အာဆီယံနှင့် ကမ္ဘာဘောလုံးအဖွဲ့ချုပ် (FIFA)အကြား Football For Schools အစီအစဉ်အကောင်ထည်ဖော်ရန် MOU ရေးထိုး

အာဆီယံနှင့် ကမ္ဘာဘောလုံးအဖွဲ့ချုပ် (FIFA)အကြား Football For Schools အစီအစဉ်အကောင်ထည်ဖော်ရန် MOU ရေးထိုး
ဓာတ်ပုံ - ကျော်ဇောလင်း၊ ကျော်ဇင်ဝင်း
ဓာတ်ပုံ - ကျော်ဇောလင်း၊ ကျော်ဇင်ဝင်း
Published 2 November 2019
■ သတင်း - ကျော်ဇောလင်း၊ ကျော်ဇင်ဝင်း

 

အာဆီယံနှင့် ကမ္ဘာဘောလုံးအဖွဲ့ချုပ်(FIFA)အကြား Football For Schools အစီအစဉ်အကောင်ထည်ဖော်ရန် နားလည်မှုစာချွန်(MOU)ကို နိုဝင်ဘာ ၂ ရက်က ရေးထိုးခဲ့သည်။

အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများပြုလုပ်နေသော IMPACT ARENA ရှိ IMPACT FORUM SAPPHIRE 202 ၌ နိုဝင်ဘာ ၂ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၀ မိနစ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံဒေသတွင်း ခေါင်းဆောင်များအားလုံး တက်ရောက််ခဲ့သည်။

အာဆီယံအတွင်းရေးမှူးချုပ် Dato 'Lim Jock Hoiနှင့် FIFA ဥက္ကဋ္ဌ Gianni Infantino တို့သည် အခမ်းအနားတွင် အမှာစကားအသီးသီးပြောကြားကြသည်။

"ဘောလုံးနှင့်အားကစားသည် လူတွေကို အတူတကွစုစည်းဖို့၊ လူအချင်းချင်းကြား ဆက်သွယ်မှုကိုမြှင့်တင်ဖို့နဲ့ ပိုမိုအားကောင်းစေဖို့ မဟာဗျူဟာမြောက် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အာဆီယံအသိုင်းအဝိုင်းတစ်ခုအနေနဲ့ ဒီ နားလည်မှုစာချွန်လွှာကို FIFA နဲ့ရေးထိုးပြီး မိတ်ဖက်ပူးပေါင်းအဖြစ် ကြေညာရတဲ့အတွက် ကျွန်တော်အနေနဲ့ဂုဏ်ယူပါတယ် "ဟု အာဆီယံအတွင်းရေးမှူးချုပ်၏ ပြောကြားမှုကို FIFA က အာဆီယံခေါင်းဆောင်များနှင့်မတွေ့မီ ကြိုတင်ထုတ်ပြန်ခဲ့သည်။

FIFA ဥက္ကဋ္ဌ Infantinoက “အာဆီယံနဲ့မဟာဗျူဟာမြောက် သဘောတူညီချက် လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့အတွက်ကျေနပ်ဝမ်းသာပါတယ်။ ကျွန်ုတော် ဥက္ကဋ္ဌ တာဝန်ယူစမှာပဲ အာဆီယံဒေသတွင်းကို အကြိမ်များစွာလည်ပတ်ခွင့်ရခဲ့ပြီးတော့ ဒေသတွင်းမှာ ဘောလုံးကို ကြိုက်နှစ်သက်ပြီး ဘောလုံးအားကစားပေါ် စိတ်အားထက်သန်မှု များတာတွေ့ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ အခုကျွန်တော်တို့စတင်နိုင်ပြီဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေ ဒေသတွင်းလူမှုဖွံ့ဖြိုးတိုးတက်ရေး၊ ဘောလုံးအားကစားကို အခြေတည်ပြီးပေါင်းစည်းညီညွတ်အတွက် လုပ်ဆောင်သွားပါမယ်” ဟု Infantino ကပြောကြားခဲ့သည်။

FIFA အနေဖြင့် ယခင်နှစ်များက G20၊ ဥရောပကောင်စီ၊ အာဖရိကသမဂ္ဂ၊ ပြင်သစ်ဖွံဖြိုးရေးအေဂျင်စီနှင့် ကုလသမဂ္ဂအေဂျင်စီများစသည့် အဓိကကျသော နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အာဆီယံနှင့်သဘောတူညီနိုင်ခဲ့အတွက် နိုင်ငံတကာမြင်ကွင်းတွင် အာဆီယံသည် ယုံကြည်စိတ်ချရသော FIFA ၏ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သက်သေပြနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်နှင့် FIFA ဥက္ကဋ္ဌတို့သည် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

FIFA ဥက္ကဋ္ဌသည် လက်မှတ်ရေးထိုးပွဲသို့တက်ရောက်လာသည့် အာဆီယံဒေသတွင်းခေါင်းဆောင်အားလုံးကို ၎င်းတို့၏ အမည်အတိုများရေးထိုးထားသည့် ဘောလုံးအကျီင်္တစ်ထည်စီအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ယင်းသို့ အာဆီယံနှင့် FIFA အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းနှင့် အာဆီယံသို့ FIFAဥက္ကဋ္ဌ လာရောက်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဖလားတွင် အာဆီယံဒေသတွင်းမှ နိုင်ငံများ၏ ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပလိုသည့် ကြိုးပမ်းဆောင်ရွက်မှုများမှာ အလားအလာကောင်းတစ်ရပ် ဖြစ်လာနိုင်ကြောင်းကိုလည်း သုံးသပ်မှုများရှိနေသည်။

MoU အရ အာဆီယံဒေသတွင်းရှိ လူငယ်များအနေဖြင့် ပညာရေးနှင့်အတူ ဘောလုံးအားကစားမှတစ်ဆင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်သည်ဟု ဖီဖာက ဆိုထားသည်။ဖီဖာ၏ Football For Schoolsအစီအစဉ်ကိုအကောင်အထည်ဖော်ခြင်းအားဖြင့်ကျောင်းသားလူငယ်များအကြား အားကစားစိိတ်ဓာတ်အမြစ်တွယ်စေ၍ ဘဝအတွက် ကောင်းမွန်သော အရာများကို ဘောလုံးအားကစားမှတစ်ဆင့် ဆောင်ကျဉ်းပေးရန် ရည်ရွယ်သည်ဟုလည်း ဖီဖာက ထုတ်ပြန်ထားသည်။

 

 

Most Read

Most Recent