောက်လုပ်ရေးကို အင်ဂျင်နီယာလုပ်ငန်းများကို Penta-Ocean Contruction Co,.Ltd၊ လျှပ်စစ်မီးလုပ်ငန်းကို Kinden Corporation၊ ရေနှင့် မိလ္လာရေသန့်စင်မှုများကို Kubota Corporation Optical Fiber ကို KDDI မှ တာဝန်ယူထားကြောင်း သိရသည်။

 

Most Read

Most Recent